Monday, August 31, 2026

ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ဆိုရင် …..

 သိန်းထွန်း (IR)

ပျော်ရွှင်တာနဲ့ စိတ်ဆင်းရဲတာ ဘယ်ဟာကို ယူမလဲဆိုရင် ဘယ်သူမဆို ပျော်ရွှင်မှုကိုပဲယူကြမှာပဲ။ ကိုယ့်ဘဝမှာ ကာယသုခ၊ စိတ္တသုခနဲ့ပြည့်စုံဖို့ ကြိုးစားအလုပ်လုပ်ကြတယ်၊ ငွေကြေး၊ ပစ္စည်း ဥစ္စာ၊ စည်းစိမ်၊ ရာထူး၊ အခြွေအရံတွေ ပြည့်စုံအောင် ရှာကြဖွေကြတယ်။ လိုချင်တာတွေ ပြည့်စုံလာပြန်တော့ တကယ့်စိတ်ချမ်းသာပျော်ရွှင်မှု ရကြရဲ့လား။ ရတဲ့သူလည်းရ၊ မရတဲ့သူ လည်း မရကြဘူး။

လူ့လောဘက ဒီတစ်ခုရှိတော့ နောက်တစ်ခုလိုချင်ကြတယ်။ ဘဝဆိုတာ ပြည့်စုံတယ်လို့မှ မရှိပဲကိုး။ ရပြီးသားအရာတွေ ပျောက်ပျက် ဆုံးရှုံးသွားမှာကို စိုးရိမ်ပူပန်ကြတယ်။ ငွေကြေးပစ္စည်းဥစ္စာ မပြည့်စုံသူတွေကြပြန်တော့ လောကဓံတွေကြောင့် ပျော်ရွှင်မှုဆိုတာ ဆေးခါးကြီးပေါ်မှာ ဖုံးထားတဲ့ သကြားအလွှာလေးလိုပဲ။ ခဏနဲ့ပျောက်ကွယ် သွားတတ်ကြတယ်။ ပျော်ရွှင်မှုဆိုတာက ချမ်းသာကြွယ်ဝမှု၊ ဆင်းရဲမှုနဲ့ တိုက်ရိုက်ဆိုင် သလားဆိုတော့ ကြွယ်ဝချမ်းသာပြီး မပျော်နိုင်တဲ့သူတွေ၊ ဆင်းရဲပေမယ့် ပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့သူတွေလည်းရှိကြပါတယ်။ ဒါကိုကြည့်ရင် ပျော်ရွှင်မှုဟာ ချမ်းသာမှု၊ ဆင်းရဲမှုနဲ့ သက်ဆိုင်သလို အခြားအကြောင်းရင်းတွေလည်း ရှိနေပါတယ်။

စိတ်ချမ်းသာပျော်ရွှင်မှု ဘယ်ကလာလဲဆိုတာကို စဉ်းစားမိတော့ ဓမ္မအမြင်နဲ့ လောကအမြင် ကွဲပြားတာတွေရှိပါတယ်။ ပစ္စုပ္ပန်ကာလ ပုထုဇဉ်လူသားတစ်ဦးအနေနဲ့ဆိုတော့လောက အမြင်နဲ့ပဲ ကြည့်မိတယ်။ လောကအမြင်ရှုထောင့်ကကြည့်ရင် ပျော်ရွှင်မှုဆိုတာဘယ်က လာသလဲ။ ခေတ်သစ်စိတ်ပညာနဲ့ ချမ်းသာသုခသုတေသနတွေအရဆိုရင် ပျော်ရွှင်မှုဆိုတာ “အခြားသူပေးမှရသောအရာ လို့ပြောလို့မရနိုင်သလို “ကိုယ့်အတွင်းစိတ်မှာပဲ ရှိတဲ့အရာ လို့လည်း ပြောလို့မရပါဘူး။ ပျော်ရွှင်မှုတွေရဖို့အတွက် ကိုယ့်အတွင်းစိတ်နဲ့ ပြင်ပလောက အကြား အပြန်အလှန်ဆက်သွယ်မှုကနေဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ပျော်ရွှင်မှုတစ်ခုရဖို့ ကိုယ်ကိုယ်တိုင်၊ အခြားသူတွေနဲ့ ကိုယ်နဲ့အခြားသူတွေရဲ့ဆက်နွှယ်မှုဆိုတဲ့ အကြောင်း တရား သုံးခု ပေါင်းစပ်ပါဝင်နေပါတယ်။

အချို့က ပျော်ရွှင်မှုရဖို့ အခြားသူတွေအပေါ်မှာ တည်မှီထားတတ် ကြတယ်။ ဥပမာသူက ငါ့ကိုချစ်မှ ငါပျော်မယ်၊ သူက ငါ့ကို အသိအမှတ်ပြုမှ ငါတန်ဖိုးရှိပြီး ပျော်မယ်၊ သူက ငါ့ကို ပစ်မထားခဲ့မှ ငါပျော်မယ် ဆိုတဲ့ခံစားချက်တွေဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အခြားသူတွေရဲ့ တုံ့ပြန် မှုအပေါ် တည်မှီထားကြပါတယ်။ အကြောင်းတစ်ခုကြောင့် သူကငါ့ကိုမချစ်တော့ဘူး လို့သိလိုက်တာနဲ့ ငါ့မှာပျော်ရွှင်တာတွေ ပျောက်သွားပါတယ်။ ဒါက ကိုယ့်ရဲ့ပျော်ရွှင်မှုကို အခြားသူထံ အလုံးစုံဝကွက်အပ်လိုက်ရသလိုပါပဲ။

အလားတူပဲ တစ်စုံတစ်ယောက်က ကိုယ့်ကိုချီးကျူးတဲ့အခါ ပျော်ရွှင်ပြီး မချီးကျူးတဲ့အခါ မပျော်ရွှင်နိုင်ဘဲ စိတ်ထဲတနုံ့နုံ့ခံစားနေ ရရင် မိမိကိုယ်ကိုတန်ဖိုးထားမှုဟာ အခြားသူတွေ အပေါ်မှာ မူတည်လာနေပြီဖြစ်ပါတယ်။ ဒီလိုပြောလို့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ရဖို့ အခြားသူတွေမလိုဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အခြားသူအပေါ် လုံးဝ ဝကွက်အပ်လိုက်ရင် ဖြစ်လာတဲ့အကျိုးဆက်ကို သတိပြုဖို့ပါပဲ။ အခြားသူတွေထံက ချစ်ခြင်း၊ လေးစားခြင်းနဲ့ ချီးကျူးအားပေးတာကို လက်ခံနိုင်ပေမယ့် ကိုယ့်ရဲ့ပျော်ရွှင်မှုတစ်ခုလုံးကို အခြားသူဆီကို အပ်လိုက်ရင်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ သူတစ်ပါးပေးမှရမယ့် အခြေအနေဖြစ်သွားမှာပါ။

ဒါဆိုရင် ကိုယ်ပျော်ရွှင်မှုရဖို့အတွက် အခြားသူထံက မျှော်လင့်နေ တာထက် ကိုယ်ကိုယ်တိုင် ဖန်တီးယူနိုင်မလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ အခြားသူတွေဆီက ချစ်ခြင်း၊ လေးစားခြင်း၊ ချီးကျူးခြင်း တွေမရလည်း ကိုယ့်ဘာသာပျော်အောင်နေလို့ ရနိုင်မလား။ ဒါကို Self-Determination Theory (SDT) က အခုလိုရှင်းပါတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးတိုးတက်ဖို့နဲ့ ချမ်းသာသုခရဖို့အတွက် အခြေခံအားဖြင့် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခြင်း၊ ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ ဆက်နွှယ်မှုတို့က အဓိကဖြစ်တယ်လို့ ပြောထားပါတယ်။

ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ခြင်းဟာ အထက်မှာပြောခဲ့သလိုပဲ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ခြင်းပါပဲ။ ဆိုပါတော့ လူတစ်ယောက်ဟာ “ငါ့ဘဝ ငါပိုင်တယ် လို့ ခံစားနိုင်လေလေ အခြား သူအပေါ်မှာ မှီခိုမှုကင်းလာပြီး ကိုယ့်ဘဝအပေါ် ပိုင်နိုင်မှုနဲ့ အဓိပ္ပာယ် ရှိမှုကို ပိုခံစားရ လေလေဖြစ်ပါတယ်။ အခြားသူအပေါ်မှီခိုနေရင်တော့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုထက် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေနိုင်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်ပိုင်တယ်လို့ လက်ခံထားတဲ့ သူဟာ အခြားသူတွေရဲ့ ချစ်ခြင်း/မုန်းခြင်း၊ လက်ခံခြင်း/လက်မခံခြင်း ဆိုတဲ့ အပေါ် လိုက်ပြီးခံစားမနေကြပါဘူး။ ကိုယ့်ဘဝ ကိုယ့်ပျော်ရွှင်မှုကို လွတ်လပ်စွာ ဖန်တီးတည် ဆောက်နိုင်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်က “ငါလုပ်နိုင် တယ် ဆိုတဲ့ ခံစားချက်ပါ။ ဥပမာ ဆိုပါစို့ လူတစ်ယောက်ဟာ လုပ်ငန်း ခွင်အတွင်းမှာ ကိုယ်ရဲ့အလုပ်တွေ တိုးတက်လာတယ်၊ အခက်အခဲတွေကို ဖြေရှင်းလာနိုင်တယ်၊ အဖွဲ့ကိုဦးဆောင်လာနိုင်တယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ စိတ်ကျေနပ်မှုရလာမှာဖြစ်ပါတယ်။ အဲဒီရလာတဲ့ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုဟာ အခြားသူတွေရဲ့ အားပေးမှု၊ ချီးကျူး မှုကြောင့် ရတာမဟုတ်ပါဘူး။ ကိုယ့်အရည် အချင်းကြောင့် ရလာတဲ့ ပျော်ရွှင်မှုဖြစ်ပါတယ်။

တတိယအချက်ဖြစ်တဲ့ ဆက်နွှယ်မှုကတော့ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်း ကျင်အကြား ဆက်ဆံရေး တွေပါ။ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရာမှာ ကိုယ့်အပေါ် လေးစားတန်ဖိုးထားတဲ့သူ တွေရှိသလို ကိုယ်က လည်း အခြားသူတွေအပေါ် လေးစားတန်ဖိုးထားတာတွေလည်း ပါဝင် ပါတယ်။ အဲဒီလိုဆက်ဆံရေးတွေကနေ ပျော်ရွှင်မှုတွေရအောင် ဖန်တီးယူနိုင်ပါတယ်။ ဒီလိုအပ်ချက်သုံးခုကိုကြည့်ရင် လူတစ်ယောက် ရဲ့ ပျော်ရွှင်မှုဟာ ကိုယ်ကိုယ်တိုင်၊ အခြားသူနဲ့ ကိုယ်နဲ့အခြားသူတွေ ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအပေါ် မူတည်နေတာတွေ့ရပါတယ်။

ဓမ္မအမြင်၊ လောကုတ္တရာအမြင်အရဆိုရင်တော့ လောကီပျော်ရွှင် မှုတွေဟာ ခဏတာပျော်ရွှင် မှုသာဖြစ်ပြီး ထာဝရပျော်ရွှင်မှုအစစ်ရဖို့အတွက်ဆိုရင် မိမိကိုယ်တိုင်သာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ “ကာမဂုဏ်အာရုံငါးပါးဖြစ်တဲ့ ရူပါရုံ (အဆင်း)၊ သဒ္ဒါရုံ (အသံ)၊ ဂန္ဓာရုံ (အနံ့)၊ ရသာရုံ (အရသာ) နှင့် ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ) တို့ကို အစွဲပြု ပြီး အကြင်ချမ်းသာခြင်း ‘သုခ၊ ဝမ်းမြောက်ခြင်း ‘သောမနဿ သည် ရှိ၏၊ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာကို ‘ကာမသုခ ဟူ၍ဆိုရ၏ ဟုလို့ ဗဟုဝေဒနီယသုတ်မှာ မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်။ ကာမသုခ ဟာ ခဏတာပျော်ရွှင်မှုကိုသာ ပေးနိုင်ပါတယ်။ သို့သော်လည်း လောကီလူသားတို့ဟာ လူ့သဘာဝအရ ထာဝရပျော်ရွှင်မှု၊ စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့ဆိုတာထက် တစ်ခဏပျော်ရွှင်မှု ပေးနိုင်တဲ့ ကာမသုခကို မက်မောတွယ်တာပြီး တစိုက်မတ်မတ်ရှာဖွေနေတတ် ကြပါတယ်။

ခဏတာပျော်ရွှင်မှုထက် စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့အတွက် သောက ကင်းအောင်လုပ်ရမယ်၊ သောကဖြစ်စေတဲ့ တွယ်တာမှုတဏှာတွေ လျှော့ချရမယ်လို့ ပါမောက္ခချုပ် ဆရာတော်ကြီးက “မသေဆုံးခင်မှာ ပျော်ရွှင်အောင်နေထိုင်ပါ တရားတော်နဲ့ “ပျော်ရွှင်မှုရသူနှင့် မရသူ အကြောင်း တရားတော်မှာ ဟောကြားထားပါတယ်။ တွယ်တာမှု တဏှာလျှော့ချဖို့ဆိုရင် မဂ္ဂင်ရှစ်ပါး ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်သုံးရမှာဖြစ်ကြောင်း ဟောပါတယ်။ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ အဆင့်အမြင့်ဆုံးသော စစ်မှန် တဲ့ပျော်ရွှင်မှုရမှာ ဖြစ်တယ်လို့ ဟောတော်မူပါတယ်။

ဒါပေမဲ့ သာမန်ပုထုဇဉ်လူသားတွေကတော့ လောကစည်းစိမ်၊ ဘဝတဏှာသာယာမှုနဲ့ လောကဓံ တွေကြားမှာ ပျော်ရွှင်မှုကိုရှာကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်တာတွေ လုပ်ကိုင်ကြရင်း၊ နေထိုင်ကြရင်း လောကီပျော်ရွှင်မှုရဖို့ ကြိုးစားကြပါတယ်။ ပျော်ရွှင်မှုတွေရရှိဖို့ ကြိုးပမ်းကြရာမှာ ပျော်ရွှင်မှုအပေါ်သက်ရောက်နေတဲ့အခြေအနေ သုံးခုရှိတယ်လို့ သုတေသနလေ့လာ ချက်တွေအရ တွေ့ရပါတယ်။ ၂၀၀၅ ခုနှစ်က ထုတ်ဝေတဲ့ Pursuing Happiness: The Architecture of Sustainable Change စာတမ်းရဲ့တွေ့ရှိချက်အရဆိုရင် မျိုးရိုးဗီဇ ဆိုင်ရာသတ်မှတ်ချက်၊ ဘဝအခြေအနေတွေနဲ့ ပျော်ရွှင်မှုနဲ့သက်ဆိုင် တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလေ့အကျင့်တွေက သက်ရောက်မှု ရှိတယ်လို့ဆိုပါတယ်။

ဒီတွေ့ရှိချက်အရ လူတစ်ယောက်ဟာ ပျော်ရွှင်မှုရဖို့ဆိုရင် ကိုယ့်ရဲ့ဗီဇ၊ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့လုပ်ဆောင်မှုအတွေအပေါ် မူတည်ပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ အလေ့အကျင့် တွေထဲမှာ မိသားစုနဲ့အချိန်ပေးနေထိုင်ခြင်း၊ မိတ်ဆွေတွေနဲ့ ထိတွေ့ဆက်ဆံခြင်း၊ အခြားသူတွေကိုကူညီခြင်း၊ ကိုယ်နှစ်သက်ရာအလုပ်တွေ လုပ်ကိုင် ခြင်း၊ အပြုသဘော အမြင်ထားရှိခြင်း စတဲ့လုပ်ဆောင်ချက်တွေက ပျော်ရွှင်မှုရဖို့ အထောက်အကူဖြစ်စေ တဲ့သဘောပါ။ Harvard Study of Adult Development က ဆယ်စုနှစ်များစွာကြာ လေ့လာတွေ့ရှိချက် တွေအရ အခြားသူတွေနဲ့နီးကပ်ပြီး လေးနက်တဲ့ဆက်ဆံရေးဟာ ကျန်းမာရေးနဲ့ဘဝကျေနပ်မှုအပါအဝင် ကောင်းမွန်တဲ့အသက်အရွယ် ကြီးရင့်မှုအတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာ တွေ့ခဲ့ ပါတယ်။

ရင်းနှီးတဲ့နှောင်ကြိုးတွေဟာ ဘဝရဲ့မကျေနပ်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းတာကို နှောင့်နှေးစေဖို့ အထောက်အကူဖြစ်စေပြီး လူမှု အဆင့်အတန်း၊ IQ ဒါမှမဟုတ် မျိုးရိုးဗီဇများထက်ပင် ရှည်ကြာတဲ့ ပျော်ရွှင်မှုဘဝတွေ ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ရင်းနှီးချစ်ခင်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ အပြုသဘော ဆက်ဆံရေး ကောင်းမွန်မှုတွေက လူတစ်ယောက်အတွက် ပျော်ရွှင်မှုနဲ့ ဘဝတစ်ခုတည် ဆောက်ရာမှာ အရေးပါနေတာကို တွေ့ရပါတယ်။ အခြားသူတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ခြင်းဟာ အခြားသူတွေအပေါ် မှီခိုတာနဲ့ မတူပါဘူး။ အခြားသူတွေ အပေါ်မှီခိုနေသူဟာ ကိုယ့်ပျော်ရွှင်မှုကို အခြားသူထံက မျှော်လင့်နေတာဖြစ်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ကတော့ အခြားသူတွေနဲ့အတူ ပျော်ရွှင်မှုတည်ဆောက်မယ်ဆိုတဲ့ သဘောပါ။

မျိုးရိုးဗီဇဆိုင်ရာ သတ်မှတ်ချက်ကတော့ လူတစ်ယောက်မှာ မျိုးရိုးဗီဇ၊ စိတ်ခံစားမှုပုံစံနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ လက္ခဏာတွေ ကြောင့် လူတစ်ဦးချင်းစီက ပျော်ရွှင်မှုအပေါ် ခံစားတုံ့ပြန်ရာမှာ မတူညီကြပါဘူး။ တစ်ခါတစ်ရံ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတတ်တဲ့သူတွေကို တွေ့ဖူးကြမှာပါ။ ကြက်များလို ချေးကျရာ ပျော်တတ် သူမျိုးမဟုတ်တောင် ကြုံရာအခြေအနေမှာ ပျော်အောင်နေတတ်သူမျိုးပေါ့။ အပူအပင်ကင်း တယ်၊ အနှောင်အဖွဲ့ ကင်းတယ်။ ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်။ အဲဒီလိုပျော်နေနိုင်တဲ့ စိတ်က ခဏတာဖြစ်ဖြစ် ပျော်ရွှင်မှုရနိုင်ပါတယ်။ ဒါ့အပြင် အကောင်း မြင်တတ်တာက စိတ်ရွှင်လန်းဆန်းစေတတ်တဲ့အပြင် အခြားသူတွေ ထက် ပိုမိုပျော်ရွှင်မှုရနိုင်ပါတယ်။ တချို့ကတော့ စိုးရိမ်လွယ်၊ အဆိုး မြင်လွယ်တာမျိုးဆိုရင် ပျော်ရွှင်မှုရဖို့ခက်ခဲနိုင်ပါတယ်။ ဒါက တစ်ဦးချင်း ရဲ့ခံစားတုံ့ပြန်တဲ့ဗီဇ မတူညီကြတာကြောင့် ပျော်ရွှင်မှု ရှိ/ မရှိ ကွာခြားကြခြင်း ဖြစ်ပါတယ်။

ဘဝအခြေအနေများဆိုတာကတော့ ရှင်းပါတယ်။ ကိုယ်နဲ့ ကိုယ့် ပတ်ဝန်းကျင်အခြေအနေတွေရဲ့ သက်ရောက်မှုတွေပါ။ အဲဒီထဲမှာ ကိုယ်နေထိုင်ရာ နိုင်ငံ၊ ဒေသ၊ လူမျိုး၊ ယဉ်ကျေးမှု၊ လူမှုစီးပွားရေး အခြေအနေ၊ မိသားစုအခြေအနေ၊ အသက်အရွယ်၊ လူနေမှုအဆင့် အတန်း၊ ဘာသာရေး၊ အလုပ်အကိုင်နဲ့ ဘဝအတွေ့အကြုံတွေ ပါဝင် ပါတယ်။ ဆိုပါစို့ အိမ်တစ်အိမ်မှာ အလုပ်အကိုင်တွေကောင်းတယ်၊ ဝင်ငွေကောင်းတယ်၊ ကျန်းမာရေးကောင်းတယ်၊ ဘဝအခြေ အနေ မြင့်လာရင် လူတစ်ယောက်အတွက် ပျော်ရွှင်မှုတွေ တိုးစေပါတယ်။ ဒါပေမဲ့လည်း ဒီလိုအခြေအနေတွေကောင်းလာတိုင်း ပျော်ရွှင်မှု တိုးလာနိုင်တယ်လို့ တထစ်ချမဆိုနိုင်ပါဘူး။ အခြေအနေကောင်းနေ တာတွေနဲ့ နေသားကျလာရင် ပျော်ရွှင်မှုဟာ တိုးမလာတတ်ပါဘူး။

အထက်မှာပြောခဲ့တဲ့ ပျော်ရွှင်မှုရဖို့နဲ့ ပျော်ရွှင်မှုအပေါ် လွှမ်းမိုးနေ တဲ့ အချက်တွေကိုကြည့်ရင် အခြေအနေနှစ်မျိုးပဲဖြစ်တာကို တွေ့ရမှာ ပါ။ အဲဒါကတော့ ကိုယ်ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ပါပဲ။ ဒါကြောင့် ပျော်ရွှင်မှုတွေဆိုတာ ကိုယ့်ရဲ့အခြေအနေနဲ့ ပြင်ပပတ်ဝန်းကျင်အကြား အပြန်အလှန် ဆက်သွယ်မှုကနေဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခု ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်ကိုယ်တိုင် နဲ့ ပတ်ဝန်းကျင်အကြားဆက်နွှယ်မှုက သက်ရောက်မှုကြီးပါ တယ်။

World Happiness Report 2025 ရဲ့ “Connecting with Others: How Social Connections Improve the Happiness of Young Adults” အခန်းမှာ Rui Pei နှင့် Jamil Zaki တို့က လူမှုဆက်သွယ်မှုနဲ့ happiness ကြားဆက်နွှယ်မှုကို အထူးလေ့လာခဲ့ကြပါတယ်။ ဒီလေ့လာ ချက်အရ ပျော်ရွှင်မှုဟာ တစ်ဦးတည်းထိုင်ပြီးရှာဖွေရမယ့် အရာတစ်ခု မဟုတ်ပါဘူး။ မိတ်ဆွေ တွေနဲ့ စကားပြောခြင်း၊ မိသားစုထမင်း လက်ဆုံစားခြင်း၊ အခြားသူတွေကို ကူညီပေးခြင်း၊ မိမိကိုယ်တိုင်လည်း အခြားသူတစ်ဦးထံမှ အကူအညီလက်ခံခြင်း စတာတွေက ပျော်ရွှင်မှု ရရှိစေတယ်ဆိုတာ တွေ့ရပါတယ်။

မြတ်စွာဘုရားဟောကြားတဲ့တရားတော်ကတော့ စစ်မှန်သော ပျော်ရွှင်မှုဟာ ပြင်ပအရာများ ကိုသာ မှီခိုနေခြင်းမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ကို ကိုယ်တိုင်လေ့ကျင့်ပြုပြင် နိုင်ခြင်းအပေါ်မှာသာ မူတည်ပါတယ်။ ကာမအာရုံတွေကြောင့်ရလာတဲ့ ကာမသုခဆိုတာကလည်း အနိမ့်ဆုံးအဆင့် ပျော်ရွှင်မှုဖြစ်ပြီး စစ်မှန်တဲ့ပျော်ရွှင်မှုကို မဖြစ်စေ ပါဘူး။ ကာမသုခတွေဟာ တစ်ခဏတာ ပျော်ရွှင်မှုကိုသာ ရရှိစေပြီး မတည်မြဲတတ်ကြပါဘူး။ ဒါကြောင့် လောကီ၊ လောကုတ္တရာပျော် ရွှင်မှုကို ရှာဖွေတည်ဆောက်နိုင်မယ်ဆိုရင်တော့ ပစ္စုပ္ပန်ဘဝအတွက်သာမက သံသရာအထိအကျိုးပေးနိုင်တဲ့ ပျော်ရွှင်မှုကိုရမှာဖြစ်ပါတယ်။   

ကိုးကား -

၁။ ဗဟုဝေဒနိယသုတ်၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာပါဠိတော် ။

၂။ ပါမောက္ခချုပ်ဆရာတော်၊ “မသေဆုံးခင်မှာ ပျော်ရွှင်အောင်နေထိုင် ပါ တရားတော်၊ “ပျော်ရွှင်မှုရသူနှင့် မရသူအကြောင်း တရား တော်။

၃။ Mineo, L. (2017, April 11). Good genes are nice, but joy is better. The Harvard Gazette.https://news.harvard.edu/gazette/story/2017/04/over-nearly-80-years-harvard-study-has-been-showing-how-to-live-a-healthy-and-happy-life/ .

၄။ Ryan, R. M., & Deci, E. L. (2000). “Self-Determination Theory and the Facilitation of Intrinsic Motivation, Social Development, and Well-Being.” American Psychologist, 55(1), 68–78. https://doi.org/10.1037/0003-066X.55.1.68.

၅။ Lyubomirsky, S., Sheldon, K. M., & Schkade, D. (2005). “Pursuing Happiness: The Architecture of Sustainable Change.” Review of General Psychology, 9(2), 111–131. https://doi.org/10.1037/1089-2680.9.2.111.

၆။ Pei, R., & Zaki, J. (2025). Connecting with others: How social connections improve the happiness of young adults. In J. F. Helliwell, R. Layard, J. D. Sachs, J.-E. De Neve, L. B. Aknin, & S. Wang (Eds.), World Happiness Report 2025 (pp. 123–158). Wellbeing Research Centre, University of Oxford. https://doi.org/10.18724/WHR-ZC5N-4F96

၇။ Harvard Study of Adult Development. Harvard University. Longitudinal research on adult development, relationships, health, and well-being.

 

No comments:

Post a Comment