Saturday, August 15, 2026

အားကစားဆိုတာ အနိုင်အရှုံးထက် ချစ်ကြည်ရင်းနှီးမှု၊ စည်းကမ်းနဲ့ အားကစားသမားစိတ်ဓာတ်ကို အဓိကထားရတာဖြစ်တဲ့အတွက် ဒီစိတ်ဓာတ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး နောင်လာမယ့်ပြိုင်ပွဲတွေမှာလည်း ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်

 

ဦးထွန်းနိုင်ဦး

နေပြည်တော် ဩဂုတ် ၁၄

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည်နှင့်အညီ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ကြပြီး သာမန်ပွဲကစားချိန်တွင် သုံးဂိုးစီသရေရလဒ် ထွက်ပေါ်နေသဖြင့် အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားကြရာ ပွဲပြီးဆုံးချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို လေးဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။





ပွဲချိန်တစ်လျှောက် နှစ်သင်းစလုံး၏ စိတ်လှုပ်ရှားဖွယ် ယှဉ်ပြိုင်မှုများကို ပရိသတ်များကလည်း အပြိုင်အဆိုင် တစ်ခဲနက်အားပေးခဲ့ကြပြီး အသင်းလိုက် စုစည်းညီညွတ်မှုတို့ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းသည် ပြိုင်ဘက်အသင်းကို အနိုင်ရရှိကာ ယခုနှစ်ပြိုင်ပွဲ၏ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

“၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီအောင်မြင်မှုဟာ နည်းပြတစ်ဦးတည်း၊ ကစားသမားတစ်ဦးတည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ အသင်းတစ်သင်းလုံးရဲ့ စည်းလုံးညီညွတ် မှု၊ စည်းကမ်းရှိမှုနဲ့ အားလုံးတစ်စိတ် တစ်ဝမ်းတည်းကြိုးစားခဲ့ကြတဲ့ရလဒ် ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ပြိုင်ဘက်အသင်းတိုင်းကို အလေးထားပြီးနည်းပြက ပွဲစဉ်အလိုက် နည်းဗျူဟာတွေ ကို ပြင်ဆင်အသုံးချခဲ့ပါတယ်။ ကစားသမားတွေကလည်း လေ့ကျင့်ထားတဲ့အတိုင်း စိတ်ဓာတ်ခိုင်မာစွာနဲ့ အကောင်းဆုံးကစားခဲ့ကြတာကြောင့် အခုလိုအောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုဖလားဟာ အသင်းသားအားလုံးရဲ့ချွေးနဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့ သင်္ကေတတစ်ခုဖြစ်သလို ကျွန်တော်တို့အသင်းအတွက် ပိုမိုကြိုးစားဖို့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်။ အားကစားဆိုတာ အနိုင်အရှုံးထက် ချစ်ကြည်ရင်းနှီးမှု၊ စည်းကမ်းနဲ့ အားကစားသမားစိတ်ဓာတ်ကို အဓိကထားရတာ ဖြစ်တဲ့အတွက် ဒီစိတ်ဓာတ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး နောင်လာမယ့် ပြိုင်ပွဲတွေမှာလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူများ၊ အသင်းကို အစဉ်တစိုက် ပံ့ပိုးအားပေးခဲ့ကြသူများနဲ့ ပွဲစဉ်တိုင်း လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအုပ်ချုပ်သူ ဦးထွန်းနိုင်ဦးက ပြောသည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံး အားကစား သမားဆုရရှိကြသူများ၊ အသန့်ရှင်းဆုံး အသင်းဆုရရှိခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊ ပူးတွဲတတိယဆု ရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပထမချန်ပီယံဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့ကို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုဆုဖလား တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

“ ဒီနေ့ ပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီအောင်မြင်မှုဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ နည်းပြအဖွဲ့၊ အသင်းဖော် အားလုံးနဲ့ကျွန်တော်တို့အသင်းကို အစဉ်တစိုက် အားပေးကူညီခဲ့ကြသူအားလုံးရဲ့ ပူးပေါင်းကြိုးပမ်းမှုရလဒ် ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ပွဲစဉ်တိုင်းကို အလေးထားပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်း ပြိုင်ဘက်အသင်းက အင်အားတောင့်တင်းပြီး အရည်အချင်းရှိတဲ့အသင်းဖြစ်တဲ့အတွက် အခက်အခဲတွေရှိခဲ့ပေမယ့် အသင်းဖော် တွေအချင်းချင်း ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနဲ့ နည်းပြတွေရဲ့မှန်ကန်တဲ့ ညွှန်ကြားမှုတွေကြောင့် အနိုင်ရရှိပြီးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲကို လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ သူတို့ရဲ့အားပေးမှုက ကျွန်တော်တို့ အသင်းအတွက် အင်အားတစ်ရပ် ဖြစ်ခဲ့ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူ မောင်နိုင်ထွန်းလူက ပြောသည်။

ယခုပြိုင်ပွဲကို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဖူဆယ်အားကစားသမားများ အချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး ဖူဆယ်အားကစား နည်း ပိုမိုထွန်းကားပြန့်ပွားလာစေရေး အပြင် "One Team , One Goal" ဆိုသည့် ဖူဆယ်အားကစားနည်း၏ ဆောင်ပုဒ်အတိုင်း “ ပြိုင်ပွဲကွင်းအတွင်း အားကစား သမားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကို စုစည်းပြီးအနိုင်ရရှိရေးနှင့်အသင်း အောင်နိုင်ရေးဆိုသည့် တူညီသည့်ပန်းတိုင် တစ်ခုတည်းဆီသို့ အားလုံးလက်တွဲပြီး တစ်ပြိုင်တည်း တွန်းအားပေးတက်လှမ်း ခြင်းဖြင့် စိတ်တူကိုယ်တူ ညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်” ဆိုသည့် သဘောကိုဖော်ဆောင်နိုင်စေရေးနှင့် လူငယ်များဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးတို့အတွက် ရည်ရွယ်ပြီးကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

“ဒီနေ့ ဗိုလ်လုပွဲကို လာရောက်ကြည့်ရှုရတာ အလွန်ကျေနပ်အားရမိပါတယ်။ အသင်းနှစ်သင်းစလုံးအနိုင်အရှုံးကို အလေးထားယှဉ်ပြိုင်ခဲ့ကြပေမယ့် အားကစားသမားစိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုနဲ့ အပြန်အလှန်လေးစားမှုတွေကို အပြည့်အဝမြင်တွေ့ခဲ့ရပါတယ်။ ပွဲရဲ့အရှိန်အဟုန်၊ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပရိသတ်တွေရဲ့ အားပေးသံတွေကြောင့် ပွဲစဉ်တစ်လျှောက် စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အထူးသဖြင့် နှစ်သင်းစလုံးက အသင်းလိုက်ချိတ်ဆက်ကစားပုံ၊ စည်းလုံးညီညွတ်မှုနဲ့ အနိုင်ရရှိရေးအတွက် နောက်ဆုံးမိနစ်အထိ အရှုံးမပေးဘဲ ကြိုးစားယှဉ်ပြိုင်ခဲ့တာကို သဘောကျမိပါတယ်။ အခုလိုဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွေက ဝန်ထမ်းအချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုကို ပိုမို တိုးတက်စေရုံသာမက ကျန်းမာကြံ့ခိုင်ရေးနဲ့ အားကစားကိုလည်း မြှင့်တင်ပေး တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပရင်ပရိသတ်တွေ ပိုမိုလာရောက်အားပေးမယ့် ယခုလို ပွဲစဉ်ကောင်းတွေ ဖြစ်လာမှာပါ” ဟု ဗိုလ်လုပွဲ ပွဲစဉ်သို့ ဉာဏသိဒ္ဓိရပ်ကွက်မှ လာရောက် ကြည့်ရှုအားပေးသူ ဦးဇော်မျိုးအောင်က ပြောသည်။

ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးကြသည့် ပြည်သူများ ကြည့်ရှု အားပေးကြသည်။

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားနည်းကို ၁၉၉၈ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအားကစားနှင့် ကာယပညာဦးစီးဌာန၏ စီစဉ်ပေးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဖလားဖူဆယ်ပြိုင်ပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာဘောလုံး အားကစားကွင်းတွင် စတင်ကျင်းပခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံဖူဆယ်ပြိုင်ပွဲကို ဩဂုတ် ၃ ရက်မှ ယနေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန များမှ ပြိုင်ပွဲဝင်အသင်း ၂၅ သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မျိုးဆက်သစ်

ဓာတ်ပုံ-ရွှေကိုလေး

No comments:

Post a Comment