Sunday, June 21, 2026

မဲခေါင်ဖိုရမ်မှသည် အနာဂတ် ‌ခြောက်နိုင်ငံခရီးသွားမြှင့်တင်မှု၏ လင်းရောင်ခြည်သို့

 

မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်ကို ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အမျိုးသားခရီးသွား အာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များ ကို စုစည်းဖော်ပြအပ်ပါသည် -



ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ဖိုရမ်မှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး အပြန်အလှန်တွေ့ဆုံတာ၊ သတင်းတွေဖလှယ်တာ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့ကြတယ်။ မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း လက်မှတ်ရေးထိုးခဲ့တယ်။ ခရီးသွားအေဂျင်စီတွေ အချင်းချင်း ပူးပေါင်း‌ဆောင်ရွက်မှုကနေ အောင်မြင်မှု အလားအလာတွေ ရှိနေပါပြီ။

ကမ္ဘာ့ခရီးသွားလာမှုမှာ ဥရောပနဲ့အာရှဆိုပြီး အပိုင်းနှစ်ပိုင်း ရှိပါတယ်။ နိုင်ငံတကာမှာ ဥရောပခရီးသွားကဏ္ဍ ကျဆင်းမှုရှိတယ်၊ သူတို့နိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေ၊ စက်သုံးဆီ အခက်အခဲတွေကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတဲ့အတွက် နိုင်ငံတကာခရီးသွားကဏ္ဍ ကျဆင်းသွားတယ်။ အာရှခရီးသွားကဏ္ဍမှာဆိုရင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ခရီးသွားဝင်ရောက်မှု ၅၀ ရာခိုင်နှုန်းလျော့ကျသွားတာရှိတယ်။ အဲဒီအတွက် မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်ဖို့ တရုတ်နိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေကို ပြသ သွားဖို့ရှိပါတယ်။ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံကနေ ပုဂံကို လေယာဉ် ၁၄ စင်း တိုက်ရိုက်လေကြောင်း ပျံသန်းပြီး တရုတ်ခရီးသွားတွေ ဝင်ခဲ့ဖူးပါတယ်။ အဲဒီစံချိန်ကို ပြန်လည်ရရှိဖို့ ကြိုးစားလုပ်ဆောင်သွားမှာပါ။

နိုင်ငံတော်သမ္မတကြီး တရုတ်နိုင်ငံကိုမသွားခင် တရုတ်သံတမန်တွေနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံခရီးသွားကဏ္ဍအပေါ် တိုက်တွန်းဆွေးနွေးခဲ့တာ ရှိပါတယ်။ ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံရဲ့စီးပွားရေးကို တစ်တပ်တစ်အား ဖြည့် ဆည်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ အဲဒီအတွက် သမ္မတကြီးက တရုတ်ခရီးစဉ် မှာ ခရီးသွားမြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့မယ်လို့ ယုံကြည်ပါတယ်။

ဒေသတွင်းက ထိုင်းနဲ့ မလေးရှားမှာလည်း ခရီးသွားလုပ်ငန်း ကျဆင်းသွားပါတယ်။ ကျွန်တော်တို့အနေနဲ့ ခရီးသွားလုပ်ငန်းပြန်လည်နိုးထဖို့ စဉ်းစားလုပ် ဆောင်သွားရမှာပါ။ ပြည်တွင်းက ဟိုတယ်၊ လုပ်ငန်းရှင်၊ ခရီးသွားလုပ်ငန်း အေဂျင်စီတွေနဲ့ ပြည်သူတွေကို အသိ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ သက်ဆိုင်တဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းကြိုးစားနေပါတယ်။ ပုဂံဒေသ ခရီးသွားမြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေတာရှိပါတယ်။ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ပြန်လည်နိုးထလာမှာပါ။

ဦးအောင်အေးဟန်

ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

ခရီးသွားလုပ်ငန်းဆိုတာ ပြည်သူအားလုံးအတွက် ဖော်ညွှန်းတာဖြစ်တဲ့အတွက် ပြည်သူဆိုရာမှာလည်း အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်တွေ၊ အိမ်တွင်းမှုလုပ်ငန်းလုပ်ဆောင်သူတွေ အကုန်လုံးပါဝင်ပါတယ်။ ခရီးသွားလုပ်ငန်းက အကျိုးအမြတ်အားလုံးကို လူတန်းစားပေါင်းစုံ ခံစားရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖိုရမ်ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ခရီးသွားတွေအနေနဲ့ အပန်းဖြေခရီးစဉ်အပြင် နိုင်ငံရဲ့သဘာဝအရင်းအမြစ်၊ ယဉ်ကျေးမှု အမွေအနှစ်၊ ရိုးရာဓလေ့‌တွေကိုထိန်းသိမ်း စောင့်ရှောက်နိုင်အောင် အသိပညာပေးတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။

ခရီးသွားလုပ်ငန်း မြှင့်တင်မှုအဖြစ် နိုင်ငံ‌ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာမှာ ပထမဆုံးအနေနဲ့ နှစ်နိုင်ငံခရီးစဉ်၊ သုံးနိုင်ငံခရီးစဉ်၊ နောက်ဆုံးမှာ ခြောက်နိုင်ငံ ခရီးစဉ်အဖြစ် မဲခေါင်ခြောက်နိုင်ငံ ပူးပေါင်းထားတဲ့ ခရီးစဉ်ဒေသကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ခရီးသွားမြှင့်တင်မှုမှာ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ စတဲ့ ခရီးစဉ်ဒေသတွေကို အဓိကဆောင်ရွက်ထားပြီးလက်ရှိမှာတော့ ပြည်တွင်းခရီးသွားများနေပါတယ်။ အခုလို ခရီးသွားဖိုရမ်ကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပတဲ့အတွက် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ စည်ပင်ဖွံ့ဖြိုးမှုကို လက်တွေ့ကျကျ ပြသခွင့်ရတယ်။

ဦးရန်ဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ ခရီးစဉ်ဒေသအဖြစ် တစ်ဆင့်ချင်းဆောင်ရွက်သွားမယ်ဆိုရင် ဖိုရမ်မှာ ပါဝင်တဲ့ နိုင်ငံခြောက်နိုင်ငံအနေနဲ့ ခရီးသွားဝင်ရောက်မှု မြင့်တက်လာမှာပါ။ ပထမအနေနဲ့ ကမ္ဘောဒီးယားနဲ့ ပူးပေါင်းပြီး လေကြောင်းခရီးစဉ်တွေ‌ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ကြိုးစားနေတာရှိပါတယ်။ နှစ်စဉ်ကမ္ဘောဒီးယားနိုင်ငံကို ခရီးသွားဝင်ရောက်မှုများ အတွက်ကြောင့်ပါ။ အန်ကောဝပ် ဘုရားကျောင်းတစ်ခုတည်း ကိုပဲ တစ်နှစ်ကို ခရီးသွား ၄ သန်း၊ ၅ သန်းလောက် ဝင်ရောက်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား တိုက်ရိုက်လေကြောင်းလိုင်းဖွင့်လှစ်ရင် အဲဒီကနေ ခရီးသွားဝင်ရောက်လာနိုင်ပါတယ်။ မြန်မာ-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံ ခရီးသွားမြှင့်တင်မှုအဖြစ် တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲသွားမယ်ဆိုရင်လည်း လာမယ့်ပွင့်လင်းရာသီမှာ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ စည်ကားလာမှာပါ။ ‌ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကတော့ အကောင်းဆုံးခရီးသွားကဏ္ဍကို တွေ့မြင်ရမှာပါ။

ပြည်ပနိုင်ငံတွေရဲ့ ခရီးသွားမြှင့်တင်မှု အစီအစဉ်တွေ၊ ဘယ်လိုလုပ်ဆောင်နေ တယ်ဆိုတာ၊ ရန်ပုံငွေဘယ်လိုရှာဖွေနေတယ်ဆိုတာ လေ့လာပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ မဲခေါင်ဖိုရမ်ကို မြန်မာနိုင်ငံမှာ ကျင်းပခြင်းကနေ အာဆီယံနဲ့ ကမ္ဘာကို မြန်မာ့ခရီးသွားအပါအဝင် မဲခေါင်ခြောက်နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့ ကြေညာနိုင်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ လင်းရောင်ခြည်သန်းပါပြီ။ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တိုင်းကို ဧည့်ဝတ်ကျေပွန်သွားမယ်လို့ သတင်းစကား ပါးချင်ပါတယ်။

သစ္စာ(mna)

No comments:

Post a Comment