ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် မအူပင်မြို့တို့ရှိ တက္ကသိုလ်များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေး၊ ပညာသင်ကြားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည်
ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ “သစ်ပင်များရှိမှသာ
လေမုန်တိုင်းဒဏ်များကို ခံနိုင်မည်ဖြစ်ကြောင်း၊ လူ၏ကြိုတင်ပြင်ဆင်မှုဖြင့် သဘာဝဘေးဒဏ်ကို
ထိုက်သင့်သလောက်ကာကွယ်နိုင်ကြောင်း၊ ထို့ကြောင့် လေကာသစ်ပင်များကို အတန်းလိုက် မဖြစ်မနေစိုက်ပျိုးသွားရန်လိုကြောင်း၊
ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက် ရေစီးဆင်းမှုများကောင်းမွန်စေရေး မြစ်ချောင်းများအတွင်း
ဖြစ်ပေါ်လျက်ရှိသည့် သဲသောင်များအား ရှင်းလင်းသွားရန်လိုကြောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ
ချောင်း၊ မြောင်းများတွင် ပိတ်ဆို့မှုများမရှိစေရေး၊ ချောင်းများ၊ မြောင်းများ တိမ်ကောခြင်းမဖြစ်စေရေး
ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင်
နှစ်စဉ်အဖြစ်များသော သဘာဝဘေးမှာ ရေကြီးရေလျှံအန္တရာယ်ဖြစ်သည်။ ရေကြီးရေလျှံဖြစ်ပွားရသည့်အကြောင်းရင်းမှာ
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ရေစီးဆင်းမှုလမ်းကြောင်းများ တိမ်ကောနေခြင်းများကြောင့်ဖြစ်သည်။
သစ်တောသစ်ပင်များသည် မြေဆီလွှာကို ထိန်းသိမ်းပေးသည်။ သစ်တောသစ်ပင်များ ပြုန်းတီးလာမှုကြောင့်
မြေဆီလွှာပျက်စီးပြီး သဲသောင်လွင်ပြင်များဖြစ်ပေါ်လာသည်။ သဲသောင်နုန်းအနယ်များသည် မိုးရွာသည့်အခါ
ရေစီးနှင့် အတူမျောပါပြီး မြစ်ချောင်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကောလာသည်ကို
တွေ့ရသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသည့် မြို့ရွာရပ်ကွက်အတွင်းရှိ မြောင်းများမှ
မျောပါလာသော အနယ်အနှစ်အမှိုက်သရိုက်များသည်လည်း မြစ်ချောင်းများကို တိမ်ကောစေသည်။ မြစ်ချောင်းမြောင်းများ
တိမ်ကောလာနေမည်ဆိုပါက နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေမည်ဖြစ်သည်။
“ရေကြီးရေလျှံမှု
အချိန်ကာလကြာမြင့်ပါက လူများနေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများ
ပိုမိုများပြားစေမည်ဖြစ်သဖြင့် ရေကျော်စီးဝင်ခဲ့သည့်ရေများ အမြန်ပြန်လည်ကျဆင်းရေး ရေဆင်းလမ်းကြောင်းများ
စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများအားလုံး၏
ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်းများအား စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်ခြင်း၊
ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးခြင်းစသည်ဖြင့် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ကြိုတင်တားဆီးကာကွယ်လျှော့ချခြင်းများ
ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်၍ ဆည်မြောင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ
တာဝန်ရှိသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျ စဉ်ဆက်မပြတ် လေ့လာဆန်းစစ်သုံးသပ်စောင့်ကြည့်ဆောင်ရွက်ကြရန်လိုကြောင်း”
နိုင်ငံတော်သမ္မတက ဩဂုတ် ၈ ရက်နေ့က လမ်းညွှန်မှာကြားခဲ့သည်။
ယခုနှစ်မိုးရာသီတွင်
နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငဝန်မြစ်ရေကာတာတမံနိမ့်ကျပြီး ရေကျော်စီးဝင်၍
ရေကြီးရေလျှံဖြစ်ပွားမှုနှင့် အခြားမြို့ရွာအနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ
ဖြစ်ပွားနေခြင်းသည် မြစ်ချောင်းများတိမ်ကောခြင်း၊ ရေစီးလမ်းကြောင်းများ မကောင်းမွန်ခြင်းတို့ကြောင့်ဖြစ်သည်။
ယခုအခါ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား
ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျေးရွာအုပ်စုများရှိ လယ်ယာစိုက်ခင်းများ
ရေလွှမ်းမိုးသဖြင့် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံ၌ ရေဝင်ရောက်မှုများပြားကာ
ဆည်ရေပြည့် ရေလှောင်ပမာဏထက် ကျော်လွန်လာသဖြင့် ရေလှောင်တမံအနီးရှိ ကျေးရွာများ ထိခိုက်မှုမရှိစေရေးအတွက်
ရေပိုလွှဲတံခါးများကိုဖွင့်ဖောက်၍ ရေထိန်းညှိလျှော့ချခြင်းကို ဆောင်ရွက်ခဲ့ရာ ပတ်ဝန်းကျင်တွင်
ရေကျော်စီးဆင်းမှုများ ဖြစ်ပေါ်နေသည်။ ယခုအခါ နိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှု ဆက်လက်အားကောင်းနေရာ
အနိမ့်ပိုင်း ဒေသများ၊ မြေသားအိ၍ မြေပြိုကျနိုင်သည့်နေရာများတွင် အထူးသတိပြုကာ ရေကြီးရေလျှံမှုနှင့်
ရေဘေးအန္တရာယ်များမဖြစ်ပွားအောင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ညီလက်ညီ
ကာကွယ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကြောင့်
ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နိုင်သည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
သစ်တောသစ်ပင်များ ပြုစုပျိုးထောင်စိုက်ပျိုးရေးနှင့် မြစ်ချောင်းမြောင်းများ တိမ်ကောမှုမရှိစေရေးတို့ကို
သက်ဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျလေ့လာသုံးသပ်ဆန်းစစ်ပြီး ဒေသခံပြည်သူများနှင့်အတူလက်တွဲ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နိုးကြားတက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment