နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Magway
Hybrid Power Company
ဦးစွာ
နိုင်ငံတော်သမ္မတသည် မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီးရှိ Magway Hybrid Power Company သို့ ရောက်ရှိကြရာ စီမံကိန်းဒါရိုက်တာ ဦးတင်မောင်လတ်နှင့် တာဝန်ရှိသူများက
လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
ကုမ္ပဏီရှင်းလင်းဆောင်ခန်းမတွင် စီမံကိန်းဒါရိုက်တာက Magway Hybrid Power Company ၏ သဘာဝဓာတ်ငွေ့စွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်အသုံးပြု၍
ဓာတ်အားထုတ်လုပ်ခြင်း ဓာတ်အားပေးစက်ရုံစီမံကိန်း 100 MW (Gas Engine +
Solar) Hybrid ဆိုင်ရာအချက်အလက်များ၊ လက်ရှိလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့်
ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတသည် စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေများကို
လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားသည်။
ကောင်းကိုအုပ်စုကုမ္ပဏီလီမိတက်
ဆက်လက်၍
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မကွေး-နေပြည်တော်လမ်း၊ ကံပြားလမ်းဆုံအနီး၊
ဂွေးတောက်စမ်းကျေးရွာရှိ ကောင်းကိုအုပ်စုကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ
ကုမ္ပဏီပိုင်ရှင် ဒေါ်မိုးမိုးမြတ်ကိုက ကုမ္ပဏီဆိုင်ရာ သမိုင်းကြောင်းနှင့်
ပြည်ပဈေးကွက်များသို့ ၉၀ ရာခိုင်နှုန်းသန့်စင်ထားရှိသည့် နှမ်းစေ့များ၊
နှမ်းလှော်မှုန့်များ ထုတ်လုပ်တင်ပို့လျက်ရှိမှု၊ ပြည်တွင်းဈေးကွက်သို့
စားသုံးဆီများဖြန့်ဝေရောင်းချလျက်ရှိမှု၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊
ကန်ထရိုက်လယ်ယာစနစ်ကျင့်သုံးခြင်းနှင့် GAP သင်တန်းများပို့ချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊
တောင်သူတိုက်ရိုက်အဝယ်စနစ်ကျင့်သုံး၍ တောင်သူများ၏ အကျိုးကိုဖြစ်ပေါ်စေမှု၊
လုပ်ငန်းဆိုင်ရာတွေ့ကြုံရလျက်ရှိသည့် အခက်အခဲများနှင့်
အနာဂတ်မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများအတွက်
နှမ်းကုန်ကြမ်းများရရှိရေးသည် အဓိကအရေးကြီးသည်ဖြစ်သဖြင့်
နှမ်းအထွက်နှုန်းများကောင်းမွန်စေရေး တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊
မျိုးကောင်းမွန်မှသာလျှင် နှမ်းအထွက်နှုန်းသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ GAP သင်တန်းများပို့ချပေးရာတွင်လည်း
စနစ်တကျ ဖြစ်ရန်လိုကြောင်း၊ လုပ်ငန်းလိုအပ်ချက်များအတွက် နိုင်ငံတော်မှလည်း တတ်နိုင်သရွေ့
ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး
စက်ရုံအတွင်း နှမ်းထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို
လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ
ပြန်လည်မေးမြန်းဆွေးနွေးသည်။
ရှားပင်လှ
စိုက်ပျိုးမွေးမြူရေးဇုန်
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအုပ်စုရှိ
ရှားပင်လှစိုက်ပျိုးမွေးမြူရေးဇုန်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရှင်းလင်းဆောင်ခန်းမတွင် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် မွေးမြူရေးဇုန်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု
အခြေအနေများ၊ ရှားပင်လှစိုက်ပျိုးမွေးမြူရေးဇုန်ဆိုင်ရာ အချက်အလက်များနှင့်
ဇုန်အတွင်း၌ သမဝါယမအသင်းများစုပေါင်း၍ ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု
အခြေအနေများ၊ စနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့်
အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုကို အထောက်အကူဖြစ်ရန်ရည်ရွယ်၍
စိုက်ပျိုးမွေးမြူရေးဇုန်ဖော်ထုတ်ဆောင်ရွက်ခဲ့မှုနှင့် မြေအသုံးချမှု၊
စိုက်ပျိုးမည့်သီးနှံပုံစံ၊ စိုက်ပျိုးမြေနှင့် စိုက်ပျိုးရေအခြေအနေများနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက မကွေးတိုင်းဒေသကြီးအတွင်း၌ ပြောင်း၊ ပဲ၊ ဖွဲ၊ ဆန်ကွဲတို့
ထွက်ရှိသည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန်အစာများကို
ဒေသတွင်း၌ပင် ထုတ်လုပ်သုံးစွဲသွားကြရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို
အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားပြီး
စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စနစ်တကျ လယ်ယာမြေဖော်ထုတ်ထားရှိမှု၊
ရေရရှိရေးဆောင်ရွက်ထားရှိမှုနှင့် စပါးမျိုးကွဲများအား
ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ဥစားကြက်မွေးမြူထားရှိမှုအခြေအနေများအား
လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment