နေပြည်တော် ဩဂုတ် ၁၄
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ခရီးသွားလာမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ၏ ခရီးသွားနေရာများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ ဓာတ်ပုံနှင့်ဗီဒီယိုများ ဖလှယ်ရေးတို့ကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။
ဘယ်လာရုစ်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သဘာဝအလှအပများ၊ ကမ်းခြေဒေသများနှင့် အခြားထင်ရှားသော ခရီးသွားနေရာများကို ဘယ်လာရုစ်ပြည်သူများ ပိုမိုသိရှိလာစေရန် သတင်းအချက်အလက်များ ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်များ ရရှိလာပြီဖြစ်၍ မင့်စ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ရှိလာပါက ဘယ်လာရုစ်နိုင်ငံမှခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရန် ပိုမိုလွယ်ကူမည်ဖြစ်ပြီး Tour Operator များအနေဖြင့် ခရီးစဉ်များကို ပိုမိုထိရောက်စွာ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကမ်းခြေခရီးသွားလုပ်ငန်းအပြင် တောင်တက်ခရီးစဉ်များ၊ စွန့်စားခရီးသွားလုပ်ငန်းများနှင့် အင်းလေးဒေသကဲ့သို့ ထူးခြားသည့် ခရီးသွားအတွေ့အကြုံများ ရရှိနိုင်သည့် နေရာများစွာရှိကြောင်း၊ မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားနေရာများနှင့်ယဉ်ကျေးမှု၊ သဘာဝအလှအပများကို ဖော်ပြထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ဘယ်လာရုစ်နိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့်ဖြန့်ဝေ၍ ဘယ်လာရုစ်ပြည်သူများနှင့် Tour Operator များ ပိုမိုသိရှိလာစေရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရုံးအမှတ်(၃၅) လေ့ကျင့်ရေးကဇာတ်ရုံ၌ အနုပညာဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများက ဝတ်စုံပြည့်ကပြဖျော်ဖြေတင်ဆက်သည့် “မေတ္တာ ရွှေစောင်း ဓမ္မရသ ဇာတ်တော်ကြီး” ကို ကြည့်ရှုအားပေးပြီး ပါဝင်ကပြဖျော်ဖြေခဲ့သည့် အနုပညာရှင် ဝန်ထမ်းများအား ဂုဏ်ပြုစကားပြောကြား၍ တက်ရောက်လာကြသည့် ပညာရှင်ကြီးများက အကြံဉာဏ်များ၊ လိုအပ်သည်များကို ဖြည့်စွက်အကြံပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment