Tuesday, August 11, 2026

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သဘာဝအလှနှင့် ဒေသဓလေ့များ ထိုင်းနှင့် မလေးရှားမှ ဓာတ်ပုံပညာရှင်များ မှတ်တမ်းတင်ရိုက်ကူး



ရန်ကုန် ဩဂုတ် ၁၀

​မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွား ဓာတ်ပုံပညာရှင် ၁၂ ဦး ရောက်ရှိလာပြီး ဒေသတွင်း သဘာဝ အလှအပများနှင့် ကျေးလက်ဓလေ့စရိုက်များကို မှတ်တမ်းတင်ရိုက်ကူးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဓာတ်ပုံပညာရှင်အဖွဲ့သည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ စူဠာမဏိဘုရား တောင်ဘက်ရှိ ဖိုးမောက်ကြီးတောင်ကုန်းပတ်ဝန်းကျင်၌ စတင်ရိုက်ကူးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ရိုက်ကူးရာတွင် ပုဂံဒေသ၏ သာယာလှပသော ရှုခင်းများကို နောက်ခံထားကာ မြန်မာကျေးလက်တောင်သူများ၏ စပါးရိတ်သိမ်း ခြွေလှေ့ပုံ၊ နွားများဖြင့် ကောက်ရိုးသယ်ယူသည့် ပြကွက်များ၊ အရှေ့အိုးထိန်းကုန်းမှ နေထွက်ချိန် ရှုခင်းနှင့် ဖိုးမောက်ကြီးတောင်ကုန်းမှ နေဝင်ချိန် ပုဂံရှေးဟောင်းဘုရားများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်တန်းတို့၏ သဘာဝအလှအပများကို စနစ်တကျ မှတ်တမ်းတင်ရိုက်ကူးခဲ့ကြ‌ကြောင်း သိရသည်။

​ဓာတ်ပုံပညာရှင်များသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ အခွန်အခများ ပေးဆောင်၍ ရိုက်ကူးခြင်းဖြစ်ပြီး စူဠာမဏိ ဘုရားပတ်ဝန်းကျင်အပြင် မြင်းကပါ၊ ပြာဿာဒ်ကြီး၊ မင်းနန်သူနှင့် အနောက်ဖွားစောကျေးရွာတို့တွင်လည်း ဆက်လက်ရိုက်ကူးသွားမည်ဖြစ်သည်။

​ယခုကဲ့သို့ နိုင်ငံတကာဓာတ်ပုံပညာရှင်များ လာရောက်ရိုက်ကူးမှုကြောင့် ပုဂံဒေသရှိ ဒေသခံနွားလှည်း၊ မီနီအိုးဝေနှင့် အငှားယာဉ်မောင်းသူများ၊ ဟိုတယ်နှင့် တည်းခိုခန်းများအပါအဝင် ရိုက်ကွင်းဖန်တီးပေးသူများအတွက် လုပ်ငန်းဝင်ငွေများရရှိကာ ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားဘဝကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

TWA

No comments:

Post a Comment