မူးယစ်ဆေးသည် သုံးစွဲသူရှိမှ ရောင်းချနိုင်သည်ဖြစ်ရာ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူများ၏ အဓိကပစ်မှတ်မှာ လူငယ်များဖြစ်သည်။ အသစ်အဆန်းဆိုလျှင် စူးစမ်းတတ်သည့် သဘာဝရှိသော ဆယ်ကျော်သက်အရွယ် လူငယ်အသိုင်းအဝိုင်းများ၏ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူများက အသွင်အမျိုးမျိုးဖြင့် ရှိနေတတ်ကြသည်။ ၎င်းတို့က လူငယ်အချို့ကို ကိုယ်တိုင်သုံးစွဲသူ၊ တစ်ဆင့် ဖြန့်ဖြူးရောင်းချသူများ ဖြစ်လာစေရန် ဆွဲဆောင်စည်းရုံးကြသည်။ သို့ဖြင့် အပေါင်းအသင်းမှားသူ၊ အဆန်းထွင်လိုသူ၊ လက်တည့်စမ်းလိုသူ လူငယ်များ မူးယစ်ဆေးကိုစတင်စမ်းသပ် သုံးစွဲကြည့်ရာမှအစရှိ အနောင်နောင်ဖြစ်လာကြပြီး စွဲလမ်းသည့် အခြေအနေအထိ ရောက်ရှိသွားကြသည်။
မျက်မှောက်ခေတ်တွင် မူးယစ်ဆေးဝါးသည် ဓာတုပစ္စည်းများကို အခြေခံ၍ ထုတ်လုပ်လာကြပြီး အသစ်အဆန်းများဖြစ်လာရာ အချို့က မူးယစ်ဆေးဝါးဟူ၍ပင် မသိကြတော့ဘဲ မိန်းကလေးများပင် သုံးစွဲလာကြသည်။ လူငယ်လူရွယ်များ၏ နေ့စဉ်ဘဝ၊ ခေတ်ပေါ် ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဘားများ၊ နိုက်ကလပ်များ၊ ကေတီဗွီများ စသည့်နေရာများလည်း ပါဝင်လျက်ရှိရာ ကတ်တမင်း (K)၊ အက်စ်တာဆီ (E)၊ မက်သာဖက်တမင်း (ICE) နှင့် Happy Water ခေါ် မူးယစ်ဆေးပေါင်းစုံအရောများ စသည်တို့ကို ၎င်းနေရာများတွင် စတင်ထိတွေ့ သုံးစွဲမိလေ့ရှိကြသည်။ ၎င်းမူးယစ် ဆေးများကို သုံးစွဲခြင်းဖြင့် မမောနိုင်၊ မပန်းနိုင် ညလုံးပေါက် ကခုန် နိုင်ကြပြီး စိတ်ကူးယဉ်အာရုံခံစားမှုများလည်း ရရှိကြသည်။ သို့သော် ၎င်းဆေးများ သုံးစွဲမိရာမှ အချို့ ဆေးလွန်၍ အသက်အန္တရာယ်အထိ ကျရောက်ခြင်း၊ အချို့အရှက်၊ သိက္ခာနှင့် ဘဝပျက်စီးခြင်းတို့ ကြုံတွေ့ကြရသည်။
မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေခြင်းဖြစ်သည့် အလျောက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် အန္တရာယ်များကို လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှုနှင့် ဖြန့်ဖြူး ရောင်းချမှုများကို နိုင်ငံများပူးပေါင်း၍ အမြစ်ပြတ်ချေမှုန်းရန်၊ မူးယစ်ဆေးစွဲသူများကို ခွဲခြားဆက်ဆံမှုမပြုဘဲ ပြန်လည်ထူထောင် ရေး လုပ်ငန်းများတွင် ပါဝင်ကူညီကြရန်ဟူသော ရည်ရွယ်ချက်များ ဖြင့် နှစ်စဉ် ဇွန်လ ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ လှုပ်ရှားမှုများကို နိုင်ငံအသီးသီး၌ ကျင်းပလျက်ရှိသည်။
ယခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “World drug problem: persisting issues, new challenges, innovative responses - စိန်ခေါ်မှု(အသစ်)တွေကြားက မူးယစ်ဆေးဝါးပြဿနာ၊ ဆန်းသစ်တီထွင်နည်းလမ်းရှာ၊ စုပေါင်းကာကွယ် တိုက်ဖျက်ပါ”ဟူ၍ဖြစ်သည်။ ယခုနှစ်ဆောင်ပုဒ်၏ ဦးတည်ချက်သည် မူးယစ်ဆေးဝါးဂိုဏ်းများက မူးယစ်ဆေးသုံးစွဲသူ အသစ်များရရှိရန်၊ မူးယစ်ဆေးဝါးဈေးကွက်ကို ချဲ့ထွင်ရန်အတွက် ခေတ်မီနည်းပညာများ သုံးစွဲလာမှုအပေါ် နည်းပညာဖြင့်ပင် ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်ရန်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ပပျောက်သွားရန်အတွက် ရပ်ရွာအဖွဲ့အစည်းများ၊ အစိုးရများ၊ ကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်၊ လူငယ်များ၏ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်သော နေရာများနှင့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် လူငယ်များအား အကာအကွယ်ပေးရန်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ မူဝါဒ (၅)ရပ်မှာ (၁) မဖြစ်မနေအောင်နိုင်ရမည်။ (Must Win)၊ (၂) လုံးဝ သည်းခံမည်မဟုတ်။ (Zero Tolerance)၊ (၃) မူးယစ်ဆေးဝါးအပေါ် အလုံးစုံ စစ်ပွဲဆင်နွှဲမည်။ (Total War on Drug)၊ (၄) မူးယစ်ဆေးဝါး အကြမ်းဖက်မှုအဖြစ် သတ်မှတ် ချေမှုန်းမည်။ (Narco - Terrorism)၊ (၅) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မည်။ (Engage and Cooperate) ဟူ၍ဖြစ်သည်။
မြန်မာနိုင်ငံတွင် အချို့သောလက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များသည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင်ပြုလုပ်ကာ တစ်ဖက်မှလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် သယ်ဆောင်ရောင်းဝယ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့သည် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့်အလျောက် ပြည်သူတစ်ရပ်လုံးပါဝင်မှုဖြင့် ထိထိရောက်ရောက် တိုက်ဖျက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment