နေပြည်တော် ဇူလိုင် ၁၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-4) ရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
ဦးစွာ
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်၍ တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလှမင်းက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်
ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့် စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
လွှတ်တော်တာဝန်များ ထမ်းဆောင်ရာတွင် လိုအပ်ချက်များရှိပါက ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊
ကော်မတီများ၏ လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး
ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လုံခြုံမှုရရှိရန်အတွက်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ
အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်သည် ဒီမိုကရေစီကို
ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ လွှတ်တော်များ ခိုင်မာအားကောင်းစေရေးအတွက်
အဓိကလုပ်ဆောင်ပေးရမည်မှာ ကော်မတီများပင်ဖြစ်ပါကြောင်း၊ ကော်မတီသည်
လွှတ်တော်ငယ်များဖြစ်ပြီး လွှတ်တော်လုပ်ငန်းကို ခိုင်မာအားကောင်းရန်
အထောက်အပံ့ပေးသော အဓိကဒေါက်တိုင်များပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီအနေဖြင့်
စိစစ်ဆောင်ရွက်ရမည့် ဥပဒေများအား အမြန်ဆုံးပြန်လည်ဆန်းစစ်သွားရန်လိုပါကြောင်း၊
ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ချောချောမွေ့မွေ့ဖြစ်စေရန်အတွက်
သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍
အခြေအနေမှန်များ သိရှိအောင်ဆောင်ရွက်ရန်လိုပါကြောင်း၊
တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမှ ထွက်ပေါ်လာသော မေးခွန်းနှင့် အဆိုများကို လွှတ်တော်တွင်
တင်သွင်းဆွေးနွေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ကော်မတီအနေဖြင့်
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
တိကျသောအစီအမံများဖြင့် Safe
Zone ၊ Safe City များ ဖြစ်ပေါ်လာရေး မြို့ရွာဒေသများတွင်
ရာဇဝတ်မှုများလျော့ကျရေးလုပ်ဆောင်နိုင်ရန်အတွက်
ညှိနှိုင်းဆောင်ရွက်သွားရန်လိုပါကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရေး မိမိတို့လွှတ်တော်တွင်
မေးခွန်းများ၊ အဆိုများတင်သွင်းခြင်း လုပ်ဆောင်နိုင်ရေးကော်မတီမှ
ကြိုးစားပေးစေလိုပါကြောင်း၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည့် အဖွဲ့အစည်းများအနေဖြင့်
Professional ဖြစ်စေရေး လိုအပ်မည့် အစီအမံများ
ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ တရားဥပဒေကို
နိုင်ငံသားတိုင်းလေးစားလိုက်နာပြီး ဥပဒေနှင့်အညီနေထိုင်နိုင်ရေး၊ နိုင်ငံသားတိုင်း
ကျင့်ဝတ်စည်းကမ်းများ ထိန်းသိမ်းရေးအတွက် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကော်မတီအနေဖြင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေးစနစ်များနှင့်
ပတ်သက်၍ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးရှိသော ပိုမိုကောင်းမွန်သော နည်းလမ်းများအား
လွှတ်တော်အနေဖြင့် လေ့လာဆောင်ရွက်သွားကြစေလိုပါကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်
ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် ဖွဲ့စည်းထားသည့် CPU အဖွဲ့များ၏ လက်တွေ့ကျကျ
ဆောင်ရွက်မှုအခြေအနေများအား ညှိနှိုင်းတိုင်ပင် လေ့လာသုံးသပ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊
နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ထိရောက်ပြီး
လုံခြုံတိကျသော နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ မိမိတို့လွှတ်တော်သက်တမ်းကာလအတွင်း
ပြည်သူကို လုံခြုံမှုအပြည့်အဝ အာမခံမှုပေးနိုင်သော တရားဥပဒေစိုးမိုးရေး
စနစ်တစ်ခုဖြစ်ပေါ်လာရေး နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း
ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
တွေ့ဆုံပွဲအပြီးတွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီအဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့အပြင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၂၂) ရက်မြောက်နေ့ လွှတ်တော်အစည်းအဝေးကျင်းပပုံများကို လာရောက်လေ့လာသည့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း
(ဗဟို) နှင့် အမိမြေသစ္စာသတင်းမီဒီယာအဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင်
ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment