မန္တလေး ဩဂုတ် ၂၃
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ဦးဆောင်မှု၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ (မန္တလေး) ကို "Taste of the Golden Land 2026 (Mandalay)" ဟူသောဆောင်ပုဒ်ဖြင့် မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက် နှစ်ရက်တာ ကျင်းပသည်။
မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ - ၂၀၂၆ (မန္တလေး) ဒုတိယနေ့အစီအစဉ်များအဖြစ် မြန်မာ့ရိုးရာအစားအစာများအား နိုင်ငံတကာအဆင့်မီ Fine Dining အသွင်ဖြင့် တည်ခင်းပြသခြင်း၊ မြန်မာနိုင်ငံ လက်ဖက်နှင့် ကော်ဖီအသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခြင်း၊ “ဒေသအစားအစာအရသာမှ ကမ္ဘာ့အဆင့်မြင့် ထူးချွန်မှုဆီသို့ကမ်းလှမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်း၊ မြန်မာ့ရိုးရာထုတ်ကုန်ပစ္စည်းများကိုအသုံးပြု၍ ကော့တေးပြုလုပ်ပြသခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယနေ့ ပြိုင်ပွဲနှင့်ပြပွဲ ဒုတိယနေ့ကျင်းပမှုကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စားသောက်ဆိုင် လုပ်ငန်းရှင်အသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ အမှာစကား ပြောကြားသည်။
“မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲ - ၂၀၂၆ (မန္တလေး)” ကျင်းပရာတွင် အစားအသောက်လုပ်ငန်း နယ်ပယ်မှ ဝါရင့်လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံများကို မျှဝေပေးသည့် စကားဝိုင်းဆွေးနွေးပွဲများအပြင် ဖျော်ဖြေရေးအစီအစဉ်များနှင့် ကံစမ်းမဲအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့သည်။
ထို့ပြင် ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ၁၁ ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြခန်းပေါင်း ၁၄၁ ခန်း ခင်းကျင်းပြသရောင်းချကာ အဆိုပါပြိုင်ပွဲနှင့်ပြပွဲသို့ လာရောက်လေ့လာ ဝယ်ယူအားပေးကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment