နေပြည်တော် ဩဂုတ် ၁၄
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို လေးဂိုး- သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲပြီး တံခွန်စိုက်ဖလားကို ဆွတ်ခူးရရှိသွားသည်။
ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းပွဲကစားချိန် ၆ မိနစ် ၃၇ စက္ကန့်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၇) ငြိမ်းမင်းစိုးက ပထမဦးဆောင်ဂိုးကိုလည်းကောင်း၊ ပွဲကစားချိန် ၁၁ မိနစ် ၄၅ စက္ကန့်တွင် ကျောနံပါတ်(၇) ထွန်းအောင်ကျော်က ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းအတွက် ပထမဆုံးချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၁၇ မိနစ် ၂၄ စက္ကန့်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၁) ထွဋ်ဝေထွန်းက ဒုတိယဂိုးကိုလည်းကောင်း၊ ပထမပိုင်းပွဲပြီးရန် ၁ မိနစ် စက္ကန့် ၄၀ အလိုတွင် ကျောနံပါတ်(၁၁) နိုင်ထွန်းလူက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအတွက် ဒုတိယချေပဂိုးကိုလည်းကောင်း ထပ်မံ သွင်းယူပေးခဲ့သည်။
ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်အတွက် နှစ်သင်းစလုံး အကြိတ်အနယ် အနိုင်ဂိုးများ အပြန်အလှန်သွင်းယူခဲ့ကြရာ ဒုတိယပိုင်းပွဲပြီးဆုံးချိန်တွင် နှစ်သင်းစလုံး တစ်ဖက်သုံးဂိုးစီ သရေ ရလဒ်ဖြစ်နေသည့်အတွက် အချိန်ပို ၅ မိနစ်(၂)ပိုင်း ထပ်မံယှဉ်ပြိုင်ကစားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို လေးဂိုး-သုံးဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂) မင်းခန့်အောင်အား ဆုဖလား (Trophy)နှင့် ဂုဏ်ပြုဆုကြေးငွေကျပ် နှစ်သိန်းကို အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းမှကျောနံပါတ်(၁၁) နိုင်ထွန်းလူအား ဆုဖလား(Trophy)နှင့် ဂုဏ်ပြုဆုကြေးငွေကျပ်နှစ်သိန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က လည်းကောင်း၊ အသန့်ရှင်းဆုံး အသင်းဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းအား ဆုဖလား (Trophy)နှင့် ဂုဏ်ပြုဆုကြေးငွေကျပ် ငါးသိန်း ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်ကလည်းကောင်း၊ ပူးတွဲ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအားတစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေးငွေကျပ် ၁၅ သိန်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေးငွေကျပ် ၁၅ သိန်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေးငွေကျပ် သိန်း ၅၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကလည်းကောင်း၊ ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေး ငွေကျပ်သိန်း ၁၀၀ နှင့် အမျိုးသားတံခွန်စိုက် ဆုဖလားတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် Mass Sports မှ Excellent Sports အဆင့်ထိ ရောက်ရှိစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်မှ ၁၄ ရက် အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ၁၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၂၅ သင်း စုစုပေါင်းပြိုင်ပွဲဝင်အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားအင်အား ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment