နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီး စဉ်သွားရောက်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ရောက်ရှိရာ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန်ဆာတီဘယ်လ်ဒီ၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး
မစ္စတာ ဒါရ်ခန်ဆာတီဘယ်လ်ဒီ တို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေး ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့်
ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက
ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်အစိုးရမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတော်တာဝန်များကို
စတင်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ
သွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊
မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ
အပြန်အလှန်လည်ပတ်မှုများဆောင်ရွက်ပြီး နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့်
ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍
ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးက
အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး နိုင်ငံတော်သမ္မတက အာမတီဒေသပြည်နယ် အုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာကြရာ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး၊
ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင်
ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment