(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်သို့ ဆက်သွယ်ချိတ်ဆက်ပေးထားသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည်။ ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး (Belt and Road Initiatives - BRI) စီမံကိန်းနှင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ (CMEC)တွင် မဟာဗျူဟာမြောက်ဝင်ပေါက် (Strategic Gateway)၊ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင် မည့်နေရာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ရုံမျှမက အာဆီယံနိုင်ငံများတွင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်လမ်းကြောင်း အတိုဆုံးပေးနိုင်သောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ တရုတ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်းနှင့်ပိုးလမ်းမကြီးစီမံကိန်း၏စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြှင့်တင်ရေးတွင် မြန်မာနိုင်ငံလည်း ပါဝင်မည့်အခွင့်အလမ်းသစ်များ ပေါ်ထွက်လာသည်။
အဆိုပါအခွင့်အလမ်းသစ်မှာ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai အခမ်းအနားဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၈ ရက်နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့လင်းကန်အထူး ဧရိယာရှိ Radisson Collection Lingang Shanghai ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပိုမို မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။
အလားအလာကောင်းများ
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက “ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ “Belt and Road Initiatives” စီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများ၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) တို့မှတစ်ဆင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုစေမည့် ရလဒ်များဖြစ်ပေါ်စေရေး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်လာရောက်ခြင်း ဖြစ်ကြောင်း၊ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာလည်းဖြစ်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး၊ ကုန်သွယ်မှုနှင့် နည်းပညာကဏ္ဍများတွင် ထိပ်တန်းမှ ရပ်တည်နေသည့်အပြင် ရှန်ဟိုင်းစတော့ အိတ်ချိန်းနှင့် ရှန်ဟိုင်းဆိပ်ကမ်း၊ အဆင့် မြင့်လေဆိပ်၊ မီးရထားလမ်းကွန်ရက် များ ပိုင်ဆိုင်ထားသည့် ရှန်ဟိုင်းမြို့မှလုပ်ငန်းရှင်များနှင့် မိမိတို့မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ အတူတကွပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရန်လည်း ဖြစ်ပါကြောင်း၊ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်အရ မြန်မာနိုင်ငံမှ အရည်အသွေးမြင့်ကုန်စည်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီး ဝလံတို့ကို ပိုမိုတင်ပို့နိုင်မည့် ကုန်သွယ်မှု လမ်းကြောင်းများ ပိုမိုပွင့်လန်းလာစေရန် နှင့် ဒီဂျစ်တယ်စီးပွားရေး (Digital Economy)၊ အီလက်ထရွန်နစ်ကုန်သွယ် မှု (E-commerce) နှင့် ဆန်းသစ်တီထွင်မှု (Innovation) အပိုင်းများတွင် ရှန်ဟိုင်း၏ အဆင့်မြင့် နည်းပညာကုမ္ပဏီများနှင့်ပူးပေါင်းပြီး မြန်မာ့နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများ ဖော်ထုတ်နိုင်ရေးအတွက်လည်း ရည်ရွယ်ပါကြောင်း” ပြောကြားခဲ့သည်။
လာရောက်ရင်းနှီးမြှုပ်နှံ
မြန်မာနိုင်ငံသည် သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ လူဦးရေ များပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကြီးမားသည့်ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့် အာဆီယံဒေသတွင်း၏ အချက်အချာကျသည့် နေရာတွင်တည်ရှိနေသည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် သည့် တော၊ တောင်၊ ရေ၊ မြေ၊ ရာသီဥတုရှိပြီး အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကိုအသုံးချပြီး စိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံဖြစ်စေ ရေး မူဝါဒချမှတ်ဆောင်ရွက်နေသည်။ လက်ရှိတွင် မြန်မာနိုင်ငံစိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းမြင့်မားရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံသည် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ မြင့်မားပြီး ဈေးကွက်အရွယ်အစား ကြီးမားသည်။ တရုတ်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးရှိစေမည့် Value Chain ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို ပြည်ပမှတင်သွင်း လျက်ရှိရာ ဆေးပစ္စည်းကိရိယာ ထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေများကို နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားဖိတ်ခေါ်ခဲ့သည်။
တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အဓိကအားဖြင့် ကုန်းလမ်းနှင့်ရေလမ်းနှစ်မျိုး အသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်–တရုတ်–အိန္ဒိယ–မြန်မာ(BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက် လျက်ရှိသည်။ အဆိုပါစီမံကိန်းအောက် တွင် နှစ်နိုင်ငံအကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC)ကို တည်ထောင် ဆောင်ရွက်လျက်ရှိပြီး CMEC ၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် အဆိုပါစီးပွားရေးစင်္ကြံတစ်လျှောက် အထူးစီးပွားရေးဇုန်များ (SEZs)၊ စက်မှုဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs) များတွင် ရင်းနှီးမြှုပ်နှံ ရန် အခွင့်အလမ်းကောင်းများရှိနေသည်။
ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်
မြန်မာနိုင်ငံသည် ရေနံနှင့်ဓာတ်ငွေ့ ထွက်ရှိသည့် နိုင်ငံဖြစ်သော်လည်း ရေနံ သန့်စင်ထုတ်လုပ်သည့် အဆင့်မြင့် နည်းပညာ လိုအပ်ချက်ရှိသည်။ လောင်စာဆီနှင့် ရေနံထွက်ပစ္စည်းများကို ပြည်ပမှ အမြောက်အမြား တင်သွင်း လျက်ရှိသည်။ တရုတ်နိုင်ငံသည် စွမ်းအင်သစ်ထုတ်လုပ်မှုတွင် အောင်မြင်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား မူဝါဒ၊ လျှပ်စစ်မော်တော်ယာဉ်ဖွံ့ဖြိုးရေး မူဝါဒများချမှတ်ကာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖော်ဆောင် လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတက အခွင့်အလမ်းများစွာရှိသည့် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်း၊ လျှပ်စစ် မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်း များနှင့် ရေနံသန့်စင်ထုတ်လုပ်ခြင်း၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ် များ(EV) တိုးတက်အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ(EV Policy)ကို ထုတ်ပြန်ထားသည်။ ဘက်ထရီလျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် ပစ္စည်းများဖြစ်သည့် EV Charger၊Spare Parts နှင့် Battery တို့ကို ရာခိုင်နှုန်း အချိုးအလိုက် အကောက်ခွန်နှုန်းများ လျှော့ချပေးထားသည်။ မြန်မာနိုင်ငံ တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို အားပေးလျက်ရှိသည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတွင်လည်း အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကိုလည်း ပေးထားသည်။ လျှပ်စစ်သုံးအများပြည်သူ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ (Electric Public Transportation Services)၊ လျှပ်စစ်တက္ကစီနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ (Electric Taxi & Cargo Logistics Services)နှင့် လေအားအသုံးပြုသည့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း များတွင် လာရောက်ရင်းနှီး မြှုပ်နှံနိုင်ရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။
အားပေးဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကို အလေးထားဖိတ်ခေါ် လျက်ရှိသလို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှု လုပ်ငန်းများကို ဦးစားပေးအဖြစ် သတ်မှတ်ဖိတ်ခေါ်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း အားပေးဖိတ်ခေါ်လျက်ရှိသည်။ ထို့ပြင် ပြည်တွင်း ထွက်ကုန်များကို အခြေခံသည့် အဆင့်မြင့်ရော်ဘာထုတ်လုပ်ခြင်း၊ ရော်ဘာ အခြေခံတာယာနှင့် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးဆောင်ရွက်လျက် ရှိသည်။
သမ္မတကြီး ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီး မြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ် စနစ် (Digital Transformation) သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိ ပြီး မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက် ရှိသည်။ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ပေါ်ဒေသတွင် မြေဧရိယာ ဧက ၁၀၀၀၀ ခန့် ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် e-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှု အားကောင်းပြီး ဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများပင်ဖြစ်သည်။
အထောက်အကူပြုနိုင်
ဆက်လက်၍ မြန်မာနိုင်ငံ၏မိတ်ဖက်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ချက်အချို့ကို နိုင်ငံတော်သမ္မတက မျှဝေပေးခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် ပင်လယ်ရေကြောင်း ကုန်သွယ်မှု သာမက နယ်စပ်ကုန်သွယ်ရေးစခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြန်လည် ဖွင့်လှစ်နိုင်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံအကြား SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေးအပြန်အလှန် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အတူ တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ၂၀၂၁ ခုနှစ်တွင် ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုခဲ့ပြီး မြန်မာ-တရုတ်နယ်စပ်ဒေသတွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို တရားဝင် တိုက်ရိုက်အသုံးပြုပေးချေ ခွင့်ပြုခဲ့ကြောင်း၊ ယင်းစနစ်သည် နှစ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုဖြစ်သည့်အတွက် စရိတ်စကသက်သာစွာဖြင့်ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသာမက နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း အသိပေးရှင်းပြခဲ့သည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရေးအတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့သည် ၂၀၂၄ ခုနှစ်တွင် အပြည့်အဝ အသက်ဝင်လည်ပတ်နေပြီ ဖြစ်သည့်အပြင် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပြီး တာဝန်ယူမှုရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု (Responsible Invest-ment) လုပ်ငန်းများကို ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကာ အကွယ်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်ရှိသည့် တရုတ်ရင်းနှီး မြှုပ်နှံသူများ၏ အဆင်ပြေချောမွေ့စေရေးကိုလည်း ပံ့ပိုးကူညီပေးသွားမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြန်လည်ရှင်းလင်းပြောကြား
အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ လျော့ပါးစေရေးနှင့် ငလျင်ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ ရေအားလျှပ်စစ်နှင့် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံမှုများအပေါ်တွင် မူဝါဒပိုင်းဆိုင်ရာအရ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင် မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်နှင့် ဒေါက်တာချာလီသန်းတို့က လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် လုပ်ငန်းဆက်လက် အကောင်အထည်ဖော်ရန် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေရသည့် နှစ်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းကြီးများအား အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး အဆိုပါဒေသများ၌ လုံခြုံရေးနှင့်နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အာကာသနည်းပညာပိုင်းဆိုင်ရာများတွင် လူသားအရင်းအမြစ်များမွေးထုတ် ပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် ဆန္ဒရှိပြီး ပူးပေါင်းမှုများဆောင်ရွက်ရန် အတွက်ဖိတ်ခေါ်မှုအား ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ နည်းပညာပိုင်းဆိုင်ရာများတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်ကို တွေ့မြင်ရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ကြမည် ဆိုပါကလည်း နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ဈေးကွက်ခိုင်မာမှုတို့ကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဟု အကြံပြုလိုကြောင်းနှင့် အခြားသိရှိရန်လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။
အပြန်အလှန်ဆွေးနွေး
ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးအရ ပကတိအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ အာမခံချက်များ၊ အခွင့်အလမ်းများ၊ မြန်မာနိုင်ငံ၏ ဈေးကွက်၊ ဒေသတွင်းဈေးကွက်၊ တရုတ်နိုင်ငံ၏ဈေးကွက်၊ အဆင့်မြင့်နည်းပညာများနှင့် မြန်မာနိုင်ငံ၏တည်နေရာ အချက်အချာ၊ သဘာဝသယံဇာတအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်တို့ကို အထိရောက်ဆုံးပေါင်းစပ်နိုင်မည့် ကဏ္ဍများကိုရွေးချယ်ကာ ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ်စုံလင်စွာ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Net-working Summit” (MCITP – 2026) Shanghai သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ စီးပွားရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
“Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ မြန်မာ - တရုတ် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်းလူဦးရေ ၆၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ MCITP – 2026 Shanghai တွင် မြန်မာ-တရုတ် ကုမ္ပဏီများမှ ပြခန်းပေါင်း ၃၅ ခန်းကို ကဏ္ဍစုံလင်စွာဖြင့် ခင်းကျင်းပြသထားရှိပြီး ယခုကဲ့သို့ နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းများ ပြသနိုင်ခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသစ်များ တိုးချဲ့ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းများကို ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်သည်။
လင်းကန်အထူးဇုန်
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဧရိယာ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာခဲ့ရာ လင်းကန် အထူးဧရိယာပါတီလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Zhao Yi Huai နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Exhibition Centre အတွင်း လှည့်လည်၍ လင်းကန်အထူးဇုန်၏ နယ်မြေအကျဉ်းချုပ်နှင့် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ရေနက်ဆိပ်ကမ်းတည်ဆောက်ထားရှိမှုနှင့် လင်းကန်စက်မှုဇုန်တည်ဆောက်ထားရှိမှု မြေပုံ ပုံစံငယ်များ၊ Telsa ကုမ္ပဏီ နှင့် Shanghai Motor တို့ ပူးပေါင်းဆောင်ရွက်မှုများ၊ အာကာသနည်းပညာ စက်ပစ္စည်းများကို လိုက်လံကြည့်ရှု လေ့လာခဲ့ကြသည်။
ဆက်လက်၍ ရှန်ဟိုင်းမြို့ Hongqiao Railway Station မှ ဟန်ကျိုးမြို့ Hangzhou East Railway Station သို့ High-Speed Railway G23 ဖြင့် ထွက်ခွာရာ ရှန်ဟိုင်းမြို့ ဒုတိယမြို့တော် ဝန်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ နိုင်ငံတော်သမ္မတ သည် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အမြန်ရထားဖြင့်သွားရောက်စဉ် လမ်းခရီးတစ်လျှောက်၌ ရထားပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးတိုးတက်မှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ Green Energy အသုံးပြုထားရှိမှုများ၊ မြို့ပြအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရထားလမ်းတစ်လျှောက် သာယာလှပမှု များကို ကြည့်ရှုလေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတကြီး၏ ယခု ခရီးစဉ်သည် တရုတ်နိုင်ငံ၏ “Belt and Road Initiatives” စီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများ၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) တို့မှတစ်ဆင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုစေမည့် ရလဒ်ကောင်းများပေါ်ထွက်လာခဲ့သည်။ နှစ်နိုင်ငံအပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ လေးစားယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းအတွက် ခိုင်မာလှသည့် အခြေခံအုတ်မြစ်ကြီး တစ်ခု ဖြစ်စေခဲ့သည်။ နှစ်နိုင်ငံကြား သာတူညီမျှ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် အခြေအနေကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။ နှစ်နိုင်ငံသမိုင်းစာမျက် နှာသစ်ကို အတူတကွဖွင့်လှစ်နိုင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် ဖွံ့ဖြိုးဝေစည်သည့်အနာဂတ်ကို အစဉ်လက်တွဲ ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment