နေပြည်တော် ဩဂုတ် ၂၃
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကြီးကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် မျှတမှုရှိစေရေးနှင့် မျိုးဆက်သစ်များ အခွင့်အရေးရရှိစေရန်အတွက် အာရှအားကစား ပြိုင်ပွဲ (ASIAN Games) နှင့် ဆီးဂိမ်းပြိုင်ပွဲ (SEA Games) တို့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများကို ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဘဲ စည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီသူများ ပါဝင်ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
ယခုပြိုင်ပွဲတွင် အမျိုးသားနှင့်အမျိုးသမီး တံခွန်စိုက်ဆုများအပြင် နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများအတွက် ပထမဆုငွေကျပ် ငါးသိန်း၊ ဒုတိယ ဆု သုံးသိန်း၊ တတိယဆု နှစ်သိန်း ချီးမြှင့်မည်ဖြစ်ကာ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ခုနစ်သိန်းနှင့် တတိယဆု ငါးသိန်းအထိ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အမျိုးသား ၁၅ သင်းနှင့် အမျိုးသမီး ၁၃ သင်းတို့မှ နည်းပြနှင့်ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၃၃၂ ဦး ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပိုက်ကျော်ခြင်းအားကစားနည်း ပိုမိုပြန့်ပွားရေးနှင့် လက်ရွေးစင်မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ စနစ်တကျမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-TMK

No comments:
Post a Comment