လတ်တလော လူမှုကွန်ရက်စာမျက်နှာအသီးသီးမှာ ပြည်သူလူထုစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သတင်းကတော့ ဇူလိုင်လ ၂၃ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အာဆီယံတူညီဆန္ဒ(၅)ရပ်ဟူသော အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထုတ်ပြန်ချက်ဟာ အာဆီယံအဖွဲ့ကို တိုက်ရိုက်ရည်ရွယ်ခဲ့ပြီး ရိုးရှင်းတဲ့သံတမန်ရေးဆိုင်ရာ တုံ့ပြန်မှုတစ်ခုသက်သက်သာ မဟုတ်ဘဲ ၂၀၂၆ ခုနှစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်မှာ ရွေးကောက်ခံအစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒအရ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒေသတွင်းအဖွဲ့အစည်းတစ်ခုကို ခပ်တင်းတင်းတုံ့ပြန် ဆောင်ရွက်ချက်အဖြစ် ပြည်သူတွေက ရှုမြင်သုံးသပ်ကြပါတယ်။ တစ်နည်းအားဖြင့် အာဆီယံထဲက တချို့အဖွဲ့ဝင်နိုင်ငံတွေက အာဆီယံအဖွဲ့ရဲ့ပဋိညာဉ်ကို ချိုးဖောက်ပြီး တစ်ဖက်သတ်ခွဲခြားဆက်ဆံနေတာကို အဖွဲ့ဝင်နိုင်ငံတစ်ခုက လက်မခံနိုင်ကြောင်း ပြတ်သားတဲ့ သဘော ထားရပ်တည်ချက်နဲ့ တုံ့ပြန်ထားခြင်းဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က တူညီဆန္ဒ(Consensus)မဟုတ်တဲ့ ထုတ်ပြန်ချက် (Statement)ကို ကိုင်စွဲပြီး နိုင်ငံရေးအရ ဖိအားပေးနေခြင်းဟာ အာဆီယံပဋိညာဉ်ထဲမှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တန်းတူရည်တူရှိမှုကို လေးစားလိုက်နာခြင်း၊ ပြည်တွင်းရေးဝင်ရောက် မစွက်ဖက်ခြင်းဆိုတဲ့အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အာဆီယံတူညီဆန္ဒ (၅) ရပ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တူညီဆန္ဒ (ASEAN Consensus) အဖြစ်လက်မခံဘဲ ထုတ်ပြန်ချက် (ASEAN Statement) အဖြစ်သာသဘောထားကြောင်း အာဆီယံအဖွဲ့ကို ပြတ်ပြတ်သားသားအသိပေးခြင်းဖြစ်ပါတယ်။ အဲဒီအာဆီယံတူညီ ဆန္ဒ(၅)ရပ် (Five Point ASEAN Consensus) ဆိုတဲ့ ထုတ်ပြန်ချက်ကို လက်မခံပေမယ့် အာဆီယံမိသားစုစိတ်ဓာတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်အဖြစ် မှတ်သားထားကာ မိမိနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေအပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကို ပြည်သူတွေကလည်း အားပေးထောက်ခံကြပါတယ်။
အာဆီယံရဲ့ပဋိညာဉ်ကို တိကျစွာလိုက်နာဆောင်ရွက်ဖို့လို
ခိုင်မာအားကောင်းတဲ့ အာဆီယံအသိုက်အဝန်းဖြစ်ပေါ်လာစေရေး အာဆီယံရဲ့မျှော်မှန်းချက် အောင်မြင်ဖို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းဟာ အာဆီယံရဲ့ပဋိညာဉ်ကို တိကျစွာလိုက်နာဆောင်ရွက်ဖို့လိုသလို အာဆီယံရဲ့အစဉ်အလာ လုပ်ထုံးလုပ်နည်းတွေကိုလည်း လေးစားလိုက်နာကြရမှာဖြစ်ပါတယ်။
အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းအရ ဘယ်အကြောင်းအရာမဆို ဆုံးဖြတ်ချက်ချမှတ်ရာမှာ တူညီဆန္ဒ(Consensus) ရရှိဖို့အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းက ပါဝင်တိုင်ပင်ဆွေးနွေးပြီးမှ အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီချက်ရယူကြပါတယ်။ ဆွေးနွေးချက်ကို ထုတ်ပြန်ချက် အဖြစ်မထုတ်ပြန်ခင် မူကြမ်းချပြအသိပေးညှိနှိုင်းပြီးမှသာ Consensus အစစ်အမှန် ရရှိမှာဖြစ်ပါတယ်။ အခုမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက် (၅) ရပ်မှာ အဲဒီလုပ်ထုံးလုပ်နည်းကို မလုပ်ဆောင်ဘဲ အစည်းအဝေးအပြီးမှာ အဲဒီအချိန်က အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခဲ့လို့အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့တူညီဆန္ဒ (Consensus) ဖြင့် ထုတ်ပြန်ခဲ့ခြင်းမဟုတ်တာ ထင်ရှားလှပါတယ်။ ဒါ့ကြောင့်လည်း အဲဒီအာဆီယံတူညီဆန္ဒ (၅) ရပ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ ရှင်းလင်းစွာတုံ့ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်နည်းလမ်းနဲ့ ခိုင်မာစွာရပ်တည်
မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိသလို တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ အခြားအာဆီယံနိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာကို လေးစားအသိအမှတ်ပြုလျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်း ရေးကို ဝင်ရောက်မစွက်ဖက်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်နည်းလမ်းနဲ့ ခိုင်မာစွာရပ်တည် လျက်ရှိပါတယ်။ အလားတူ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးလာမယ့် ဖိအားပေးမှုတွေကိုလည်း လက်ခံမှာမဟုတ်သလို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ပြီး သူတို့ပုံဖော်ချင်တဲ့လမ်းကြောင်းကို လိုက်ပါလုပ်ဆောင်မှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိစေအပ်ပါတယ်။ ဒီအချက်ဟာ အမျိုးသားရေးဂုဏ်သိက္ခာအတွက် မြန်မာပြည်သူတွေအားလုံးရဲ့ ရပ်တည်ချက် သဘောထားအမြင်ပဲဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ သဘောထားအမြင်ကို ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လွှတ်တော် အမတ်တွေက အာဆီယံထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ် ချက်ချမှတ်ထားတာကိုလည်း မြင်တွေ့ကြားသိကြပြီး ဖြစ်ပါတယ်။
လက်ရှိအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့အညီ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ခံအစိုးရဖြစ်လို့ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေရဲ့ အဆိုပြုချက်၊ ဆုံးဖြတ်ချက်ကို လေးစားပြီး သင့်လျော်သလို လုပ်ဆောင်ပေးဖို့တာဝန်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပကတိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး ဒီမိုကရေစီကျင့်စဉ် အရ ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်ရဲ့ထိန်းကျောင်းမှုကို အုပ်ချုပ်ရေးမဏ္ဍိုင်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပြန်အလှန် လေးစား အသိအမှတ်ပြုအကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေရဲ့ တင်ပြဆွေးနွေးချက်တွေဟာ လက်ရှိပကတိ နိုင်ငံရေးအခြေအနေတွေနဲ့ကိုက်ညီပြီး ကျိုးကြောင်းဆီလျော်တဲ့ ထောက်ပြဝေဖန်မှုအဖြစ် ကြားသိခဲ့ရပါတယ်။ အဖွဲ့ဝင်နိုင်ငံတိုင်း ရရှိသင့်တဲ့ တရားမျှတမှုနဲ့ တန်းတူညီမျှအခွင့်အရေးမရရှိခြင်း၊ ထုတ်ပြန်ချက်မှာမပါရှိတဲ့ တောင်းဆိုချက်တွေကို ဖိအားပေးပြောဆိုနေခြင်း၊ တာဝန်သိစိတ်နဲ့ လိုက်ပါဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်မပြုခြင်း စတာတွေကြောင့် အာဆီယံအဖွဲ့ထဲကနေ ထွက်ဖို့အထိ တိုက်တွန်းတောင်းဆိုချက်တွေ ရှိနေပါတယ်။
ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်အမတ်တွေ အထူးပြုထောက်ပြ ခဲ့တဲ့အချက်ကတော့ လက်ရှိအစိုးရဟာ ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရ(ကြံ့ခိုင်ရေးပါတီ)၊ ၂၀၁၅ ခုနှစ် ဒုတိယဒီမိုကရေစီအစိုးရ (NLD ပါတီ) တွေလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပေးထားချက်အတိုင်း မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအများစုရဲ့ ဆန္ဒမဲနဲ့ ဖြစ်ပေါ်လာတဲ့အစိုးရဖြစ်လို့ အာဆီယံအနေနဲ့ ရွေးကောက်ခံအစိုးရကို တန်းတူရည်တူ အသိအမှတ်ပြုဖို့ ပြည်သူတွေက တောင်းဆိုတိုက်တွန်း နေခြင်းဖြစ်ပါတယ်။
ပိုမိုရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်နဲ့ ရှေ့ဆက်ဆောင်ရွက်
လက်ရှိရွေးကောက်ခံအစိုးရအနေနဲ့ လွှတ်တော်ရဲ့အရေးကြီးအဆိုကို သင့်လျော်တဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးမှာ အစိုးရရဲ့သဘောထားကို ရှင်းလင်းပြောကြားခဲ့ပြီး ပိုမိုရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်နဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်ကို ဇူလိုင်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန် ချက်နဲ့ နိုင်ငံတကာကို အသိပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒီသတင်းထုတ်ပြန်ချက်ဟာ လွှတ်တော်ရဲ့အရေးကြီးအဆိုပြုချက်အပေါ် အစိုးရအနေနဲ့ သင့်လျော်သလို အကောင်အထည်ဖော်ခြင်းဖြစ်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို တန်းတူမဆက်ဆံဘဲ တစ်ဖက်သတ်ဖိအားပေးမှုကို မာမာထန်ထန် ရပ်တည်တုံ့ပြန်ထားခြင်းဖြစ်လို့ ပြည်သူတစ်ရပ်လုံးက ထောက်ခံကြိုဆိုနေကြတာကို မြင်တွေ့ကြားသိ နေရပါတယ်။
လက်ရှိရွေးကောက်ခံအစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒနဲ့အညီ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့ သံတမန်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်နေသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း တစ်နိုင်ငံချင်းအလိုက် မိတ်ဝတ်မပျက် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေရေး ဆက်လက်ထိန်းသိမ်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အဆိုးဆုံးအခြေအနေကို မြော်တွေးထားပြီး အကောင်းဆုံးဖြစ်စေရေးအတွက် အာဆီယံနဲ့ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင် စိတ်ရှည်သည်းခံစွာ သံတမန်ရေးဆိုင်ရာကြိုးပမ်းမှုတွေကို လုပ်ဆောင်လျက်ရှိတာ မြင်တွေ့နေရပါတယ်။
အာဆီယံဟာ အစိုးရတွေကြားမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့ အဖွဲ့အစည်း(Inter- governmental Organization) ပဲဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံအသိုက်အဝန်းမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖိအားပေးလို့မရဘဲ တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အာဆီယံကို စတင်ဖွဲ့စည်းကတည်းက နိုင်ငံရေးနဲ့ ဥပဒေဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့တာမဟုတ်ပါဘူး။ လူမှုရေးနဲ့စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းသာဖြစ်ပါတယ်။ ဒါကြောင့်အာဆီယံအနေနဲ့ ဒေသဆိုင်ရာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အာရုံမစိုက်ဘဲ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ဆက်နွှယ်နေတဲ့ ပြည်တွင်းအရေးကိစ္စကိုပဲ ဖိအားပေးနေတာဟာ အဖွဲ့အစည်းရဲ့ မူလရည်ရွယ်ချက်နဲ့ တန်ဖိုးတွေကို ထိခိုက်စေပါတယ်။
တူညီဆန္ဒကို လိုရာဆွဲအသုံးချ
အမှန်စင်စစ် အာဆီယံထုတ်ပြန်ချက်(၅)ရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ဟာ အာဆီယံအသိုက်အဝန်း ခိုင်မာ အားကောင်းစေရေးအတွက် အာဆီယံစိတ်ဓာတ် (ASEAN Spirit)၊ အာဆီယံနည်းလမ်း (The ASEAN Way)၊ အာဆီယံပဋိညာဉ် (ASEAN Charter) ရဲ့တန်ဖိုးကို မထိခိုက်စေဖို့ ထိန်းသိမ်းစောင့်ရှောက်နေခြင်း ဖြစ်ပါတယ်။ အဲဒီလိုပဋိညာဉ်ကို ထိန်းသိမ်းကာကွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို အာဆီယံနိုင်ငံအများစုကလည်း နားလည်မှုရှိရှိ ထောက်ခံရပ်တည်လျက်ရှိနေကြပါတယ်။ တချို့သော အာဆီယံနိုင်ငံတွေကသာ သူတို့ကိုယ်ကျိုးစီးပွားအတွက် တူညီဆန္ဒ (Consensus)ကို လိုရာဆွဲအသုံးချပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းအပေါ် လက်ခံစရာအကြောင်းမရှိသလို ကိုယ့်နိုင်ငံပါဝင်ထားတဲ့ အဖွဲ့အစည်း တစ်ခုက ပဋိညာဉ်နဲ့ မူဘောင်ချိုးဖျက်နေတာကို လက်မခံကြောင်းနဲ့ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် နိုင်ငံတော်အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ထောက်ခံလျက်ရှိပါကြောင်း ပြည်သူတွေရဲ့သဘောထားအမြင်ကို ရေးသားတင်ပြလိုက်ပါတယ်။ ။

No comments:
Post a Comment