ဒေါက်တာအောင်ညွန့်ပိုင်
လူတစ်ဦး၏ ကျန်းမာကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် ၎င်း၏ငယ်စဉ်ဘဝ အထူးသဖြင့် အသက်(၅)နှစ်အောက်ကလေးဘဝနှင့် ကျောင်းနေအရွယ် လူငယ်ဘဝများတွင် ရရှိခဲ့သော အာဟာရဓာတ်များအပေါ် တိုက်ရိုက်မူတည်နေသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် သြဂုတ်လ၏ ဒုတိယပတ်ကို “အသက် (၅) နှစ်အောက် ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်”အဖြစ် သတ်မှတ်ကာ တစ်မျိုးသားလုံးအကျုံးဝင်သည့် အသိပညာပေးမှုများနှင့် ကွင်းဆင်းစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤဆောင်းပါးတွင် အဆိုပါအရေးကြီးသော ရက်သတ္တပတ်၏ ရည်ရွယ်ချက်များ၊ အသက် (၅) နှစ်အောက်ကလေးများတွင် ကြုံတွေ့ရလေ့ရှိသည့် အာဟာရပြဿနာများနှင့် ဖြေရှင်းနည်းများ၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေးနှင့် အာဟာရကဏ္ဍ၊ မိဘနှင့်ပတ်ဝန်းကျင်၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
အပိုင်း (၁)
အသက် (၅) နှစ်အောက်
ကလေးငယ်များ၏ အာဟာရနှင့် ကြီးထွားဖွံ့ဖြိုးမှု
အသက် (၅) နှစ်အောက်ကလေးငယ်ဘဝသည်
လူ့သက်တမ်းတစ်ခုတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
အမြန်ဆုံးနှုန်းဖြင့် ဖြစ်ပေါ်သည့် အချိန်ကာလဖြစ်သည်။ စာရင်းဇယားများအရ လူတစ်ဦး၏ ဦးနှောက်ဖွံ့ဖြိုးမှု
၈၀ ရာခိုင်နှုန်းကျော်သည် အသက် (၃) နှစ်မပြည့်ခင် ပြီးစီးသွားတတ်သည်ဟုဆိုသည်။ ထို့ကြောင့်
ဤအရွယ်တွင် အာဟာရချို့တဲ့မှု ခံစားရပါက ကလေး၏ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ထိခိုက်စေရုံသာမက
ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ ရေရှည်ထိခိုက်သွားစေနိုင်သည်။
၁။ အာဟာရချို့တဲ့မှု
ပုံစံနှစ်မျိုးနှင့် ဆိုးကျိုးများ
အသက် (၅) နှစ်အောက်ကလေးငယ်များတွင်
အာဟာရချို့တဲ့မှုကို အဓိကအားဖြင့် ပုံစံနှစ်မျိုးဖြင့် တွေ့ရှိရသည်။
အသက်အရွယ်အလိုက်
အရပ်ပုခြင်း (Stunting)။ ၎င်းသည် မိခင်ဝမ်းဗိုက်အတွင်း သန္ဓေတည်စအချိန်မှစ၍ အသက် (၂)
နှစ်အထိ ကာလအတွင်း ရေရှည်အာဟာရချို့တဲ့မှု (Chronic Malnutrition) ခံစားခဲ့ရခြင်းကြောင့်ဖြစ်သည်။
အရပ်ပုခြင်းခံစားရသော ကလေးများသည် အရွယ်ရောက်သည့်အခါတွင်လည်း အလုပ်လုပ်နိုင်စွမ်းရည်နှင့်
ဉာဏ်ရည်ဉာဏ်သွေးပိုင်းတွင် အခြားကလေးများထက် နိမ့်ကျသွားတတ်သည်။
အရပ်အမောင်းအလိုက်
ပိန်လှီခြင်း (Wasting)။ ၎င်းသည် လတ်တလော အစားအစာလုံလောက်စွာမရရှိခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောရောဂါကဲ့သို့သော
ကူးစက်ရောဂါများ ပြင်းထန်စွာခံစားရခြင်းကြောင့် ဖြစ်ပေါ်လာသည့် လတ်တလော အာဟာရချို့တဲ့မှု
(Acute Malnutrition) ဖြစ်သည်။ ထိုအခြေအနေသည် ကလေးအား သေဆုံးသည်အထိ အန္တရာယ်ဖြစ်စေနိုင်သဖြင့်
အရေးပေါ်ကုသစောင့်ရှောက်မှုလိုအပ်သည်။
၂။ အစာအုပ်စု
(၃) စု မျှတစွာကျွေးမွေးခြင်း အလေ့အထ
ကလေးအသက် (၆) လပြည့်ပြီးနောက်ပိုင်းတွင်
မိခင်နို့အပြင် ဖြည့်စွက်စာကို စတင်ကျွေးမွေးရသည်။ ထိုသို့ ကျွေးမွေးရာတွင် အောက်ပါအစာအုပ်စု
(၃) စုစလုံး နေ့စဉ်မျှတစွာပါဝင်ရန် အထူးလိုအပ်သည်။
အင်အားဖြစ်စေသော
အစားအစာများ (Energy-giving foods)။ ။ ဆန်၊ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ အာလူးနှင့် ဆီ၊
ထောပတ်စသည်တို့ဖြစ်သည်။ ကလေးငယ်များ နေ့စဉ်ဆော့ကစားရန်နှင့် ခန္ဓာကိုယ်လှုပ်ရှားရန်အတွက်
လိုအပ်သောကယ်လိုရီအင်အားကို ပေးစွမ်းသည်။
ကြီးထွားစေသော
အစားအစာများ (Body-building foods)။ ။ အသား၊ ငါး၊ ဥအမျိုးမျိုး (ကြက်ဥ၊ ဘဲဥ)၊ နို့နှင့်
နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးတို့ဖြစ်သည်။ ထိုအစားအစာများတွင် ပါဝင်သောပရိုတင်း
(Protein) ဓာတ်သည် ကလေး၏ကြွက်သားများ၊ အရိုးများနှင့် တစ်သျှူးများကြီးထွားရန်အတွက်
မရှိမဖြစ်လိုအပ်သည်။
ရောဂါကာကွယ်စေသော
အစားအစာများ (Protective foods)။ ။ စိမ်းစိုသော ဟင်းသီးဟင်းရွက်များနှင့် ရောင်စုံမှည့်သော
သစ်သီးဝလံများ (ဥပမာ - ကန်စွန်းရွက်၊ မုန်လာဥနီ၊ သင်္ဘောသီးမှည့်) ဖြစ်သည်။ ၎င်းတို့တွင်
ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သဖြင့် ကလေးငယ်ကို ရောဂါဘယများရန်မှ ကာကွယ်ပေးပြီး
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။
၃။ မရှိမဖြစ်
ဗီတာမင်နှင့် သတ္တုဓာတ်များ ဖြည့်တင်းခြင်း
ရက်သတ္တပတ်လှုပ်ရှားမှုများတွင်
အသက် (၅) နှစ်အောက်ကလေးငယ်များကို အာဟာရဆေးများ တိုက်ကျွေးခြင်းကို ပူးတွဲဆောင်ရွက်သည်။
ဗီတာမင်အေ
(Vitamin A) တိုက်ကျွေးခြင်း။ ။ အသက် (၆) လမှ (၅) နှစ်အောက်ကလေးများကို ဗီတာမင်အေဆေးလုံးများ ပုံမှန်တိုက်ကျွေးခြင်းဖြင့်
မျက်စိကွယ်ခြင်းမှ ကာကွယ်နိုင်သည့်အပြင် ဝက်သက်ရောဂါနှင့် ဝမ်းပျက်ရောဂါများကြောင့်
သေဆုံးနိုင်ခြေကို သိသိသာသာလျော့ကျစေသည်။
သံချဆေးတိုက်ကျွေးခြင်း
(Deworming)။ ။ ကလေးများ၏ဝမ်းဗိုက်အတွင်း
သန်ကောင်များရှိနေပါက ကလေးစားသုံးလိုက်သော အာဟာရများကို သန်ကောင်များက စုပ်ယူသွားသဖြင့်
ကလေးတွင် သွေးအားနည်းရောဂါနှင့် အာဟာရချို့တဲ့မှုဖြစ်ပွားစေသည်။ ထို့ကြောင့် အသက်
(၁) နှစ်မှ (၅) နှစ်အောက်ကလေးငယ်များကို (၆) လတစ်ကြိမ် သံချဆေးပုံမှန်တိုက်ကျွေးရမည်။
အပိုင်း (၂)
ကျောင်းသားလူငယ်များ၏
ကျန်းမာရေးနှင့် အာဟာရကဏ္ဍ
ကလေးငယ်တစ်ဦးသည်
အသက် (၅) နှစ်ကျော်၍ ကျောင်းနေအရွယ်သို့ ရောက်ရှိလာသည့်အခါ ၎င်းတို့၏လူမှုပတ်ဝန်းကျင်သည်
မိသားစုအတွင်းမှသည် ကျောင်းနှင့် သူငယ်ချင်းများဆီသို့ ကျယ်ပြန့်လာသည်။ ဤအရွယ်တွင်
ကိုယ်ခန္ဓာကြီးထွားမှုနှုန်းသည် တစ်သမတ်တည်း ဆက်လက်ရှိနေပြီး အထူးသဖြင့် ဆယ်ကျော်သက်အရွယ်သို့
ကူးပြောင်းချိန်တွင် ဒုတိယအကြိမ်အဖြစ် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အရှိန်အဟုန်အလွန်မြန်ဆန်လာသည်။
၁။ ကျောင်းသားလူငယ်များနှင့်
သင်ယူမှုစွမ်းရည်
အာဟာရပြည့်ဝမျှတစွာရရှိသော
ကျောင်းသားတစ်ဦးသည် စာသင်ခန်းအတွင်း အာရုံစူးစိုက်မှု (Concentration) ကောင်းမွန်ပြီး
ဉာဏ်ရည်ထက်မြက်ကာ သင်ခန်းစာများကို လျင်မြန်စွာ မှတ်မိလွယ်သည်။ ဆန့်ကျင်ဘက်အားဖြင့်
မနက်စာမစားဘဲ ကျောင်းတက်ရသောကလေးများ သို့မဟုတ် သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းနေသောကလေးများသည်
စာသင်ချိန်တွင် ငိုက်မျဉ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် မှတ်ဉာဏ်အားနည်းခြင်း စသည်တို့ကိုကြုံတွေ့ရတတ်သည်။
၎င်းသည် ကျောင်းသားလူငယ်များ၏ ပညာရေးအရည်အချင်းကို တိုက်ရိုက်ထိခိုက်စေသည်။
၂။ ကျောင်းမုန့်ဈေးတန်း
အဆင့်မြှင့်တင်ရေးနှင့် ကျန်းမာရေး အသိပညာ
ကျောင်းမုန့်ဈေးတန်း
သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချရေးသည် အလွန်အရေးကြီးသည်။
ရှောင်ကြဉ်ရမည့်
အစားအစာများမှာ ဓာတုဆိုးဆေး အလွန်အကျွံပါသောမုန့်များ၊ သက်တမ်းလွန်အစားအစာများ၊ အချိုရည်များနှင့်
အာဟာရတန်ဖိုးမရှိဘဲ ဆားနှင့် အချိုမှုန့် အလွန်အကျွံပါသော အသင့်စားအာလူးကြော်ကဲ့သို့သော
အစားအစာ (Junk Food) များဖြစ်သည်။ ထိုအစားအစာများသည် ရေရှည်တွင် ကလေးများကို အဝလွန်ခြင်း၊
ဆီးချိုနှင့် နှလုံးရောဂါစသည်တို့ကို ဖြစ်ပွားစေနိုင်သည်။
စားသုံးသင့်သည့်
အစားအစာများမှာ လတ်တလောချက်ပြုတ်ထားသော သန့်ရှင်းသည့် မြန်မာ့ရိုးရာမုန့်များ၊ အသီးအနှံများ၊
အခွံမာသီးများနှင့် နို့ထွက်ပစ္စည်းများဖြစ်သည်။ ကျောင်းများတွင် ကျောင်းကျန်းမာရေးကော်မတီများဖွဲ့စည်းကာ
ကျောင်းမုန့်ဈေးတန်းကို စနစ်တကျ စစ်ဆေးကြီးကြပ်သင့်သည်။
၃။ ကျောင်းအခြေပြု
သံဓာတ်နှင့် ဖောလစ်အက်စစ် ဖြန့်ဝေခြင်း
ဆယ်ကျော်သက် ကျောင်းသားလူငယ်များ
အထူးသဖြင့် အမျိုးသမီးငယ်များသည် ဓမ္မတာစတင်လာချိန်တွင် သံဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသဖြင့်
သွေးအားနည်းရောဂါ (Anemia) ဖြစ်ပွားရန် အခွင့်အလမ်းပိုများသည်။ ထို့ကြောင့် ကျောင်းများတွင်
သံဓာတ်နှင့် ဖောလစ်အက်စစ် (Iron and Folic Acid) ဆေးပြားများကို အပတ်စဉ် စနစ်တကျတိုက်ကျွေးခြင်းဖြင့်
လူငယ်များ သွေးအားနည်းရောဂါကင်းဝေးပြီး လန်းဆန်းတက်ကြွစွာ ပညာသင်ကြားနိုင်မည်ဖြစ်သည်။
အပိုင်း (၃)
အာဟာရဖွံ့ဖြိုးရေးအတွက်
ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
ကလေးငယ်များနှင့်လူငယ်များ
အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းသည် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်း၏ကြိုးပမ်းမှုဖြင့် မလုံလောက်ဘဲ
မိဘများ၊ ဆရာ ဆရာမများ၊ ရပ်ရွာလူထုနှင့် သက်ဆိုင်ရာနှီးနွှယ်ဌာနများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ
အောင်မြင်နိုင်မည်ဖြစ်သည်။
၁။ မိခင်နှင့်
အုပ်ထိန်းသူများအား ကျန်းမာရေး အသိပညာပေးခြင်း
အိမ်တစ်အိမ်၏ မီးဖိုချောင်ကို
စီမံခန့်ခွဲသူမှာ မိခင် သို့မဟုတ် အမျိုးသမီးများဖြစ်ကြသည်။ ထို့ကြောင့် မိခင်များအနေဖြင့်
ငွေကုန်ကြေးကျအများကြီးမလိုဘဲ မိမိတို့ပတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သော ပြည်တွင်းဖြစ်အစားအစာများ
(ဥပမာ - မုန်လာဥနီ၊ ကန်စွန်းရွက်၊ ကြက်ဥ၊ ပဲအမျိုးမျိုး)ကို အသုံးပြု၍ အာဟာရတန်ဖိုးအမြင့်မားဆုံးဖြစ်အောင်
ချက်ပြုတ်ကျွေးမွေးနည်းများကို သိရှိထားရန်လိုအပ်သည်။ ရပ်ရွာအခြေပြု ကျန်းမာရေးဟောပြောပွဲများနှင့်
လက်တွေ့ အစာကျွေးမွေးနည်းသရုပ်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးရန်လိုအပ်သည်။
၂။ ကလေးကြီးထွားမှုဇယား
(Growth Chart) စောင့်ကြည့်ခြင်း
ကျန်းမာရေးဌာနများသို့
ပုံမှန်ပြသ၍ ကလေး၏ ကိုယ်အလေးချိန်နှင့် အရပ်ကိုတိုင်းတာကာ ကြီးထွားမှုဇယားတွင် မှတ်တမ်းတင်ခြင်းသည်
ကလေးအာဟာရချို့တဲ့မှု ရှိ၊ မရှိကို စောစီးစွာသိရှိနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
အကယ်၍ ကလေး၏ကိုယ်အလေးချိန်တက်မလာဘဲ ကိုယ်အလေးချိန်ကျဆင်းသွားပါက သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့်တိုင်ပင်၍ အာဟာရပြန်လည်ဖြည့်တင်းမှုကို အချိန်မီလုပ်ဆောင်နိုင်သည်။
၃။ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်
ဝါးရှ် (WASH) အစီအစဉ်
အာဟာရဓာတ်များ
ပြည့်ဝစွာစားသုံးနေသော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းပါက ရောဂါပိုးမွှားများဝင်ရောက်ပြီး
ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သန်ကောင်ရောဂါများ ခံစားရကာ အာဟာရများဆုံးရှုံးသွားနိုင်သည်။
ထို့ကြောင့် အစာမစားမီနှင့် အိမ်သာတက်ပြီးချိန်တိုင်းတွင် လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောသည့်
အလေ့အထကို ကလေးငယ်များအား ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရမည်။
သန့်ရှင်းသော သောက်သုံးရေကိုသုံးစွဲရန်နှင့်
ယင်လုံအိမ်သာ စနစ်တကျအသုံးပြုရန် ကျောင်းများနှင့် နေအိမ်များတွင် စီမံဆောင်ရွက်ပေးရမည်။
အချုပ်အားဖြင့်ဆိုရသော်
“အသက် (၅) နှစ်အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်”
သည် ကာလတိုလှုပ်ရှားမှုတစ်ခုမျှသာမဟုတ်ဘဲ တစ်မျိုးသားလုံး၏ကျန်းမာရေးနှင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက်
မဟာဗျူဟာမြောက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရပြည့်ဝကျန်းမာနေမှသာလျှင်
ပညာရေးတွင် ထူးချွန်ထက်မြက်ပြီး အနာဂတ်နိုင်ငံတော်က အားကိုးအားထားပြုရမည့် “ဉာဏအင်အား၊
ကာယအင်အား” ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မိဘအုပ်ထိန်းသူများ၊
ဆရာ ဆရာမများနှင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မိမိတို့၏ရင်သွေးငယ်များကို အစာအုပ်စု
(၃) စု မျှတစွာကျွေးမွေးခြင်း၊ ကျောင်းမုန့်ဈေးတန်းများကို ကျန်းမာရေးနှင့်ညီညွတ်အောင်
ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ သန့်ရှင်းသောနေထိုင်မှုပုံစံကို လေ့ကျင့်ပေးခြင်းစသည်တို့ဖြင့်
ဤအာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုတွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်ကြပါရန်
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment