Friday, June 26, 2026

မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး အမျိုးသားရေးအသွင်ဖြင့်တိုက်ဖျက်

 


လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးစေရန်နှင့် ကမ္ဘာ့လူသားများကို ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက အလေးထားတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက်အစိုးရများက တိုက်ဖျက်နှိမ်နင်းလျက် ရှိသော်လည်း ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှု၊ စိတ်ကြွဆေးများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ နယ်စပ်မှတစ်ဆင့်ဝင်လာမှုတို့သည် မြန်မာ နိုင်ငံအတွက် စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောတောင်ထူထပ်ပြီး ဘိန်းစိုက်ပျိုးမှု ရှေးဦးကတည်းကရှိခဲ့ခြင်း၊ အစပျိုးဓာတုပစ္စည်းများ ထုတ်လုပ်သည့် နိုင်ငံများနှင့် ဆက်စပ်တည်ရှိနေခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိနေခြင်းတို့သည် မူးယစ်ဆေးဝါးများ မချုပ်ငြိမ်းနိုင်ဘဲ ယနေ့အထိ အဆက်မပြတ် ရောင်းဝယ်ဖောက်ကားမှုများရှိနေခြင်း၏ အကြောင်းရင်းများဖြစ်သည်။ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှ မူးယစ်ဆေးဝါးဈေးကွက်သို့ အလွယ်တကူ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ဖျက်နေမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် နယ်စပ်ဒေသများတွင် တရားမဝင်လက်နက်ကိုင်အင်အား ကြီးထွားလာသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်သောင်းကျန်းသူများ ပေါ်ပေါက်လာခြင်းနှင့်အတူ နယ်မြေဒေသ မတည်ငြိမ်မအေးချမ်းမှုကို အကြောင်းပြု၍ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ၊ တရားမဝင်ဓာတုပစ္စည်းများ ဝင်ရောက်လာမှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်မှု၊ ရောင်းဝယ်သယ်ဆောင်မှုများ များပြားလာခဲ့သည်။ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများသည် မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့်အပြင် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေသောအချက်များဖြစ်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများကို နိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။

နိုင်ငံနှင့် ပြည်သူတို့ကို အန္တရာယ်ပေးလျက်ရှိသည့် မူးယစ်ဆေးဝါးလုပ်ငန်းများ ရှင်သန်နေခြင်းသည် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ဖောက်ကားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒုစရိုက်ဂိုဏ်းများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သလို ဘိန်းနှင့် ဆေးခြောက်စိုက်ပျိုးသူများနှင့် မူးယစ်ဆေးဝါးအမျိုးမျိုး သုံးစွဲမှုများကြောင့် ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးနှင့် ဆေးခြောက်များ အလွယ်တကူရရှိနိုင်မှုကြောင့် လူငယ်ထုကြား၌ မူးယစ်ဆေးဝါးနှင့် ဆေးခြောက်သုံးစွဲမှုမြင့်မားလာသဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက မူးယစ်ဆေးဝါးထုတ်လုပ်မှုများကို လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်ရှာဖွေထောက်လှမ်းခြင်းတို့ကို ပြုလုပ်လျက်ရှိရာ ယမန်နှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့တွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများကို ရှာဖွေဖော်ထုတ်တိုက်ဖျက်နှိမ်နင်းခဲ့သည်။ ယင်းဒေသများကို မူးယစ်ဆေးဝါးထုတ်လုပ်သည့် အဓိကနေရာများအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အထောက်အထားများအရ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ သုံးပုံတစ်ပုံသည် အဆိုပါဒေသများမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ မျက်မှောက်ကာလတွင် နည်းပညာမြင့်မားတိုးတက်လာမှုကြောင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများနှင့် အွန်လိုင်းငွေချေမှုစနစ်များသည် မူးယစ်ဆေးဝါးပျံ့နှံ့ခြင်း၏ အကျိုးဆက်များအဖြစ် တွေ့မြင်ရသည်။

မူးယစ်ဆေးဝါး အားကောင်းလာစေသည့်အချက်များတွင် လက်နက်ကိုင်သောင်းကျန်းသူများသည် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားခြင်းမှရရှိသည့် ငွေကြေးအမြောက်အမြားဖြင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် လက်နက်ခဲယမ်းများ ဝယ်ယူအသုံးပြုခြင်းတို့ကို ကမ္ဘာကသိရှိအောင် ဖော်ထုတ်ပြသကြရမည်ဖြစ်သည်။ အထူးသဖြင့် နှစ်နိုင်ငံအကြား ထိန်းချုပ်ဓာတု ဆေးဝါးများ၊ အသွင်ပြောင်းပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင်ရောက်ရှိ မလာရေး၊ နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းများနှင့် တရားခံပြေးများကို သတင်းဖလှယ်ရေး၊ ရေရှည်အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်နေချိန်တွင် နိုင်ငံတော်ကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပြီး ပြည်သူများအား ခြိမ်းခြောက်ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်ဖြင့် လက်တွဲပူးပေါင်း တိုက်ဖျက်နှိမ်နင်းသွားကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment