Thursday, August 20, 2026

ကျိုက်လတ်မြို့နယ် ကျိုက်လတ်ကလေးကျေးရွာနှင့် ရွာသာကြီးကျေးရွာတို့၌ အစိုးရ-ပြည်သူ-ပုဂ္ဂလိက အချိုးကျထည့်ဝင်မှုဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် တိုးချဲ့ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၁၉

ကျိုက်လတ်မြို့နယ် ကျိုက်လတ်ကလေးကျေးရွာနှင့် ရွာသာကြီးကျေးရွာတို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်ထည့်ဝင်ငွေ ရာခိုင်နှုန်း ၆၀၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်း ၂၀ နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ ရာခိုင်နှုန်း၂၀ ဖြင့် အစိုးရ-ပြည်သူ-ပုဂ္ဂလိက အချိုးကျပူးပေါင်းထည့်ဝင်မှုဖြင့် ဆိုလာအသေးစားဓာတ်အား ပေးစနစ်(Solar Mini-Grid) တိုးချဲ့တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား အချိန်ပြည့်ရရှိရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော အခြေခံစက်ချုပ်သင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်းဆင်းပြီး လုပ်ငန်းပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားများ၏ စက်ချုပ်ဆိုင်နှင့် ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

အလားတူ မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာခန်းမဆောင်၌ အောင်နိုင်တိုး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ မရဲ့အုန်းပင်စု၊ ရေကျော်၊ သုံးအိမ်တန်း၊ မစိုးရိမ် ကျေးရွာတို့မှ ဧက ၅၀၀ စနစ်တကျစုပေါင်းစိုက်ပျိုးရေး ဆောင်ရွက်နေသည့် တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်း ကျောင်း(ပုသိမ်) သင်တန်းကျောင်းခန်းမ၌ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment