Tuesday, August 11, 2026

ဘ၀ရှေ့ဆောင် ရက်ပေါင်း ၈၀၀၀

 


အာဟာရသည် လူအပါအဝင် သက်ရှိသတ္တဝါများ ရှင်သန်ကျန်းမာရေးအတွက် လိုအပ်သောဇီဝဓာတုပစ္စည်းများဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ မျိုးဆက်ပွားမှု၊ လှုပ်ရှားသွားလာမှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် ခွန်အားတို့အတွက် အာဟာရဓာတ်အမျိုးမျိုးတို့ကို အစားအစာများစားသုံးခြင်းမှ ရရှိနိုင်သည်။ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင် ဓာတ်နှင့် ရေဓာတ်ဟူသော အာဟာရဓာတ် ခြောက်မျိုးတို့လိုအပ်ချက်မှာ အသက်အရွယ်၊ ကျား/မ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေးအခြေအနေ စသည်တို့အရ ကွာခြားမည်ဖြစ်သည်။

ကလေးအရွယ်နှင့် ဆယ်ကျော်သက်အရွယ်လူငယ်များသည် ခန္ဓာကိုယ်ဖွံ့ဖြိုးသည့် အရွယ်များဖြစ်သည့်အလျောက် အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးနိုင်စေရန်၊ အရိုးများ သန်မာစေရန်၊ ဟော်မုန်းများ ပြောင်းလဲမှုနှင့် သွေးအားနည်းခြင်းတို့ကို ကာကွယ်နိုင်စေရန် အာဟာရ ပြည့်ဝသည့်အစာများ မျှတစွာစားသုံးရန်လိုအပ်သည်။ ‘‘ ဘဝရှေ့ဆောင် ရက် ၁၀၀၀ ’’ ဟု အဆိုရှိသည့် သန္ဓေသားဘ၀မှ အသက်နှစ်နှစ်အတွင်း ဘ၀အစ၏ပထမရက်ပေါင်း ၁၀၀၀ ကာလတွင် အာဟာရပြည့်ဝစေရန် ပံ့ပိုးဖြည့်ဆည်းပေးမှုသည် အကျိုးကျေးဇူးများပြားပြီး ကလေး၏ ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးသကဲ့သို့ အထိရောက်ဆုံးလည်းဖြစ်သည်။ ယင်းမှဆက်လက်၍ ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ်နှင့် အသက် ၂၀ ဝန်းကျင်ခန့်အထိ ရက်ပေါင်း ၈၀၀၀ သည်လည်း ကိုယ်ကာယဆက်လက်ဖွံ့ဖြိုးလျက်ရှိရာ အာဟာရပြည့်ဝစွာစားသုံးနိုင် ရန် အရေးကြီးသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုထားသည်။

အသက် ငါးနှစ်အောက်ကလေးများသည် လူကြီးများစားသကဲ့သို့ တစ်ကြိမ်တည်းနှင့် အစာများစွာ မစားနိုင်ကြခြင်းကြောင့် တစ်နေ့လျှင် ထမင်းသုံးကြိမ်ကျွေးရန်နှင့် အာဟာရပြည့်ဝသည့် မုန့်ပဲသရေစာများ တစ်နေ့လျှင် နှစ်ကြိမ်ကျွေးရန် လမ်းညွှန်ထားသည်။ ကလေးနေမကောင်းခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ဖြစ်နေစဉ် အစာမကျွေးဘဲမထားရန်နှင့် ချော့၍ကျွေးရန်၊ အစာကို ပမာဏနည်းနည်းနှင့် အကြိမ်များများကျွေးရန်၊ အစာပျော့ပျော့ကျွေး၍ အရည်များများတိုက်ရန်၊ မိခင်နို့၊ ဓာတ်ဆား ရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်တိုက်ရန်လိုသည်။ အာဟာရပြည့်ဝခြင်းက ကလေးကို မြန်မြန်နာလန်ထစေသည်။ ကလေးအစာမဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် အမြန်ပြရမည်ဖြစ်သည်။ နာလန်ထချိန်တွင် ကလေးခံတွင်းပြန်ကောင်းလာတတ်ရာ နေမကောင်းချိန်တွင် လျော့နည်းသွားသည့်ကိုယ်အလေးချိန်ကို အမြန်ဆုံးပြန်လည်ရရှိစေရန် ဂရုစိုက်၍ အစာပိုကျွေးရမည်ဖြစ်သည်။

အသက် ၅ နှစ်မှ ၁၉ နှစ်အရွယ်အထိသည် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်သက်တာကျန်းမာသည့် လူနေမှုပုံစံကိုရရှိရန် လေ့ကျင့်ပျိုးထောင်နိုင်သည့် အကောင်းဆုံးသောအရွယ်ဖြစ်ပြီး လေ့ကျင့်ပျိုးထောင်မှုကောင်းစွာရရှိပါက ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ပညာရေးတွင် စွမ်းဆောင်မှုတို့ ကောင်းမွန်စေမည်ဖြစ်ပြီး ခန္ဓာကိုယ်ထွားကျိုင်းသန်မာ လာစေနိုင်သည်။ အနာဂတ်တွင် ဖြစ်လာနိုင်သည့် ကျန်းမာရေးပြဿနာများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလ ကလေးသူငယ်များ၊ ဆယ်ကျော်သက်များ၏ စားသောက်မှုများတွင် အချိုလွန် ကဲသည့်အစားအစာများ၊ အချိုရည်များ၊ အဆင့်ဆင့်ပြုပြင်ထားသည့် အသင့်စားအစားအစာများ၊ အာဟာရဓာတ် မပါဝင်သလောက်ဖြစ်သည့် အသင့်စားသရေစာ (Junk food) များကို လွန်ကဲစွာစားသောက်လာခြင်း၊ အစားအစာပမာဏ ပိုမိုစားသုံးခြင်းနှင့် TV ၊ ဖုန်းကြည့်ရှုချိန်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့မှာ အန္တရာယ်ရှိသည့်အပြုအမူများ ဖြစ်သည်ဟု ပညာရှင်များက သတိပေးထားသည်။

ယူနီဆက်၏ ၂၀၂၂ ခုနှစ်အတွင်း လေ့လာချက်များအရ တစ်ကမ္ဘာ လုံးတွင် ပုညှက်သောကလေး (Stunting) ၂၂ ဒသမ ၃ ရာခိုင်နှုန်း၊ ပိန်လှီသောကလေး (Wasting) ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် အဝလွန်ကလေး (Overweight) ၅ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင်မူ ပုညှက်သောကလေး ၂၀-၃၀ ရာခိုင်နှုန်း၊ ပိန်လှီသောကလေး ၅-၁၀ ရာခိုင်နှုန်းနှင့် အဝလွန်ကလေး ၂ ဒသမ ၅ ရာခိုင်နှုန်းအောက်ရှိသည်ဟု သိရသည်။ ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ မစားဖြစ်ရခြင်း၏အကြောင်းရင်းများတွင် အာဟာရ ပြည့်ဝသောအစားအစာများ လွယ်လင့်တကူဝယ်ယူမရနိုင်ခြင်း၊ သူငယ်ချင်းများစားသောက်မှုပုံစံအတိုင်း လိုက်၍စားသောက်ကြခြင်း တို့က အဓိကဖြစ်သည်ဟုဆိုရာ ကျောင်းသားကျောင်းသူများအား အစာအာဟာရဆိုင်ရာ ပညာပေးမှုများ၊ ကျောင်းမုန့်ဈေးတန်းများနှင့် ကျောင်းအနီးပတ်ဝန်းကျင်၌ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်၊ မုန့်ပဲသရေစာများ ရောင်းချပေးရန်စီမံဆောင်ရွက်မှု များဖြင့် ကလေးများ အာဟာရပြည့်ဝစွာစားသုံးနိုင်ရန် ဖန်တီးပေး ဖို့လိုသည်။ 

သြဂုတ်လ၏ ဒုတိယရက်သတ္တပတ်သည် အသက်ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ဖြစ်သည်။ ကလေးများနှင့်လူငယ်များ အာဟာရဖွံ့ဖြိုးမှုသည် ဗလငါးတန်ဖွံ့ဖြိုးသော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့်အလျောက် အလေးအနက်ထားကာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment