နေပြည်တော် ဇူလိုင် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ဆက်သွယ်ရေး၊ လမ်း၊ မြစ်ကူး၊ ချောင်းကူးတံတားများနှင့် အားကစားကွင်း တည်ဆောက်ပေးနိုင်ရေး၊
ယာယီနေရပ်စွန့်ခွာသူများ ထောက်ပံ့ကြေးရရှိရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်း၊
အဆို (၁) ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ဥပဒေကြမ်း (၁) ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကွန်ဟိန်းမဲဆန္ဒနယ်မှ
စိုင်းကျော်လှ၏ ကွန်ဟိန်းမြို့နယ်အတွင်း ကျေးရွာ ၇၂ ရွာတို့တွင် ဆက်သွယ်ရေးကွန်ရက်မရှိပါသဖြင့်
အော်ပရေတာတစ်ခုခုမှ တာဝါတိုင်နှစ်တိုင် တည်ဆောက်ပေးရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို
သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်း၌
မိုဘိုင်းစခန်း ၂၅ ခုကို ဖိုက်ဘာကေဘယ်၊ မိုက္ကရိုဝေ့ဗ်အဝေးဆက်သွယ်ရေးဆက်ကြောင်းများဖြင့်
ချိတ်ဆက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မေးခွန်းမေးမြန်းထားသည့်
ကျေးရွာအုပ်စု ၉ စု၊ ကျေးရွာ ၇၂ ရွာတွင် လျှပ်စစ်ဓာတ်အားမရရှိနိုင်မှု၊ တောင်ကုန်းတောင်တန်းများထူထပ်၍
အဝေးဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ရန် ခက်ခဲမှုတို့ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ်
တည်ဆောက်တပ်ဆင်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း။
သို့သော်လည်း ဝန်ကြီးဌာနအနေဖြင့်
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရန်မလွယ်ကူသည့် နယ်မြေဒေသများတွင် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်လျက်ရှိရာ ကွန်ဟိန်းမြို့နယ်၌ ကွင်းဆင်းတိုင်းတာရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိမှု၊ ဆက်သွယ်ရေးဆက်ကြောင်းများ
တည်ဆောက်ချိတ်ဆက်နိုင်မှု၊ ဘဏ္ဍာငွေရရှိမှုနှင့် နယ်မြေဒေသအခြေအနေများ အပေါ်မူတည်ပြီး
ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက မိုဘိုင်းဆက်သွယ်ရေးစခန်းများ
တည်ဆောက်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပူတာအိုမဲဆန္ဒနယ်မှ
ဦးရားနီ၏ ပူတာအို- နမ်ထွမ်ခူး ကျေးရွာချင်းဆက်လမ်း၏ ကျန်ရှိသော ၁ဝ မိုင်အား ကွန်ကရစ်လမ်းအဖြစ်
ဆက်လက်ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပူတာအို-နမ်ထွမ်ခူး
ကျေးရွာချင်းဆက်လမ်း ၁၄ မိုင် အား နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနှင့်
၂၀၁၄-၂၀၁၅ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ထိ ဘဏ္ဍာနှစ်အလိုက် မြေသားလမ်း၊ ကျောက်လမ်း ဆောင်ရွက်ပေးခဲ့ရာ
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထိ ကွန်ကရစ်လမ်း ၄ မိုင်ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပူတာအို-နမ်ထွမ်ခူးလမ်း
၁၄ မိုင်မှ ကျန်ရှိသည့် ကွန်ကရစ်လမ်း ၁၀ မိုင်ခင်းခြင်းလုပ်ငန်းကို စက်သုံးဆီနှင့်
လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်သည့်အချိန်နှင့်
ရန်ပုံငွေရရှိမှုတို့အပေါ်မူတည်၍ သင့်လျော်သည့် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
လှိုင်သာယာ (အရှေ့ပိုင်း)
မဲဆန္ဒနယ်မှ ဦးအေးချမ်း၏ အမျိုးသမီးရေးရာဝန်ကြီးဌာန အသစ်၏ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များအား
ပြည်သူလူထုသိရှိနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍
အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်
အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လူဦးရေ
၅၁ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေမှာ ၅၃ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ
အမျိုးသမီးများသည် လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိသဖြင့် ယင်းအင်အားကို
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးချနိုင်ရေးကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်
ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုအနေဖြင့် ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ဝန်ကြီးဌာန၏
တရားဝင် Website ၊ လူမှုကွန်ရက်စာမျက်နှာများ၊ ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်များ၊
လက်ကမ်းစာစောင်များနှင့် ရုပ်သံမီဒီယာများ၊ အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊
ဒေသအခြေပြု အသိပညာပေးအစီအစဉ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊
အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍစုံဆက်သွယ်ရေးအစီအစဉ်များမှတစ်ဆင့်
ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အမျိုးသမီးရေးရာဝန်ကြီးဌာနသည်
သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အားသာချက်များကို ပေါင်းစပ်အသုံးချ၍ ပူးပေါင်းဆောင်ရွက်မှုကို
ပိုမိုအားကောင်းစေကာ အမျိုးသမီးများ၏ စွမ်းပကားနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာစေရေးနှင့်
အားလုံးအကျုံးဝင်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေးကို ရည်မှန်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အမျိုးသမီးရေးရာဝန်ကြီးဌာန
ဖွဲ့စည်းတည်ထောင်ခြင်းသည် အဖွဲ့အစည်းဖွဲ့စည်းပုံ ပြောင်းလဲခြင်းမျှသာမဟုတ်ဘဲ အမျိုးသမီးများဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာမူဝါဒများကို ပိုမိုထိရောက်စွာ ညှိနှိုင်းခြင်း၊ အကောင်အထည်ဖော်ခြင်း၊
စောင့်ကြည့်အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ အဖွဲ့အစည်းဆိုင်ရာ
စွမ်းဆောင်ရည်ကို မဟာဗျူဟာမြောက်မြှင့်တင်လိုက်ခြင်းဖြစ်ပါကြောင်း၊ ယင်းမှတစ်ဆင့် အမျိုးသမီးများနှင့်
အမျိုးသမီးငယ်ရွယ်သူများသည် ကာကွယ်စောင့်ရှောက်မှုရရှိပြီး စွမ်းပကားမြင့်မားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ
အသီးသီးတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်ဆောင်ရွက်နိုင်သော အားလုံးအကျုံးဝင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်
ဖြစ်ထွန်းလာစေရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မချမ်းဘောမဲဆန္ဒနယ်မှ
ဦးငွါးရဲ့ဆဲ၏ မချမ်းဘောမြို့နယ်တွင်
မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးနှင့် အားကစားကွင်းများ တည်ဆောက်ပေးရန် အစီအစဉ်
ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက မချမ်းဘောမြို့နယ်တွင်
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားကွင်းမြေနေရာအဖြစ် မြေဧရိယာ
လေးဧကခန့်သာရှိသည့်အတွက် အားကစားရုံတည်ဆောက်ရန် မြေနေရာလုံလောက်မှုမရှိပါကြောင်း၊ သို့သော်လည်း
ရိုးရိုးဘောလုံးကွင်း အလျား ၃၄၅ ပေ၊ အနံ ၂၂၅ ပေ ဖောက်လုပ်ခြင်းနှင့် ရုံးအဆောက်အအုံ
အလျားပေ ၅၀၊ အနံ ၃၅ ပေ တည်ဆောက်ခြင်းအတွက် စုစုပေါင်းငွေကျပ် ၄၇၅ သန်းအား နီးစပ်ရာဘဏ္ဍာရေးနှစ်၏
ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေးအတွက်
ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်
ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဗန်းမော်မဲဆန္ဒနယ်မှ
ဦးကျော်လင်း၏ ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့သည့် လစဉ်ကြေးများကို ၂၀၂၆ ခုနှစ်၌
ဆိုင်းငံ့ထားသည့်အတွက် ဆက်လက်ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့်
ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှုများဆောင်ရွက်ပေးရန် တစ်ဦးလျှင် တစ်လ
ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိုသို့ တစ်နှစ်စာ ထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာ
ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် ငွေကျပ် ၂၂၄၄၆ ဒသမ ၇၈ သန်းကို ထောက်ပံ့ပေးခဲ့ပါကြောင်း။
လက်ရှိတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေကို ၂၀၂၆ ခုနှစ် တွင် မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊
တပ်မတော်က နယ်မြေပြန်လည်စိုးမိုးနိုင်ခဲ့သော မြို့ရွာများတွင် အကြမ်းဖက်သမားများ ဖျက်ဆီးမှုကြောင့်
ပျက်စီးခဲ့သော စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား၊ ရေ၊ မီး၊ လျှပ်စစ်အစရှိသည့် အများပြည်သူဆိုင်ရာ
အခြေခံအဆောက်အအုံများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဦးစားပေးသုံးစွဲနေရသဖြင့်
နေရပ်သို့မပြန်နိုင်သေးသည့် ပြည်သူများအား ဆက်လက်ထောက်ပံ့နိုင်ခြင်းမရှိသေးပါကြောင်း
ဖြေကြားသည်။
ရွှေတောင်မဲဆန္ဒနယ်မှ
ဦးတင်ရွှေ၏ ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်မှ မြို့မကျေးရွာအုပ်စုသို့ သွယ်တန်းထားသော
မြေသားတမံရေကာတာအား တာပေါင်တမံချဲ့ထွင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က
ထန်းလုံးချောင်းတာသည် ရွှေတောင်မြို့နယ် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်နှင့် မြို့မကျေးရွာတို့အကြားတွင်
တည်ရှိပြီး အဆိုပါတာအား ရေဘေးကာကွယ်ရေးအတွက်သာ ရည်ရွယ်တည်ဆောက်ထားခဲ့ခြင်းဖြစ်သည့်အတွက်
တာတမံပေါ်မှ ကားကြီးကားငယ်များ နေ့စဉ်ဖြတ်သန်း၍ ကျေးရွာချင်းဆက်လမ်းအဖြစ် အသုံးပြုပါက
အထူးသဖြင့် မိုးရာသီကာလတွင် တာတမံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း။
တာတမံထိခိုက်ပျက်စီးမှု
လျော့နည်းစေရန်နှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရေး တာတမံစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့်
ဒေသခံပြည်သူများ သွားလာနိုင်ရန် တစ်တန်အောက် မော်တော်ယာဉ်၊ ထော်လာဂျီနှင့် ဆိုင်ကယ်များမှလွဲ၍
မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မရှိစေရေးအတွက် သံမဏိဂိုးတိုင်မောင်းတံဂိတ် နှစ်ခုကို
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ထားရှိခဲ့ပြီးဖြစ်ကြောင်း၊
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဒေသနေပြည်သူများ အရေးပေါ်အကြောင်းကိစ္စရှိက ရာသီမရွေး
လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ရွာသာယာ-နွားခြံကုန်း-မြို့မလမ်း အရှည် ၃
မိုင် ၇ ဒသမ ၅ ဖာလုံအား ရွှေတောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၃ မိုင် နှင့် ၀ ဒသမ ၅ ဖာလုံ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊
ကျန်ရှိသည့် လမ်းအရှည် ၇ ဖာလုံကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တာထိပ်ပြင်အကျယ် ၉ ပေသာရှိသော ထန်းလုံးချောင်းတာသည်
ရေဘေးကာကွယ်ရေးတာဖြစ်သည့်အတွက် တာတမံကြံ့ခိုင်မှုမထိခိုက်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မာစေရန်အတွက်
မော်တော်ယာဉ် နှစ်စီးရှောင်နိုင်သည်အထိ တာတစ်လျှောက်လုံး တာပေါင်ချဲ့ထွင် ဆောင်ရွက်ပေးရန်အတွက်
လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
သနပ်ပင်မဲဆန္ဒနယ်မှ
ဦးအောင်ဇော်လင်း၏ သနပ်ပင်မြို့နယ် ကျေးရွာအုပ်စု ၇ စု၊ မင်းရွာ-ကုက္ကို ရေနုတ်မြောင်းဖျားရှိ
သောင်အတွင်း တိမ်ကောနေသည့် ရိုးချောင်းအား တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မင်းရွာ-ကုက္ကို
ရေနုတ်မြောင်းသည် ရေကြီးကွင်း၊ ရေနက်ကွင်းများ၏ မိုးစပါးစိုက်ဧရိယာများဖြစ်သည့် စိုက်ဧက
၂၁၃၅၃ အား ရေထုတ်နုတ်ပေးပြီး တောင်သူများအတွက် အရေးပါသည့် ရေနုတ်မြောင်းဖြစ်ပါကြောင်း၊
အဆိုပါရေနုတ်မြောင်းအား စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက်
လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ဌာနမှတူးဖော်ခဲ့ပြီး ယခုအခါ ရေနုတ်မြောင်းဖျားရှိ စစ်တောင်းမြစ်အတွင်း
မြစ်ကြောင်းပြောင်းလဲပြီး သဲသောင်များပေါ်ထွန်းလာသဖြင့် ရေစီးဆင်းနိုင်မှုနှင့် ရေထုတ်နုတ်နိုင်မှုတို့
အားနည်းလာသည်ကို တွေ့ရှိရပါကြောင်း။
ရေနုတ်မြောင်းအတွင်းစီးဆင်းသော
ရေပမာဏကို လုံလောက်စွာထုတ်နုတ်နိုင်ရန်အတွက် သောင်အတွင်းရိုးချောင်းကို အလျား ၄ ဒသမ
၅၀ မိုင်၊ အကျယ် ပေ ၃၀ နှင့် အနက် ၈ ပေတူးဖော်ရန်လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍
သနပ်ပင်မြို့နယ် ကျေးရွာအုပ်စု ၇ စုရှိ မိုးစပါးများ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရန်အတွက်
သောင်အတွင်း တိမ်ကောနေသည့် ရိုးချောင်းတူးဖော်ခြင်းလုပ်ငန်းအား ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာနှစ်
တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ကြံခင်းမဲဆန္ဒနယ်မှ
ဦးနိုင်မင်းဦး၏ ကြံခင်းမြို့နယ် ကြို့ပင်စုကျေးရွာအုပ်စုအတွင်း၌ ကျောက်နီချောင်းသံကူကွန်ကရစ်
ရေတားတမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က
ကြံခင်းမြို့နယ် ကြို့ပင်စုကျေးရွာအုပ်စုအနီး ကျောက်နီချောင်းပေါ်တွင် ခိုင်မာသော သံကူကွန်ကရစ်ရေတားတမံ
(ရေလွှဲဆည်) တည်ဆောက်ခြင်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်းရန်ပုံငွေ)
မှ ငွေကျပ် သိန်း ၆၅၀၀ ခွဲဝေရရှိခဲ့ပါကြောင်း၊ အဆိုပါအချိန်ကာလသည် ကိုဗစ်ကာလဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရန်အတွက်
တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူရန်ခက်ခဲခြင်း၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်ခက်ခဲခြင်းတို့ကြောင့်
ရန်ပုံငွေ ပြန်လည်အပ်နှံခဲ့ရပါကြောင်း။
သို့သော် ကြံခင်းမြို့နယ်
ကြို့ပင်စုကျေးရွာအုပ်စု ကျောက်နီချောင်းပေါ်တွင် သံကူကွန်ကရစ်ရေတား တမံ(ရေလွှဲဆည်)
တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေပြောင်းလဲမှုများကို ကွင်းဆင်းတိုင်းတာခြင်း၊
အကြိုစူးစမ်းလေ့လာခြင်း၊ ဒီဇိုင်းပုံစံ ပြန်လည်စိစစ်တွက်ချက်ခြင်းနှင့် ခန့်မှန်းခြေစာရင်း
ပြန်လည်တွက်ချက်ခြင်းများ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေရှိပါက
လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ရန်ပုံငွေအား နီးစပ်ရာဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင်
ထည့်သွင်းတင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ
ဦးမျိုးမြင့်သိန်း၏ ဝမ်းတွင်းမြို့နယ်ရှိ ဆူးဖြူကန်-တောင်ဘို၊ သပြေရိုးကျေးရွာမှ ရန်ကုန်-
မန္တလေးလမ်းသို့ သွားလာသည့် ရိုးကူးတံတားကြီး၊ ပဲနံ့သာရွာနှင့် ရွှေတောင်ရွာ ဆက်သွယ်သော
ရိုးကူးတံတားနှင့် ကံကြီးကျေးရွာနှင့် ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းကို ဆက်သွယ်သောလမ်းပေါ်ရှိ
ရိုးကူးတံတားများအား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဝမ်းတွင်းမြို့နယ် ပဲနံ့သာရွာ-ရွှေတောင်ရွာ
ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရိုးကူးတံတား ပေ ၁၃၀နှင့် ကံကြီးကျေးရွာနှင့် ဘုရားဖြူ-ရွှေပေါ်ကျွန်းလမ်းမကြီး
ဆက်သွယ်သည့်လမ်းပေါ်ရှိ ရေကျော်တံတားတို့အား ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်
ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆူးဖြူကန်-တောင်ဘို-သပြေရိုးကျေးရွာမှ ရန်ကုန်-မန္တလေး
လမ်းမသို့ ချိတ်ဆက်သည့်လမ်းပေါ်ရှိ ရိုးကူးတံတား ပေ ၈၀ အား ကွန်ကရစ်တံတားအဖြစ်မြှင့်တင်ရန်
ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး
တိုးတက်မှုအကျိုးပြုမှုနှုန်း လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ်မူတည်၍
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
မြစ်သားမဲဆန္ဒနယ်မှ
ဦးစန်းမြင့်၏ မြစ်သားမြို့နယ် အိမ်ရှေ့တောင်ရွာနှင့် ခရုတုတ်ရွာအကြားရှိ ပန်းလောင်မြစ်ကူးတံတားအား
မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး
ဦးသိုက်စိုးက မြစ်သားမြို့နယ် ပန်းလောင်မြစ်ကူးတံတားသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်
ပြည်ထောင်စုမှ စီမံခန့်ခွဲသော တံတားဖြစ်ပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူများက
ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သော အလျား ပေ ၁၅၀၊ အကျယ် ၅ ပေ၊ အမြင့် ၁၅ ပေရှိသော ဆိုင်ကယ်ကူးကြိုးတံတားဖြစ်ပါကြောင်း။
အဆိုပါတံတားအား
ကွန်ကရစ်တံတားအသစ် တည်ဆောက်မည်ဆိုပါက ခန့်မှန်းငွေကျပ် သန်း ၁၃၂၀ ကုန်ကျမည်ဖြစ်ပြီး
ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း လက်ရှိလိုအပ်မှုတို့ကို
ဦးစားပေးရွေးချယ်မှုအပေါ်မူတည်၍ ကြိုးတံတားပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းအား ၂၀၂၇-၂၀၂၈
ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး
ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား လတ်တလောဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့်
၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်မှသာ တိုင်းဒေသကြီးရန်ပုံငွေလျာထားတင်ပြပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မင်းတုန်းမဲဆန္ဒနယ်မှ
ဦးစိုးနိုင်၏ မင်းတုန်းမြို့နယ်ရှိ မင်းတုန်း၊ ဘူးတောင် - ပုသိမ် - မုံရွာ ကားလမ်းမကြီးနှင့်
ဆက်သွယ်သည့်လမ်းအား အဆင့်မြှင့်တင်ခြင်း၊ သွေးကျောက်ချောင်းတံတား၏ ချဉ်းကပ်လမ်းအား
မြေထိန်းနံရံတည်ဆောက်ခြင်း၊ Box Culvert တစ်စင်း တည်ဆောက်ခြင်းတို့အား ခွင့်ပြုပေးပါရန်
သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မင်းတုန်းမြို့နယ်
မင်းတုန်း-ဘူးတောင်း-ပုသိမ်-မုံရွာဆက်သွယ်ရေးလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအရှည် ၃ မိုင် ၄ ဖာလုံရှိသည့် ပြည်ထောင်စုမှ
စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းဦးစီးဌာနပိုင် ပုသိမ်-မုံရွာလမ်းနှင့်ချိတ်ဆက်ထားသည့်
ပထမဦးစားပေးအဆင့် ကတ္တရာလမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းအား ကတ္တရာခင်းခြင်းဆောင်ရွက်ထားသည်မှာ
နှစ်ကာလကြာမြင့်နေခြင်း၊ အချို့နေရာများတွင် နှစ်စဉ်ရေလွှမ်းမိုးမှုခံရသဖြင့် များစွာပျက်စီးနေခြင်းတို့ကြောင့်
ယခုအချိန်တွင် ယာဉ်သွားလာမှုခက်ခဲလျက်ရှိပြီး ရေလွှမ်းမိုးမှုဒဏ်ကြောင့် ကတ္တရာလမ်းများပြင်ဆင်ရန်၊
မြေထိန်းနံရံနှင့် Box Culvert တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပျက်စီးနေသော
ကတ္တရာလမ်းအား နှစ်စဉ်ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်နှင့်
သွေးကျောက်ချောင်းတံတား၏ ချဉ်းကပ်လမ်းအား မြေထိန်းနံရံတည်ဆောက်ခြင်း၊ Box Culvert တစ်စင်း
တည်ဆောက်ခြင်းလုပ်ငန်းများမှာ ယခုအခါ နယ်မြေလုံခြုံရေးအခြေအနေအရ လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း
ဖြေကြားသည်။
မှော်ဘီမဲဆန္ဒနယ်မှ
ဒေါက်တာနေလင်း၏ မင်းရွာ-လယ်ပြင်စုရွာ-လိပ်ချောင်းရွာ- ရိုးကြီးရွာများသို့ ကျေးရွာချင်းဆက်လမ်းနှင့်
လယ်ပြင်စုရွာ-မိုးကြိုးပစ်ရွာ-သာယာကုန်းကျေးရွာများသို့ ကျေးရွာချင်းဆက်လမ်းတို့အား
အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက
မှော်ဘီမြို့နယ် မင်းရွာ-လယ်ပြင်စုရွာ-လိပ်ချောင်းရွာ-ရိုးကြီးရွာများသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်
လမ်းအရှည် ဆက်သွယ်သော လမ်းမှာ ၄ မိုင် ၅ ဒသမ ၃၉ ဖာလုံရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော
ကျောက်လမ်းအမျိုးအစားဖြစ်ပါကြောင်း၊ အဆိုပါကျောက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက
ခန့်မှန်းငွေကျပ် ၃၉၃၀ ဒသမ ၄၃၇ သန်း ကုန်ကျမည်ဖြစ်ပြီး ၁ မိုင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက
ခန့်မှန်းငွေကျပ် သန်း ၈၆၀ ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ၁ မိုင်
ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး
ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
အလားတူ မှော်ဘီမြို့နယ်
လယ်ပြင်စုရွာ - မိုးကြိုးပစ်ရွာ - သာယာကုန်းရွာများသို့ ဆက်သွယ်သောလမ်းမှာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်
လမ်းအရှည် ၂ မိုင် ၇ ဒသမ ၈ ဖာလုံရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊
ကတ္တရာလမ်းအရှည် ၆ ဒသမ ၂၃ ဖာလုံနှင့် ကျန် ၂ မိုင် ၁ ဒသမ ၅၇ ဖာလုံမှာ ကျောက်လမ်းအမျိုးအစားဖြစ်ပါကြောင်း၊
လက်ရှိမြေပြင်အခြေအနေအရ အဆိုပါကတ္တရာလမ်းပိုင်းတွင် ယာဉ်များသွားလာမှုများသဖြင့် ကတ္တရာအပွန်းခံလွှာပျက်စီးနေပြီး
ကျောက်ချောလမ်းပိုင်းတွင် ချိုင့်ခွက်များ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
လက်ရှိလိုအပ်မှုတို့ကို
ဦးစားပေးရွေးချယ်၍ ကတ္တရာလမ်းပိုင်း ၆ ဒသမ ၂၃ ဖာလုံအား ထပ်ပိုးလွှာခင်းခြင်းနှင့် ကျန်အပိုင်း
၂ မိုင် ၁ ဒသမ ၅၇ ဖာလုံ ကျောက်လမ်းအား ကျောက်လမ်းအနိမ့်အမြင့် ဖြေညှိခြင်းနှင့် အပွန်းခံလွှာခင်းခြင်းတို့ကို
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ကျောင်းကုန်းမဲဆန္ဒနယ်မှ
ဒေါက်တာထိန်ဝင်း တင်သွင်းသည့် “မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများမှရရှိသော
ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျထိရောက်စွာစီမံခန့်ခွဲ၍ နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
မဟာဗျူဟာမြောက်မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်ရန်လိုအပ်သည့် “အမျိုးသားလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်”
တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို”နှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လပွတ္တာမဲဆန္ဒနယ်မှ
ဦးဝင်းဆွေ(ခ) ဦးဝင်းရွှေက မြန်မာနိုင်ငံအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ
ကောက်ယူရရှိပြီးသော အချက်အလက်များသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမူဝါဒများ
ချမှတ်ခြင်းနှင့် စီမံကိန်းများ ရေးဆွဲခြင်းတို့အတွက် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်သော
သော့ချက်များဖြစ်ကြောင်း၊ ယင်းအချက်အလက်များသည် နိုင်ငံတော်အတွက် မူဝါဒများ၊ မဟာဗျူဟာစီမံကိန်းများရေးဆွဲခြင်း၊
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ မြှင့်တင်နိုင်ခြင်း၊ အခြေခံအဆောက်အအုံနှင့် အိမ်ယာဖွံ့ဖြိုးတိုးတက်စေခြင်း၊
အလုပ်အကိုင်၊ စီးပွားရေး၊ အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍကြီးတို့တွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
၂ဝ၂၄ ခုနှစ် လူဦးရေနှင့်
အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေအသုံးပြုရမည့်
အရေးပါဆုံး အချက်အလက်အရင်းအမြစ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း နယ်ပယ်အလိုက်၊
ကဏ္ဍအလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေ၊ သန်းခေါင်စာရင်းပါ အချက်အလက်များအား
ကိုးကားအခြေပြု၍ မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင်
သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် အကောင်အထည်ဖော်မှု၊
သွက်လက်မြန်ဆန်စေရန် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ ကြီးကြပ်ခြင်း၊ တွန်းအားပေးခြင်းကို
ဆောင်ရွက်မည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ရပါကြောင်း
အဆိုနှင့်စပ်လျဉ်း၍ ထောက်ခံဆွေးနွေးသည်။
သာပေါင်းမဲဆန္ဒနယ်မှ
ဦးမောင်မောင်စိုးက စာရင်းအင်းအချက်အလက်များ ရရှိခြင်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိကကျသည့် လိုအပ်သည့်နေရာများတွင် ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား၊ လျှပ်စစ်နှင့် ရေပေးဝေရေးစီမံကိန်းများကို
မှန်ကန်စွာ ချမှတ်နိုင်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက်ကို လိုအပ်ချက်အလိုက် ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ခြင်း၊
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို ပိုမိုတိကျစွာ
ဆောင်ရွက်နိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို
ပိုမိုကောင်းမွန်စွာ စီမံနိုင်ခြင်း၊ ရေရှည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို
အချက်အလက်အခြေပြုနည်းလမ်းဖြင့် ရေးဆွဲနိုင်ခြင်း၊ ဒီဂျစ်တယ်အစိုးရဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူရနိုင်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ရာ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်
အခြေခံအဆောက်အအုံစီမံကိန်းများတွင် အရင်းအမြစ်များကို ပိုမိုထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ခြင်း၊
မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ခြင်း၊ Sustainable
Development Goals (SDGs) အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေခြင်း၊
E-Government နှင့်ချိတ်ဆက်နိုင်သည့် Data စနစ်များ တည်ဆောက်နိုင်ခြင်း၊ AI ၊ GIS နှင့်
Big Data နည်းပညာများကို အသုံးပြုလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည့်အတွက်
အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ
ဦးနိုင်ဝင်းက နိုင်ငံတော်အဆင့် ဦးဆောင်ကော်မရှင်ဖွဲ့စည်းနိုင်ပါက လူဦးရေ၊ ကျားမ၊
Gender အုပ်စု၊ မသန်စွမ်းအရေအတွက် အိမ်အကြောင်းအရာများ သစ်သားအိမ်၊ တိုက်အိမ်၊ ဝါးတဲအိမ်၊
ဓနိမိုး၊ ထရံကာစသည်ဖြင့် ကောက်ယူပြီး ကိန်းဂဏန်းများအပေါ်မူတည်၍ ပညာရေး၊ ကျန်းမာရေး၊
လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရှာဖွေရေး၊ ဆင်းရဲမှုလျှော့ချရေး၊ လူငယ်၊ အမျိုးသမီး၊
သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော မဟာဗျူဟာ၊ နည်းဗျူဟာ
(Plan) များ ကောင်းမွန်စွာ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
ပဲခူးမဲဆန္ဒနယ်မှ
ဦးမင်းခန့်ကျော်က နိုင်ငံတိုးတက်လာအောင်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာအောင်၊
အလုပ်အကိုင်များရရှိလာအောင် မည်သို့မဟာဗျူဟာမြောက်အစီအမံများ ရေးဆွဲမည်၊ မည်ကဲ့သို့
အကောင်အထည်ဖော်မည်စသည်ဖြင့် စနစ်တကျပုံဖော်နိုင်မှသာ နိုင်ငံအနာဂတ် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊
ထို့အတွက် စနစ်တကျပုံဖော်နိုင်ရန်အတွက်လည်း သီးခြားဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ (သို့)
ကော်မရှင်တစ်ရပ် လိုအပ်ပါကြောင်း၊ လူဦးရေသန်းခေါင်စာရင်းအချက်အလက်များကို စီမံခန့်ခွဲရန်
ဖွဲ့စည်းသည့် နိုင်ငံတော်အဆင့် မဟာဗျူဟာကော်မရှင်သည် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်မည်ဆိုပါက
အချက်အလက်များအခြေပြုကာ အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်သင့်ပါကြောင်း။
မူဝါဒများချမှတ်ခြင်း၊
မူဝါဒများ အကောင်အထည်ဖော်ခြင်းတို့မှာ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် တိတိကျကျတာဝန်ပေးမှသာ
ကောင်းမွန်သော အစီအမံများကို ဖော်ထုတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍
တန်ဖိုးရှိလှသော မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများမှ ရရှိသော
ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျ ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် အမျိုးသားလူဦးရေနှင့်
ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဗိုလ်တထောင်မဲဆန္ဒနယ်မှ
ဦးဉာဏ်ဝင်းထိုက်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများမှ ကောက်ယူရရှိသော
စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များကို စနစ်တကျ ထိရောက်စွာ စီမံခန့်ခွဲ၍ ပြည်သူများ၏လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်သော
မဟာဗျူဟာမြောက်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်နိုင်ရန် ဌာနစုံမှ လူပုဂ္ဂိုလ်များပါဝင်သော
နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဆိုလျှင် စာရင်းကောက်ယူမှုမှ
ရရှိထားသည့် ကိန်းဂဏန်းအချက်အလက်များကို ထိရောက်စွာ စီမံခန့်ခွဲပြီး နိုင်ငံတော်၏ မူဝါဒများချမှတ်အသုံးပြုခြင်း၊
ဒေသအလိုက် ဖွံ့ဖြိုးမှုစီမံကိန်းများရေးဆွဲခြင်း၊ ဘတ်ဂျက်နှင့် အရင်းအမြစ်များကို လိုအပ်ချက်အလိုက်
ခွဲဝေနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူမှုဖူလုံရေး အစီအစဉ်များရေးဆွဲခြင်း၊
သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများကို ကြိုတင်ပြင်ဆင် ကာကွယ်ရေးအစီအမံများအပြင်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအတွက် နိုင်ငံ၏ မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်းများကို
ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်သူများအတွက် အခြေခံကျသည့် အခန်းကဏ္ဍများမြှင့်တင်ရန်
ကိစ္စများကိုလည်း ထိမိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် လိုအပ်သည့်
အခန်းကဏ္ဍ၊ ပညာရေးမြှင့်တင်မှုကဏ္ဍ၊ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍ၊ အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးရေးမြှင့်တင်မှုကဏ္ဍ၊
လူငယ်ရေးရာကဏ္ဍများနှင့်စပ်လျဉ်း၍ မူဝါဒရေးဆွဲနိုင်မည်ဖြစ်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ
ဒေါ်စမ်းစမ်းဌေးက လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိလာသော အချက်အလက်များကိုအခြေခံ၍
(လူမှုရေး၊ စီးပွားရေး) ကိန်းဂဏန်းများအရ အလုပ်လက်မဲ့ လျှော့ချရေးစီမံချက်များချမှတ်နိုင်ခြင်း၊
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီနိုင်ခြင်းလုပ်ငန်းစဉ်၊ အခြေခံလူတန်းစားများအတွက်
ဆင်းရဲနွမ်းပါးမှုပပျောက်နိုင်ရေး၊ ကုန်ဈေးနှုန်းထိန်းညှိနိုင်ရေး၊ မဟာဗျူဟာစီမံကိန်းချမှတ်ရန်လိုပါကြောင်း၊
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် အမျိုးသမီးများအား စာရင်းဇယားစစ်တမ်းအရ ပညာရေး၊ ကျန်းမာရေး၊
အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်သည့်အခါ နိုင်ငံအတွက် လိုအပ်လျက်ရှိသော
အခန်းကဏ္ဍများတွင် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်သောကြောင့်
အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ပေါင်းတည်မဲဆန္ဒနယ်မှ
ဒေါ်ဆွေဆွေသင်းက ကော်မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ပါက ပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ် ကလေးဦးရေ၊
မူလတန်း၊ အလယ်တန်း၊ အထက်တန်းအရွယ် ကျောင်းသားဦးရေ၊ ကျောင်းပြင်ပ အရွယ်ရောက်နေသော ကလေးဦးရေ၊
ဆရာ ဆရာမ လိုအပ်ချက်၊ စာသင်ခန်းနှင့် ကျောင်းဆောင်လိုအပ်ချက်တို့ကို စနစ်တကျ ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊
ကျောင်းအပ်နှံစာရင်းကို အခြေခံထားသည့်အတွက် ကျောင်းနေအရွယ် ကလေးစာရင်းကောက်ယူထားရှိပါက
ကျောင်းအပ်နှံရန်ကျန်သူစာရင်းကို အတိအကျသိရှိလျှင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ ဝိုင်းဝန်း၍
စာသင်ကျောင်းအရောက်ပို့ခြင်းဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံ KG + 9 အခမဲ့သင်ကြားခွင့်ရရှိပြီး
ပညာရေးရည်မှန်းချက် အောင်မြင်မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးကဏ္ဍတွင်
မွေးစာရင်း၊ သေစာရင်း အသက်အုပ်စုအလိုက် လူဦးရေ၊ ကိုယ်ဝန်ဆောင်မိခင် ဦးရေ၊ သက်ကြီးရွယ်အိုဦးရေ၊ မသန်စွမ်းသူဦးရေ သိရှိနိုင်ပါက
ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားရေးနှင့် ဆေးဝါးဖြန့်ဖြူးရေးတို့ကို
အမှန်တကယ်လိုအပ်သည့် ဒေသများသို့ ထိရောက်စွာ စီမံနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကျေးရွာအုပ်စုအလိုက်
အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ သေစာရင်း၊ ပြောင်းရွှေ့ဝင်ထွက်မှုများနှင့် လူဦးရေပြောင်းလဲမှုအခြေအနေများကို
စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်းထားနိုင်ပါက ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ၊ လူမှုကူညီရေးလုပ်ငန်းများ၊
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်
များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။
အမျိုးသားလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု
လူဦးရေစာရင်းအချက်အလက်များကို စနစ်တကျထိန်းသိမ်းခြင်း၊ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆာင်ရွက်စေခြင်း၊
လိုအပ်သည့်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မွမ်းမံနိုင်စေခြင်း၊ မူဝါဒချမှတ်ရာတွင်
အထောက်အကူပြုစေသည့်အစီရင်ခံစာများ ပြုစုတင်ပြခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
ထိုသို့ဆောင်ရွက်နိုင်မှသာ လူဦးရေစာရင်းကောက်ယူရာတွင် အသုံးပြုခဲ့သော အချိန်၊ လူအင်အားနှင့်
ဘဏ္ဍာငွေတို့၏ အကျိုးကျေးဇူးကို အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း အဆိုနှင့်စပ်လျဉ်း၍
ထောက်ခံဆွေးနွေးသည်။
ပင်လောင်းမဲဆန္ဒနယ်မှ
ဒေါ်နန်းရီရီဝင်းက အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို ဖွဲ့စည်းနိုင်ပါက
လူဦးရေပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ လေ့လာဆန်းစစ်နိုင်မည်ဖြစ်ပြီး ပညာရေး၊
ကျန်းမာရေး၊ အလုပ်အကိုင်၊ အိမ်ရာ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို
အထောက်အထားအခြေပြုနည်းလမ်းဖြင့် ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကလေးသူငယ်များ၊
လူငယ်များ၊ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူများနှင့် သက်ကြီးရွယ်အိုများ၏ အချိုးအစားပြောင်းလဲလာမှုကို
ကြိုတင်သုံးသပ်နိုင်ခြင်းကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊
အလုပ်အကိုင်ဖန်တီးရေးနှင့် လူမှုဖူလုံရေးစနစ်များကို ရေရှည်မျှော်မှန်းချက်ဖြင့် စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
အထူးသဖြင့် ပြည်သူဗဟိုပြု
ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားစီမံကိန်းများရေးဆွဲရေးနှင့်
နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်
ယခုအဆိုသည် အချိန်နှင့်လျော်ညီပြီး အကျိုးဖြစ်ထွန်းစေမည့် အဆိုတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်မူဝါဒများ
ချမှတ်အကောင်အထည်ဖော်နိုင်ရန် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအဆိုအား
ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဝေါမဲဆန္ဒနယ်မှ
ဦးအောင်နိုင်က မြန်မာနိုင်ငံသည် လူဦးရေအလွန်အမင်းများပြားသော အိမ်နီးချင်းနိုင်ငံများ၏အကြား
တည်ရှိနေသဖြင့် ကာကွယ်ရေး၊ လုံခြုံရေးနှင့် လူဦးရေဆိုင်ရာ စီမံခန့်ခွဲမှုမူဝါဒများကို
မဟာဗျူဟာမြောက်ချမှတ်ရန်လိုအပ်ပါကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်သည် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို
အဓိကထား ဦးတည်သော်လည်း ယခုအဆိုပြုသည့် ကော်မရှင်သည် ရရှိလာသောအချက်အလက်များကိုအခြေခံ၍
ရေရှည်အမျိုးသားအကျိုးစီးပွားအတွက် လူဦးရေမူဝါဒများကို မဟာဗျူဟာမြောက် ပြောင်းလဲချမှတ်နိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ဤအဆိုသည်
လက်ရှိကာလအတွက်သာမကဘဲ နောင်လာမည့် ဆယ်စုနှစ်များစွာအထိ မိမိတို့နိုင်ငံ၏ စီးပွားရေး၊
လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို သိပ္ပံနည်းကျကျ ကြိုတင်ဗျူဟာခင်းကာကွယ်ပေးမည့်
နိုင်ငံတော်အဆင့် မျှော်မှန်းချက်ကြီးဖြစ်သည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
လှိုင်သာယာမဲဆန္ဒနယ်မှ
ဦးအေးချမ်းက လူဦးရေ သန်းခေါင်စာရင်းမှရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်မှ ငွေအင်အား၊
လူအင်အား၊ အချိန်အင်အား များစွာသုံးစွဲပြီးမှ ရရှိလာခြင်းဖြစ်ပါကြောင်း၊ အလွန်အဖိုးတန်လှသော
အချက်အလက်များကို စာအုပ်ပေါ်တွင်သာရိုက်နှိပ်ထားပြီး အပြင်လက်တွေ့တွင် အသုံးမပြုပါက
မိမိတို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအလယ်တွင် အစဉ်အမြဲ နောက်ကနေရမည်ဖြစ်ပါကြောင်း
အဆိုအား ထောက်ခံဆွေးနွေးသည်။
ထို့ပြင် တာချီလိတ်မဲဆန္ဒနယ်မှ
ဦးကျော်ငြိမ်းအောင်၊ ကျွန်းစုမဲဆန္ဒနယ်မှ ဦးအောင်ကျော်နှင်းနှင့် မှော်ဘီမဲဆန္ဒနယ်မှ
ဒေါက်တာနေလင်းတို့က အဆိုနှင့်စပ်လျဉ်း၍ ထောက်ခံအကြံပြု ဆွေးနွေးကြသည်။
ထို့နောက် အဆိုနှင့်စပ်လျဉ်း၍
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက လူဦးရေဆိုင်ရာမူဝါဒများ
ရေးဆွဲရာတွင် မိမိတို့နိုင်ငံအတွက် သင့်လျော်မှုအရှိဆုံး အနေတော် လူဦးရေ၊ မိမိနိုင်ငံ၏
သယံဇာတကြွယ်ဝမှု၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခြေအနေ၊ ပထဝီဒေသအလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု၊
မိမိနိုင်ငံ၏ လက်ရှိလူဦးရေတိုးနှုန်း၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြောင်းရွှေ့နှုန်း၊
မျှော်မှန်းသက်တမ်းတို့နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ၏
လူဦးရေသိပ်သည်းမှု၊ ပျံ့နှံ့နေထိုင်မှုနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ကာကွယ်ရေးအင်အား
လိုအပ်ချက်တို့သည်လည်း ထည့်သွင်းစဉ်းစားသုံးသပ်ရမည့်အချက်များဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း
လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်မည့် လူဦးရေမူဝါဒများ
ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ လူဦးရေမူဝါဒနှင့်ဆက်နွှယ်သည့်အစီအစဉ်များ
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံ၌
လူဦးရေမူဝါဒရေးဆွဲနိုင်ခြင်းမရှိသေးသော်လည်း လူဦးရေမူဝါဒနှင့် ဆက်နွှယ်သည့် အစီအစဉ်များအဖြစ်
မိသားစုစီမံကိန်းချမှတ်နိုင်ရေး အသိပညာပေးအစီအစဉ်များ၊ သားဆက်ခြားရေး အသိပညာပေးနှင့်
ဝန်ဆောင်မှုပေးခြင်းအစီအစဉ် များ၊ ကျား/ မ တန်းတူညီမျှမှုရရှိရေး အသိပညာပေးအစီအစဉ်များ၊
သက်ကြီးရွယ်အို ထောက်ပံ့ပေးခြင်းအစီအစဉ်များ၊ ပြည်တွင်းအလုပ်အကိုင်ရရှိရေးနှင့် ပြည်ပနိုင်ငံများသို့
အလုပ်သမားစေလွှတ်ခြင်းဆိုင်ရာ အစီအစဉ်များကို သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို
လေ့လာတွေ့ရှိရပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည်
မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ
စဉ်ဆက်မပြတ်ရရှိရန်၊ လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာပြောင်းလဲမှုများ နှိုင်းယှဉ်လေ့လာ
သုတေသနပြုပြီး လိုအပ်သောမူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်နှင့်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအညွှန်းကိန်းများရရှိနိုင်ရန် ရည်ရွယ်၍
သန်းခေါင်စာရင်းများကို စဉ်ဆက်မပြတ် ကောက်ယူခဲ့ပါကြောင်း။
နောက်ဆုံးသန်းခေါင်စာရင်းအဖြစ်
၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို နေပြည်တော်၊ တိုင်းဒေသကြီး/
ပြည်နယ်များတွင် စာရင်းကောက်ယူခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့နယ်ပေါင်း
၃၃၀ ရှိသည့် အနက် ၁၅၂ မြို့နယ်ကို ရာနှုန်းပြည့်စာရင်းကောက်ယူနိုင်ခဲ့ပါကြောင်း၊ တစ်စိတ်တစ်ဒေသ
စာရင်းကောက်ယူနိုင်ခဲ့သော မြို့နယ် ၁၂၀ ရှိပြီး မြို့နယ်လုံးကျွတ်သန်းခေါင်စာရင်း မကောက်ယူနိုင်သည့်
မြို့နယ် ၅၈ မြို့နယ်ရှိပါကြောင်း၊ စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၃၇ သန်းတွင် ၃၂ ဒသမ ၁၈
သန်းကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပြီး ၁၉ ဒသမ ၁၉ သန်းမှာ Earth Remote Sensing
(ERS) နည်းပညာအသုံးပြုခန့်မှန်းထားသော လူဦးရေဖြစ်ပါကြောင်း။
တိုင်းဒေသကြီး၊
ပြည်နယ်အလိုက် စာရင်းကောက်ယူရရှိမှုအခြေအနေကို တင်ပြရမည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့သည် ၁၀၀ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးသည်
၈၇ ဒသမ ၁ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသည် ၇၀ ဒသမ ၆ ရာခိုင်နှုန်း၊ မွန်ပြည်နယ်သည်
၇၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များသည် ၇၀ ရာခိုင်နှုန်းပြည့်မီရန်
အနည်း ငယ်လိုအပ်သောကြောင့် မူဝါဒရေးဆွဲသူများ၊ စီမံကိန်းရေးဆွဲသူများနှင့် သုတေသီများအတွက်
အခြေခံအချက်အလက်များအဖြစ် အသုံးပြုနိုင်သော်လည်း မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင်
အခြားသောဌာနဆိုင်ရာများမှ အချက်အလက်များနှင့် ပေါင်းစပ်အသုံးပြုသင့်ပါကြောင်း။
အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း၍
လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် လူဦးရေမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာတွင်
တစ်မျိုးသားလုံး လွှမ်းခြုံမှုရှိရမည်ဖြစ်သော်လည်း ၅၈ မြို့နယ် သန်းခေါင်စာရင်းကောက်ယူရန်ကျန်ရှိနေခြင်း၊
အခြေခံလိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များသည် အချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လိုအပ်ချက်များရှိနေသောကြောင့်
အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် ဖွဲ့စည်းရေးအဆိုကို ထောက်ခံပါကြောင်းနှင့်
လတ်တလောတွင် အချက်အလက်များပြည့်စုံစွာ မရရှိသေးသောကြောင့် ဖွဲ့စည်းရန် အချိန်အခါမသင့်သေးသဖြင့်
အဆိုအား မှတ်တမ်းတင်ထားသင့်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ ယခုတင်သွင်းခဲ့သည့်အဆိုအပေါ်
လွှတ်တော်ကိုယ်စားလှယ်များက အလေးအနက်ထားထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်
လူဦးရေစာရင်းဇယားများ အမြန်ဆုံးပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် လတ်တလောကာလတွင်
အဆိုကိုထောက်ခံကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိဝန်ခံချက်ကို လွှတ်တော်က
မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် “နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း”ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးခင်မောင်ဦးက လွှတ်တော်သို့တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်
ဦးတင့်လွင်က စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်ရှိပါက
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို
ဇူလိုင် ၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment