နေပြည်တော် ဇူလိုင် ၁၆
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၁၇ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း
၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့်
စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍
မှတ်တမ်းတင်သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမှတ် (၈) ဦးကျော်ဇင်ထွန်း၏ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ
ဆိုက်ကပ်နိုင်သည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ
အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မရှိပါက မည်သည့်အခက်အခဲများကြောင့်
တည်ဆောက်မပေးနိုင်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးထွန်းလူ က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟုမ္မလင်းမြို့ ဆိပ်ကမ်း၌ ကမ်းပါးနယ်ဧရိယာအတွင်း
ရေယာဉ်များ ဆိုက်ကပ်ရပ်နားရန်အတွက် ဆိပ်ကမ်းမြေနေရာ ၁၅ နေရာတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက်
တင်ပြလာမှုများရှိခဲ့ရာ လတ်တလောတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
တိုင်းဒေသကြီးရုံးအနေဖြင့် ဥပဒေအရ စိစစ်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့
ဆက်လက်တင်ပြ၍ အတည်ပြုချက်ရရှိပါက ဖော်ပြပါ ဟုမ္မလင်းရှိ ဆိပ်ကမ်းမြေနေရာ ၁၅ နေရာ၏ မြေနေရာအသုံးပြုခွင့်
ကျသင့်အခွန်အခများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးသွင်းစေလျက် လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့်
ဆိပ်ခံတံတားတည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ
လျှောက်ထားလာပါက စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်
ရေလမ်းဖွံ့ဖြိုးရေးနှင့် မြို့၏ဆိပ်ကမ်းရှေ့တွင် တည်ငြိမ်သော ရေလမ်းဖြစ်ပေါ်စေရေးတို့အတွက်လည်း
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဟုမ္မလင်းမြို့တွင် ဆီတင်ချအပါအဝင် စံချိန်မီဆိပ်ကမ်းအတွက်
ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) အသေးစိတ်ဆောင်ရွက်ရန်လိုအပ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ
(Technical) အရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ၊ ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မှု (Cost
and Benefit) သုံးသပ်တွက်ချက်ရန်လိုအပ်ခြင်း၊ ဆိပ်ကမ်းတစ်ခုတည်ဆောက်နိုင်ရန် ကုန်ကျစရိတ်များပြားလွန်းသဖြင့်
ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်၍ ဆောင်ရွက်ရခြင်းတို့ကြောင့် ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ
ဆိုက်ကပ်နိုင်မည့် စံချိန်မီ ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် လတ်တလောအခြေအနေအရ အစီအစဉ်မရှိသေးပါကြောင်း။
ဟုမ္မလင်းမြို့တွင်
စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန်အတွက် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့်
ဆိပ်ခံတံတားတည်ဆောက်ခွင့်ကို လူပုဂ္ဂိုလ်/ လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများက
လျှောက်ထားလာပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်၍
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်
ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး
ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်းတစ်ခု တည်ဆောက်ပေးရန်
အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးသိန်းလှိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်
ကလေးမြို့နယ်ရှိ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို
သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအေးကျော်က မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့်
ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများကို နိုင်ငံတော်၏
အခြားလိုအပ်သည့်နေရာတွင် ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့်
ဆောင်ရွက်မည့်သူမရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး
ဌာနအနေဖြင့် နိုင်ငံတော်ထံ မူဝါဒတောင်းခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နည်းပညာဆိုင်ရာများအနေဖြင့်
စီမံကိန်းတည်ရှိရာနေရာတွင် ပြတ်ရွေ့ကြောတည်ရှိမှု၊ ငလျင်လှုပ်ခတ်မှုရာဇဝင်နှင့် မြေမျက်နှာသွင်ပြင်အနေအထားဆိုင်ရာ
စိန်ခေါ်မှုအချို့ ရှိနေပါကြောင်း၊ စီမံကိန်းနေရာသည် ငလျင်အားပြင်းဇုန်အတွင်းကျရောက်နေပါကြောင်း၊
သို့ဖြစ်ရာ တမံနှင့် ဆက်နွှယ်ရေအားအဆောက်အအုံများကို မြေငလျင်ဒဏ်ခံနိုင်ရန် ဒီဇိုင်းပုံစံအသစ်
ပြန်လည်ပြင်ဆင်တွက်ချက်ရေးဆွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းသည်
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် စိုက်ပျိုးမြေများကို ဆည်ရေပေးဝေရန်တို့အတွက် ဆက်လက်ဆောင်ရွက်သင့်သည့်
ဘက်စုံစီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ခြင်းကြောင့်
မြစ်သာမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် နှစ်စဉ်ရေလွှမ်းမိုးမှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက်လည်း
အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းဧရိယာတစ်ခုလုံး နယ်မြေအခြေအနေ
အေးချမ်းတည်ငြိမ်သည့်အချိန်တွင် JV/ BOT စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသော ကုမ္ပဏီများရှိပါက
ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးအေးပိုင်၏ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ မြန်မာ့စီးပွားရေးဘဏ်နှင့်
ချိတ်ဆက်ရသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်းကောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခု
ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်း
(၁၄) ခုမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ၏
ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဘဏ်ခွဲမှ ငွေသား၊
စာရင်းပြောင်း၊ ငွေလွှဲနည်းလမ်းများဖြင့် ဘဏ်ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းရှိ
မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်ဘဏ်ခွဲမှတစ်ဆင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပုဂ္ဂလိကဘဏ် နှစ်ဘဏ်၊
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်ရှိသည့် ပုဂ္ဂလိကဘဏ် ရှစ်ဘဏ်တို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ
ပုဂ္ဂလိကဘဏ်များနှင့်လည်း ချိတ်ဆက်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိအစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ၏
ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို အခက်အခဲမရှိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစာထုတ်ယူခြင်းနှင့် အငြိမ်းစား လစာထုတ်ယူခြင်းတို့ကို
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဘဏ်ခွဲတွင် ငွေသား၊ စာရင်းပြောင်း၊ ငွေလွှဲနည်းလမ်းများအပြင်
မြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်ခွဲများရှိ ATM စက်များ၊ မိုဘိုင်းငွေပေးချေမှုတို့ဖြင့်
အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ ယခုလတ်တလောအခြေအနေတွင် ဒဂုံမြို့သစ်
(ဆိပ်ကမ်း) မြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ ဖွင့်လှစ်ဆောင်ရွက်ပေးရန်မရှိသေးပါကြောင်း
ဖြေကြားသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၄) ဒေါ်မီမီကျော်ထွန်း၏ ကချင်ပြည်နယ် တနိုင်းမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသခံတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများအား လွယ်ကူစွာရရှိနိုင်ရေးအတွက် တနိုင်းမြို့နယ်တွင်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တစ်ခုအား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက တနိုင်းမြို့နယ်တွင် ဘဏ်ခွဲမရှိသည့်အတွက် တနိုင်းမြို့နယ်မှ
တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာရရှိစေရေး မိုးကောင်းမြို့နယ်
ဘဏ်ခွဲဝန်ထမ်းများက တနိုင်းမြို့နယ်သို့ သွားရောက်ထုတ်ချေးပေးခဲ့ပါကြောင်း၊ သို့သော်
၂ဝ၂၀ ပြည့်နှစ်နောက်ပိုင်းတွင် နယ်မြေဒေသအခြေအနေအရ ဝန်ထမ်းများက တနိုင်းမြို့နယ်သို့သွားရောက်ရန်
အခက်အခဲရှိခြင်းကြောင့် တောင်သူများအား မိုးကောင်းမြို့နယ်ဘဏ်ခွဲသို့ လာရောက်စေပြီး
ချေးငွေထုတ်ချေးပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဘဏ်ခွဲသို့
ကိုယ်တိုင်လာရောက်၍ ချေးငွေထုတ်ယူရန် အခက်အခဲရှိသည့် တောင်သူများကို ကိုယ်စားလှယ်လွှဲစာဖြင့်လည်း
ထုတ်ယူခွင့်ပြုထားပါကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်
မြို့နယ်ဘဏ်ခွဲတစ်ခုဖွင့်လှစ်ရန်အတွက် ဘဏ်နှင့်ဆက်သွယ်သူ (Customer) တောင်သူဦးရေ အနည်းဆုံး
၁ဝဝဝ ဦး ရှိရန်လိုပြီး တောင်သူဦးရေပြည့်မီပါက ဘဏ်၏ဖွဲ့စည်းပုံတွင် ထည့်သွင်းရေးဆွဲတင်ပြ၍
အတည်ပြုချက်ရယူခြင်း၊ ဘဏ်ခွဲနေရာနှင့် အဆောက်အအုံစီစဉ်ခြင်း၊ ဝန်ထမ်းခန့်ထားဆောင်ရွက်ခြင်း၊
ဘတ်ဂျက်လျာထားတင်ပြခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဘဏ်ခွဲသစ်ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းများ
ဆောင်ရွက်နိုင်မည်ဖြစ်၍ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တနိုင်းမြို့နယ်အနေဖြင့်
မိုးကောင်းမြို့နယ် ဘဏ်ခွဲနှင့်ဆက်သွယ်သူ တောင်သူဦးရေမှာ ၂ဝ၂ဝ ပြည့်နှစ်တွင် အများဆုံး
၃၇၈ ဦးသာရှိပြီး ၂ဝ၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ချေးယူသည့်တောင်သူ ဦးရေမှာ ၁၉
ဦးသာရှိပါကြောင်း၊ သို့ပါ၍ လတ်တလောတွင် တနိုင်းမြို့နယ် ဘဏ်ခွဲဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့်
၂ဝ၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှတစ်ဆင့်
တောင်သူများ အဆင်ပြေစွာ ထုတ်ယူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အမျိုးသားလွှတ်တော်နှင့် တရုတ်၊ အိန္ဒိယလွှတ်တော်များ ချစ်ကြည်ရင်းနှီးရေးအသင်းများဖွဲ့စည်းရန်
လွှတ်တော်၏သဘောထားရယူပြီး မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင်
ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေနှင့်
အတွင်းရေးမှူးအဖြစ် ချင်းပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးအောင်မင်းနိုင်တို့အပါအဝင်
အဖွဲ့ဝင် ၁၀ ဦး၊ မြန်မာ-အိန္ဒိယ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ်
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရခွီဖုန်နှင့် အတွင်းရေးမှူးအဖြစ်
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်တို့ အပါအဝင်
အဖွဲ့ဝင် ၁၀ ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်၏အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့်
တရုတ်၊ အိန္ဒိယလွှတ်တော်များ ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းများတွင်ပါဝင်သည့်
ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏အမည်စာရင်းများကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ လယ်ယာမြေနည်းဥပဒေ
၂၀၁၂ အမိန့်ကြော်ငြာစာ အမှတ်၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ၁၀၆၏ ပုဒ်မခွဲ
(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က) တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်း အဆိုကို ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၆) ဦးမျိုးသန့်က တင်သွင်းရာတွင် ယင်းပုဒ်မများသည် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့်
သက်ဆိုင်သော ဥပဒေပုဒ်မများဖြစ်ကြပါကြောင်း၊ မြေနုကျွန်းမြေပေါ်တွင် စိုက်ပျိုးအသက်မွေးနေကြသော
ကိုင်းတောင်သူများသည် တစ်နှစ်လျှင် တစ်ရာသီသာ မြစ်ရေကျချိန်တွင် စိုက်ပျိုး၍ရပြီး မြေနုကျွန်းမြေဖြစ်သောကြောင့်
မြေအစိုဓာတ်ခန်းခြောက်မြန်သော မြေအမျိုးအစားဖြစ်ပါကြောင်း၊ တစ်နှစ်တစ်ရာသီ စိုက်ပျိုး၍ရသော
အကျိုးအမြတ်ဖြင့် လူမှုစီးပွားဘဝကို ဖြေရှင်းရသဖြင့် မြေနုကျွန်းမြေတွင် စိုက်ပျိုးခွင့်ရရေးသည်
ကိုင်းတောင်သူတို့ဘဝဖြစ်ပါကြောင်း၊ မြေနုကျွန်းမြေများ ပိုင်ဆိုင်မှုအာမခံချက်ရရှိရေးနှင့်
မြေနုကျွန်းမြေများခွဲဝေရာတွင် လုပ်ငန်းအဆင့်တိုင်း ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန်အတွက်
နည်းဥပဒေ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း။
နည်းဥပဒေပုဒ်မ
၁၀၃ အရ မူလပြဋ္ဌာန်းချက်တွင် ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်ဟူသောအချက်သည်
မြေနုကျွန်းမြေခွဲဝေရရှိထားသော တောင်သူများ၏ ပိုင်ဆိုင်မှုကို ယုတ်လျော့စေပြီး တောင်သူများဘဝမလုံခြုံမှုကိုဖြစ်စေခြင်း၊
ခွဲဝေရရှိထားသော ပိုင်ဆိုင်မှုကို စွန့်လွှတ်လိုမှုမရှိခြင်း၊ ဥပဒေမလိုက်နာသူများအတွက်
အခွင့်အရေးတစ်ရပ်ဖြစ်စေခြင်း၊ နှစ်စဉ်နှစ်တိုင်း ပြန်လည်ခွဲဝေချထားရမည်ဆိုပါက စီမံခန့်ခွဲမှုအလွဲများလည်းဖြစ်စေနိုင်ပါကြောင်း၊
ထို့ကြောင့် မြေနုကျွန်းမြေများသည်လည်းကောင်း၊ မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့်ဆက်စပ်၍
ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း အရွယ်အစားအားဖြင့်ဖြစ်စေ တည်နေရာအားဖြစ်စေ ပုံသဏ္ဌာန်အားဖြင့်ဖြစ်စေ
ပြောင်းလဲလေ့ရှိသဖြင့် ပြောင်းလဲပေါ်ထွန်းသော မြေနုကျွန်းမြေအသစ်နှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို
နှစ်စဉ်ချထားရမည်ဟု ပြင်ဆင်ဖြည့်စွက်သင့်ပါကြောင်း။
ပုဒ်မ ၁၀၄ သည်
ခွဲဝေချထားပြီးသော မြေနုကျွန်းများသည် တစ်နှစ်တစ်ရာသီအတွက်သာ ယာယီသဘောမျိုး သက်ရောက်နေပြီး
ခွဲဝေရရှိထားသော တောင်သူများ၏ ပိုင်ဆိုင်မှုကို အာမခံချက်မရှိသကဲ့သို့ ဖြစ်နေပါသဖြင့်
“ရေကျ၍ ပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊ တည်နေရာများ မပြောင်းလဲသည့် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို
မူလလုပ်ပိုင်ခွင့်ရထားသူအား ခွင့်ပြုရပြီး ပြောင်းလဲသွားသော ကျွန်းနုမြေအသစ်များ၏လုပ်ပိုင်ခွင့်ကို
စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့်
လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားရန်ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင်
ကြိုတင်စီမံထားရမည်”ဟု ဖြည့်စွက်ပြင်ဆင်လိုပါကြောင်း။
ပုဒ်မ ၁၀၆ ပုဒ်မခွဲ
(က) မူလပြဋ္ဌာန်းချက်တွင် “ယခင်က လုပ်ပိုင်ခွင့်ချထားပေးခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။
သို့ရာတွင် ယင်းအချက်ကို အဓိကအခြေခံ၍ သတ်မှတ်ခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားရှိပါသဖြင့်
ယင်းအချက်သည် မူလခွဲဝေရရှိထားသော လုပ်ပိုင်ခွင့်ရသူ တောင်သူ၏ပိုင်ဆိုင်ခွင့်ကို တိကျပြတ်သားသော
စကားလုံးများဖြင့် ပြဋ္ဌာန်းထားခြင်းမရှိသောကြောင့် “ရေကျ၍ ပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊
တည်နေရာများမပြောင်းလဲသည့် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို ယခင်နှစ်က လုပ်ပိုင်ခွင့်ရထားသူအား
လုပ်ပိုင်ခွင့်ပြုရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းလိုပါကြောင်း။
ပုဒ်မ ၁၀၆ ပုဒ်မခွဲ
(ခ) မူလပြဋ္ဌာန်းချက်တွင် “မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးဟု သတ်မှတ်သည့် ကျေးရွာမှ
စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သောအင်အားရှိသည့် လယ်မဲ့ယာမဲ့များ သူရင်းငှားများနှင့်
လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားပေးရန် ရွေးချယ်ရမည်” ဟု ပြဋ္ဌာန်းထားရှိရာ
“မြေနုကျွန်းမြေသစ်နှင့် အနီးကပ်ဆုံးဟု သတ်မှတ်သည့်ကျေးရွာမှ နောက်ဆုံးအခြေအနေနှင့်
ကိုက်ညီသော စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊
သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားပေးရန် ပွင့်လင်းမြင်သာစွာ
ရွေးချယ်ရမည်” ဟု ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုပါကြောင်း။
ပုဒ်မ ၁၀၆ ပုဒ်မခွဲ
(စ) မူလပြဋ္ဌာန်းချက်တွင် “ရွေးချယ်ထားသည့် တောင်သူလယ်သမား အိမ်ထောင်သားစုများအား ယင်းတို့၏
ကျေးရွာနှင့် နီးစပ်ရာအကွက်များကို မဲစနစ်ဖြင့်ချထားပေးရမည်” ဟု ပြဋ္ဌာန်းထားရှိရာ
ဥပဒေတစ်ပိုဒ်လုံးအား “နည်းဥပဒေ (ခ) အရ လုပ်ပိုင်ခွင့်အကျုံးဝင်သူအားလုံး၏ အမည်စာရင်းအား
ပွင့်လင်းမြင်သာစွာ စာရင်းပြုစုကြေညာ၍ နည်းဥပဒေခွဲ (င) အရ အမှတ်စဉ်တပ်ပြီးသော မြေနုကျွန်းမြေသစ်များကို
မဲနှိုက်စနစ်ဖြင့် ရွေးချယ်လုပ်ပိုင်ခွင့်ပေးခြင်းတို့အား လုပ်ငန်းအဆင့်အလိုက် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရမည်”
ဟု ပြင်ဆင်ပြဋ္ဌာန်းလိုပါကြောင်း။
ပုဒ်မ ၁၁၂ ပုဒ်မခွဲ(က)အား
ရှေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သောအချက်များနှင့် လိုက်လျောညီထွေစွာ ဖြစ်စေရန်အလို့ငှာ
အဆိုပြုပြဋ္ဌာန်းချက်တွင် “မြေခွန်ကိုသာ ထမ်းဆောင်ရမည်” ဟု ပြင်ဆင်သတ်မှတ်လိုပါကြောင်း
အဆိုတင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်သန်းဦးက ထောက်ခံတင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့်
အဆိုအား လွှတ်တော်ကဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက
အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ်
အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး
၁၈ ရက်မြောက်နေ့ကို ဇူလိုင် ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment