နေပြည်တော် ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့တွင် တက္ကစီယာဉ်မောင်းများကို ဓားထောက်ခြိမ်းခြောက်၍ မော်တော်ယာဉ်များအား လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသားလေးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ယင်းတိုက်ကွင်းကျေးရွာနေ ဦးအောင်စိုး (၅၆) နှစ်သည် ဩဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းပိုင်ဆိုင်သည့် YGN-1 DD-7113 TOYOTA SUCCEED တက္ကစီယာဉ်အား အမျိုးသားသုံးဦး (စိစစ်ဆဲ) က ငှားရမ်းခဲ့သဖြင့်လိုက်ပါခဲ့ပြီး မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာ မြေစာရင်းတောရရိပ်သာ ဘုန်းကြီးကျောင်းမုခ်ဝအရောက်တွင် အဆိုပါအမျိုးသားသုံးဦးမှ ဦးအောင်စိုးကို ကပ်ကြေးဖြင့်ထောက်ခြိမ်းခြောက်ပြီး ငွေကျပ်လေးသိန်း၊ Redmi note 5 အမျိုးအစားဖုန်းတစ်လုံးနှင့်မော်တော်ယာဉ်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး မှော်ဘီမြို့မရဲစခန်း (ပ)၄၀၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၃၄၇/၃၄ ဖြင့် အမှုရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိရေး အခင်းဖြစ်ရပ်မှတ်တမ်း များအားစစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းတို့ဆောင်ရွက်ခဲ့ရာ လုယက်မှု ကျူးလွန်ရာမှပါသွားခဲ့သည့် သက်သေခံ YGN-1 DD-7113 TOYOTA SUCCEED တက္ကစီမော်တော်ယာဉ်အား ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၅၂) ရပ်ကွက် မဒကျေးရွာ အောင်သပြေလမ်းဘေး၌ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် လုယက်မှုကျူးလွန်သူ တရားခံ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၅၁) ရပ်ကွက်နေ သက်ပိုင်ဦး (ခ) ဝက်ကုန်း (၂၇) နှစ်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ပိုင်ဦး (ခ) ဝက်ကုန်း၏ ထွက်ဆိုချက်အရ တက္ကစီယာဉ်များအား လုယက်မှုကျူးလွန်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများမှာ လှိုင်ကျော်ထွန်း (ခ) ကျော်ကြီး၊ ဝေယံ (ခ) ဖိုးစည်နှင့် ဝေယံထွန်း (ခ) ဝေယံတို့ဖြစ်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနေ့မွန်းလွဲပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
၎င်းတို့သည် ဩဂုတ် ၁၄ ရက်၊ ၁၇ ရက်နှင့် ၂၀ ရက်တို့တွင် အလားတူ လုယက်မှုများကျူးလွန်ခဲ့ပြီး လုယက်ရာမှရရှိသည့်ငွေများကို ခွဲဝေသုံးစွဲခဲ့ကြကြောင်း သိရသည်။ ဖြစ်စဉ်တွင် တက္ကစီယာဉ်မောင်းများကို ဓားထောက်ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ သက်ပိုင်ဦး (ခ) ဝက်ကုန်း၊ လှိုင်ကျော်ထွန်း (ခ) ကျော်ကြီး၊ ဝေယံ (ခ) ဖိုးစည်နှင့် ဝေယံထွန်း (ခ) ဝေယံတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment