နေပြည်တော် ဩဂုတ် ၁၉
၂၀၂၆ ခုနှစ် မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဖိုရမ်ကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ဘတ်ဂျက်သုံးအဆင့်မြင့် ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်၌ ကျင်းပသည်။
ဖိုရမ်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းတစ်ခုကို ဖော်ဆောင်ပေးသွား မည်ဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၏ အဓိကအကျဆုံး အားသာချက်သည် ပထဝီဝင်အနေအထားနှင့် မဟာဗျူဟာအရ အရေးပါသည့် အနေအထားဖြစ်ပါကြောင်း၊ ကပ္ပလီပင်လယ်ပြင်ကို တိုက်ရိုက်အသုံးပြုနိုင်မည်ဖြစ်သလို ကုန်စည်သင်္ဘောများ မလက္ကာရေလက်ကြားကိုထွက်ရန်မလိုဘဲ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည့်အတွက် သယ်ယူပို့ဆောင်ရေးကြာမြင့်ချိန်ကို ၄ ရက်မှ ၆ ရက်အထိ လျှော့ချသက်သာစေမည်ဖြစ်ကြောင်း။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် Southern Economic Corridor လမ်းမကြီး မှတစ်ဆင့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအထိ တိုက်ရိုက်ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင်ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို အသုံးပြုပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် ၂၄ နာရီအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ အဓိကကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များနှင့် ၄၅ ကီလိုမီတာသာ ကွာဝေးလျက်ရှိကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများကို ကာကွယ်ပေးရန်အတွက် ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများအပြင် SEZ ဥပဒေများနှင့် အကာအကွယ်ပေးထားကြောင်း ဆွေးနွေးသည်။
ထို့အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင်က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေး ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscongress Investment Fund ဒါရိုက်တာ Mr. Shatirov Sergey Vladimirovich က ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ဆွေးနွေးသည်။
အလားတူ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးအခွင့်အလမ်းများနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာ အလေးပေးဆောင်ရွက်မှုများခေါင်းစဉ်ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဆွေးနွေးသည်။
ထိုသို့ ဆွေးနွေးမှုများအပေါ် ဖိုရမ်တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment