သိင်္ဃသူ
(ယမန်နေ့မှ အဆက်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၉ ရက်တွင် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ နည်းပညာမြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြရာ ဦးစွာ Zhejiang Leapmotor Technology Co., Ltd. သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာကျူးကျန်းမင်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ Zhejiang Leapmotor Technology Co., Ltd. သည် လျှပ်စစ်ကား(EV) များ အဓိကထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ရာ ကုမ္ပဏီသက်တမ်းမှာ ဆယ်စုနှစ်တစ်ခု စွန်းရုံမျှသာ ရှိသေးသည်။ တည်ထောင်ပြီး သုံးနှစ်ကျော်ခန့်အကြာ ၂၀၁၉ ခုနှစ်တွင် Leapmotor ၏ ပထမဆုံး ထုတ်ကုန်ဖြစ်သော Leapmotor S01 လျှပ်စစ်တံခါး နှစ်ပေါက်ကား တရုတ်စျေးကွက်သို့ စတင်ဝင်ရောက် နိုင်သည်။ နောက်နှစ် ၂၀၂၀ ပြည့်နှစ် မေလတွင် ဒုတိယမြောက် EV ဖြစ်သည့် Leapmotor T03 လျှပ်စစ်မြို့ပြမော်တော်ကား (electric city car) ကို ထပ်မံမိတ်ဆက်ခဲ့သည်။
Leapmotor မှ ကနဦး စတင်ထွက်ပေါ်လာသည့် S01 သည် အောင်မြင်မှုမရခဲ့။ ထိုစဉ်က ဈေးကွက်အတွင်းမှ လူကြိုက်များလျက်ရှိသည့် အခြားပြိုင်ဘက်များကို မယှဉ်နိုင်ခြင်းနှင့် ဈေးကွက်အတွေ့အကြုံ အားနည်းချက်များကြောင့် S01 မှာ အခြေအနေဆိုးခဲ့ရသည်။ သို့ရာတွင် နောက်တစ်နှစ်တွင် Leap-motor က ထုတ်လုပ်သည့် T03 Electric City Car မှာမူ အလွန်အောင်မြင်ပြီး အရောင်းရဆုံးဖြစ်ခဲ့သည်။ မြို့တွင်းသုံး လျှပ်စစ်ကားငယ် (Micro EV) ကလေးဖြစ်သည့် T03 သည် တရုတ်နိုင်ငံတွင် သာမက ဥရောပနှင့် နိုင်ငံတကာဈေးကွက်များအထိပါ ထိုးဖောက်အောင်မြင်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Stellantis က Leapmotor ၏ ရှယ်ယာ ၂ဝ ရာခိုင် နှုန်းကိုဝယ်ယူပြီး ၂၀၂၄ ခုနှစ်တွင် ဥရောပနိုင်ငံများ၌ Leapmotor ကားများကို စတင်ရောင်းချခဲ့ရာ ယခုနှစ်အစပိုင်းစာရင်းများအရ ရောင်းအား ၆၇၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားသည်ဟု သိရသည်။ လက်ရှိအချိန်တွင် Leapmotor သည် နည်းပညာအသစ်များဖြင့် T03, C10, C16 စသည့် နာမည်ကြီး မော်ဒယ်လ်များ ထုတ်လုပ်ကာ တရုတ်ပြည်တွင်းမှ သာမကကမ္ဘာ့ဈေးကွက်တွင်ပါ အောင်မြင်သော ထိပ်တန်း EV ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေသည်။
လေ့လာမှုများအပြီးတွင် Zhejiang Leapmotor Technology Co., Ltd. ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတတို့ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Zhe-jiang Qingshi New Material Technology Co., Ltd. သို့ရောက်ရှိကြရာကုမ္ပဏီဥက္ကဋ္ဌ မစ္စတာတုကော်ဖျင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါကုမ္ပဏီသည် နည်းပညာအခြေပြု ပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်ပြီး အရည်အသွေးမြင့် ဝါးချည်မျှင်၊ ဝါးချည်မျှင် ရောစပ်ထားသောချည်များ၊ အထည်အလိပ်များကို ထုတ်လုပ်လျက်ရှိသည်။ ဝါးမှ ချည်မျှင်ထုတ်လုပ်ရာတွင် အမျိုးအစားကောင်းသည့် ဝါးပင်များကို သုတေသနပြုရွေးချယ်၍ ရူပဇီဝနည်းပညာဖြင့် ဝါးချည်မျှင်ရရှိအောင် အဆင့်ဆင့်ထုတ်လုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဝါးချည်မျှင်ကို အခြားချည်မျှင်အမျိုးမျိုးနှင့် အချိုးကျရောစပ် ချည်များ၊ အထည်အလိပ်များ၊ အဝတ်အထည်များ ထုတ်လုပ်ပြီးဝယ်ယူသူများ မှာယူလိုသည့် လိုအပ်ချက်များနှင့်အညီလည်း အထူးပြုလုပ် ထုတ်လုပ်ပေးလျက်ရှိသည်ဟု သိရသည်။ ၂၀၂၅ ခုနှစ်တွင် ဗက်တီးရီးယားပိုးသတ်နှုန်း ၉၉ ဒသမ ၂ ရာခိုင်နှုန်းရှိသည့် ဝါးချည်မျှင်တန်ချိန် ၁၈၀၀၀ ထုတ်လုပ်နိုင်ခဲ့သည်။ ဝါးချည်မျှင်နှင့် အထည်ထုတ်လုပ်သည့် စက်ရုံများကို ဝါးများ အများအပြားပေါက်ရောက်သည့် ဖူးကျန့်ပြည်နယ် နန်ပင်းမြို့တွင် တည်ထားသည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ဝါးချည်မျှင်ထုတ်လုပ်သည့်စက်ဖြင့် ဝါးချည်မျှင်များ ထုတ်လုပ်ထားမှု၊ ဝါးချည်မျှင်နှင့် အခြားချည်မျှင်များ ရောနှော ပေါင်းစပ်မှု၊ ချည်မျှင်ရရှိလာမှုအဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Unitree Robotics Co.,Ltd. သို့ လေ့လာရေးခရီးဆက်ကြသည်။ ခရီးစဉ်၏ နောက်ဆုံးနေ့ဖြစ်သည့်အလျောက် ပြန်လည်မထွက်ခွာမီ အချိန်ရသရွေ့ လေ့လာနိုင်သမျှ လေ့လာကြခြင်းသည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေရန် ဖြစ်သည်။
Unitree Robotics Co.,Ltd. သို့မဟုတ် Yushu Technology Co.,Ltd.သည် ဟန်ကျိုးမြို့တွင် ရုံးချုပ်ရှိသော ကမ္ဘာကျော်ပုဂ္ဂလိက စက်ရုပ်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စွမ်းဆောင်ရည်မြင့်တိရစ္ဆာန် ပုံသဏ္ဌာန်စက်ရုပ်(quadruped robots)၊ လူသားပုံသဏ္ဌာန်စက်ရုပ် (humanoid robots)နှင့် အသိဉာဏ်တုနည်းပညာသုံး မော်ဒယ်(AI model)များ သုတေသနပြု ထုတ်လုပ်ရောင်းချလျက်ရှိသည်။
Unitree ၏ စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဌာန်စက်ရုပ် (quadruped robots)များကို လက်လီရောင်းချလျက်ရှိရာ နှစ်စဉ် ကမ္ဘာ့စျေးကွက်ကို ဦးဆောင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူသားပုံသဏ္ဌာန် စက်ရုပ်ဈေးကွက်၏ သုံးပုံတစ်ပုံကို ရရှိထားသည်ဟု သိရသည်။
Unitree သည် လွတ်လပ်သော သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစုဖြစ်သည်။ နည်းပညာဆန်းသစ်တီထွင်မှုကို အထူးအလေးပေးပြီး အသိ ဉာဏ်တု (AI) နည်းပညာများ၊ ရွေ့လျားမှု ထိန်းချုပ်မှု အယ်လ်ဂိုရစ်သမ်များအပါအဝင် အဓိကအစိတ် အပိုင်းအားလုံးကို တရုတ်ပြည်တွင်း၌ပင် ရာနှုန်းပြည့် တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။ Unitree ၏ တီထွင်မှုများမှာ ပြည်တွင်းနှင့် နိုင်ငံတကာမူပိုင် ခွင့်လျှောက်လွှာ ၂ဝဝ ကျော် တင်သွင်းထားပြီး မူပိုင်ခွင့် ၁၈၀ ကျော် ရရှိထားပြီးဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် စက်ရုပ်များ၊ စက်ရုပ် အစိတ်အပိုင်းများ ထုတ်လုပ်ထားမှု၊ စွမ်းဆောင်ရည် မြင့် စက်ရုပ်များ၏ လူသားတစ်ဦးအသွင်လှုပ်ရှား သွားလာခြင်း၊ သဘာဝဘေးအန္တရာယ်များတွင် အသုံးပြုခြင်း၊ မြန်မာ၊ တရုတ်ရိုးရာအကများ ကပြခြင်း၊ လက်ဝှေ့ထိုးသရုပ်ပြခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ နေအိမ်များတွင် ဝန်ဆောင်မှုလုပ်ငန်းများ၌ အသုံးပြုခြင်းတို့ကို လုပ်ဆောင်ပြသမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် Unitree ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ စက်ရုပ်တစ်ရုပ် ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတက အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ကျဲ့ကျန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့အပြင် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များအလိုက်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းဖွား အကအဖွဲ့များ၊ တရုတ်အကအလှအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင်အထိလည်းကောင်း၊ တပ်မတော်လေဆိပ်အဝင်လမ်းတစ်လျှောက်တွင် လည်းကောင်း နှစ်နိုင်ငံချစ်ကြည်ရေးစာတန်းများ ကိုင်ဆောင်၍ မြန်မာနှင့် တရုတ်အလံငယ်များ ဝှေ့ယမ်းကာ နှစ်နိုင်ငံချစ်ကြည်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ် ဦးတည်လျက် ခရီးစဉ်အတွင်း တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို တိုးမြှင့်နိုင်ခဲ့သည်။ စီးပွားရေး၊ အာကာသနည်းပညာနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်နိုင်ခဲ့သည်။
ခရီးစဉ်အတွင်း တရုတ်-မြန်မာ “ဆွေမျိုး ပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး ပိုမိုခိုင်မာလေးနက်မှုရှိစေရန် ကိစ္စရပ်များအပေါ် အရေးကြီးသော သဘောတူညီချက်များ ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် သမ္မတရှီကျင့်ဖျင်၏ လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအဆိုပြုချက်များနှင့် ကမ္ဘာလုံးဆိုင်ရာအစီအမံ (၄)ရပ်တို့အပေါ် အလေးအနက်တန်ဖိုးထားပြီး အဆိုပါမူဘောင်များသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တိုးတက်ဖြစ်ထွန်းမှုတို့ကို သိသာထင်ရှားစွာ အထောက်အကူပြုကြောင်း မှတ်တမ်းတင် အသိအမှတ်ပြုခဲ့သည်။ လူသားမျိုးနွယ်စုတစ်ရပ်လုံးအတွက် အဆိုပြုချက်များနှင့် အစီအမံများသည် ဧကဝင်ရိုးကမ္ဘာ အခင်းအကျင်းများ ယိုယွင်းပျက်စီးပြီး ဗဟုဝင်ရိုးကမ္ဘာ အခင်းအကျင်းတွင် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်အတွက် စံနှုန်းအသစ်များ၊ တန်ဖိုးအသစ်များ၊ အိုင်ဒီယာအသစ်များဖြစ်လာမည် ဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် ရေရှည်တွင် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ တရားနှင့်အညီ ရသင့်ရထိုက်သည့်နေရာနှင့် ဂုဏ်သိက္ခာတို့ကို ရရှိ လာမည်ဖြစ်သည်။ လက်ရှိအနေအထားတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့်အာဆီယံတွင် မြန်မာနိုင်ငံဘက်မှ အပြည့်အဝရပ်တည်ပေးလျက် ရှိကြောင်းကိုလည်း ထပ်မံအတည်ပြုခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံစလုံးက နှစ်ဖက်ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ အထောက်အကူပြုရေး ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်၊ နှစ်ဖက်သဘောတူညီထားသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများမှတစ်ဆင့် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားရန် စသည်တို့ အပါအဝင် သဘောတူညီချက်များက နိုင်ငံနှင့် ပြည်သူတို့အတွက် အကျိုးရလဒ်များစွာ တိုးတက်ဖြစ်ပေါ် လာစေမည်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရလျှင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit)မှာ နိုင်ငံနှင့် ပြည်သူတို့အတွက် အကျိုးစီးပွားများစွာ ဆောင်ကြဉ်းလာနိုင်သော အောင်မြင်သည့်ခရီးစဉ်ပင် ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အောင်မြင်မှုများမှ မိမိတို့အနေဖြင့် သင်ယူစရာ များစွာရှိနေသည်။ အတွေးအခေါ်၊ အယူအဆ တစ်ရပ်ကို အသေစွဲကိုင်မထားဘဲ နိုင်ငံနှင့်ပြည်သူ ကောင်းကျိုးချမ်းသာဖြစ်ထွန်းရေးသို့ ဦးတည်ခဲ့ခြင်း၊ အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာတို့ကို စုဆောင်းကာ နိုင်ငံကို ခေတ်မီအောင် တည်ဆောက်ခဲ့ခြင်း၊ အတိတ်ကို သင်ခန်းစာယူကာ အပေါင်းလက္ခဏာဆောင်သော အကောင်းမြင်စိတ်ဓာတ်ဖြင့် ရှေ့သို့သာ ရှုမျှော်လုပ်ကိုင်ကြခြင်း၊ နိုင်ငံတော်အစိုးရ၏ မှန်ကန်သော ဦးဆောင်မှုနောက်တွင် ပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ လိုက်ပါဆောင်ရွက်ခဲ့ကြခြင်း၊ ဇွဲ လုံ့လ ဝီရိယဖြင့် စိတ်အားထက်သန်စွာ အလုပ်လုပ်ကြခြင်း၊ သုတေသနနှင့် တီထွင်မှုများကို တစိုက်မတ်မတ်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ကြခြင်း စသည့် စံနမူနာယူဖွယ်များစွာတို့ကို မိမိတို့ အတုယူနိုင်ကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ရေခံ၊ မြေခံ ကောင်းသည့် နိုင်ငံ၊ သဘာဝတရားက မျက်နှာသာပေးထားသည့် နိုင်ငံ၊ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့တွင်ပါ အရေးပါ အရာရောက်နေသည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် မျက်နှာသာပေးမှုများ၊ အရေးပါမှုများ၏ နောက်တွင် စိန်ခေါ်မှုများကလည်း ရှိနေသည်။ သဘာဝအတိုင်းရလာသည့် အခွင့်အလမ်းများကို ရအောင်ယူနိုင်ရန်မှာ မိမိတို့တွင် စည်းလုံးညီညွတ်မှု၊ တိုင်းပြုပြည်ပြု စိတ်ဓာတ်ကောင်းများရှိမှု၊ ဉာဏ်ပညာပြည့်ဝမှု၊ ဇွဲ လုံ့လ ဝီရိယရှိမှုတို့နှင့်အတူ ဖွံ့ဖြိုးတိုးတက်လိုသည့် အလိုဆန္ဒလည်း အဓိပတိ တင်နေဖို့လိုသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် သယံဇာတအရင်း အမြစ်အားလုံးထက် လူသားအရင်းအမြစ်ကသာ လျှင် အဓိကဖြစ်ရာ မိမိတို့အားလုံး တစည်းတလုံးသော အင်အားကိုစုစည်းကာ နိုင်ငံ့သမိုင်းသစ်ကို ရေးထိုးကြပါစို့ဟူ၍။


.jpg)

No comments:
Post a Comment