ဇော်ထွန်းအောင် (ပညာရေး)
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုကိုတိုင်းတာရာတွင် စီးပွားရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုသာမက လူသားအရင်းအမြစ်၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကိုလည်း အဓိကထား၍ သုံးသပ်ကြသည်။ ထိုလူသားအရင်းအမြစ်များအနက် အမျိုးသမီးများသည် မိသားစု၏ အခြေခံမဏ္ဍိုင်၊ လူမှုအသိုက်အဝန်း၏ အားအင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါဆုံးမောင်းနှင်အားတစ်ရပ် ဖြစ်ကြသည်။
“အမျိုးသမီးတစ်ဦးကို ပညာပေးနိုင်လျှင် မိသားစုတစ်စုကို ပညာပေးနိုင်သည်” ဟူသော
အဆိုအရ အမျိုးသမီးများ၏ ပညာရေး၊ အသိပညာ နှင့်အရည်အချင်းများ တိုးတက်လာခြင်းသည်
မျိုးဆက်သစ်လူငယ်များ၏အနာဂတ်ကို ပိုမိုကောင်းမွန်စေသည့် အခြေခံအင်အားဖြစ်သည်။
ယနေ့ခေတ်တွင် အမျိုးသမီးများသည် မိခင်၊ ဆရာမ၊ ဆရာဝန်၊ သုတေသီ၊ စီးပွားရေးလုပ်ငန်းရှင်၊
အုပ်ချုပ်ရေးမှူးနှင့် လူမှုဖွံ့ဖြိုးရေးခေါင်းဆောင်များအဖြစ် ကဏ္ဍစုံတွင် တာဝန်ယူဆောင်ရွက်လျက်ရှိကြသည်။
အမျိုးသမီးများ၏
အောင်မြင်မှုသည် ပုဂ္ဂိုလ်ရေးအောင်မြင်မှုတစ်ခုတည်းမဟုတ်ဘဲ မိသားစု၊
လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်တစ်ရပ်လုံး၏ တိုးတက်မှုကို အထောက်အကူပြုသော အရေးပါသည့်
အင်အားတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် ဂုဏ်သိက္ခာကို
မြှင့်တင်ပေးခြင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော
မဟာဗျူဟာတစ်ရပ်ဖြစ်သည်။
သမိုင်းကို
ပြန်လည်လေ့လာကြည့်ပါက မြန်မာအမျိုးသမီးများသည် အိမ်တွင်းရေးတာဝန်၊ အိမ်မှုကိစ္စများကိုသာ
ထမ်းဆောင်ခဲ့ကြသူများ မဟုတ်ကြပေ။ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ အမျိုးသားရေး
လှုပ်ရှားမှုများ၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း အမျိုးသားများနှင့်အတူ
လက်တွဲပါဝင်ခဲ့ကြသည်။
မြန်မာ့ယဉ်ကျေးမှုတွင်
အမျိုးသမီးများ၏ အခန်းကဏ္ဍ
မြန်မာ့ယဉ်ကျေးမှုနှင့်
ဓလေ့ထုံးတမ်းများတွင် အမျိုးသမီးများကို မိသားစု၏ အရေးပါသော အစိတ်အပိုင်းအဖြစ်
သတ်မှတ်ခဲ့ကြသည်။ ရှေးခေတ်ကတည်းက ပိုင်ဆိုင်မှုအခွင့်အရေး၊ အမွေဆက်ခံခွင့်နှင့် မိသားစုဆိုင်ရာ
ဆုံးဖြတ်ချက်များတွင် ပါဝင်နိုင်သည့် အခွင့်အရေးများရှိခဲ့ကြသည်။ “အိမ်ရှင်မ” ဟူသောအဓိပ္ပာယ်သည်
အိမ်မှုကိစ္စများကိုသာ စီမံဆောင်ရွက်သူမဟုတ်ဘဲ မိသားစု၏ စီးပွားရေး၊ လူမှုရေးနှင့်
အနာဂတ်ဖွံ့ဖြိုးမှုကို ဦးဆောင်စီမံနိုင်သူအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
မြန်မာ့သမိုင်းစာမျက်နှာများတွင်
ဉာဏ်ပညာ၊ သတ္တိနှင့် အမြော်အမြင်တို့ဖြင့် ထူးချွန်ထက်မြက်သော အမျိုးသမီးခေါင်းဆောင်များနှင့်
စံပြပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့ကြပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှု
ကာလများတွင်လည်း မြန်မာအမျိုးသမီးများသည် နိုင်ငံနှင့် လူမျိုးအကျိုး အတွက်
အမျိုးသားများနှင့်အတူ ရင်ပေါင်တန်းကာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြပါသည်။
ထိုသမိုင်းဝင်
အမျိုးသမီးများအနက် ထားဝယ်သူ သူရမချစ်ပိုသည် ထူးခြားစွာ မှတ်တမ်းတင်ထိုက်သူတစ်ဦးဖြစ်ပါသည်။
သူသည် မြန်မာ့တပ်မတော်သမိုင်းတွင်သာမက မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာများတွင်ပါ အမျိုးသမီး
“သူရဘွဲ့” ရရှိသူအဖြစ် ဂုဏ်ယူဖွယ် မှတ်တမ်းဝင်ခဲ့ပါသည်။ နိုင်ငံတော်နှင့်
ပြည်သူအကျိုးအတွက် ပြသခဲ့သည့် မကြောက်မရွံ့သော သတ္တိ၊ တာဝန်ယူစိတ်နှင့်
စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြု၍ ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေးနေ့တွင်
နိုင်ငံတော်အစိုးရက “သူရဘွဲ့” ကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များက
ကျွန်ုပ်တို့အား ပေးအပ်ထားသော အရေးကြီးဆုံးသင်ခန်းစာမှာ အမျိုးသမီးများသည် လူမှုအသိုက်အဝန်း၏
အားနည်းသူများမဟုတ်ဘဲ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို
ဦးဆောင်မောင်းနှင်နိုင်သည့် စွမ်းအားရှင်များဖြစ်ကြောင်းပင်ဖြစ်ပါသည်။ ထိုစံပြအမျိုးသမီး
ကောင်းများ၏ ဂုဏ်ရောင်ကို ဆက်လက်ထိန်းသိမ်းပြီး ခေတ်သစ်အမျိုးသမီးများအနေဖြင့် ပညာ၊
အရည်အချင်းနှင့် ကိုယ်ကျင့်သိက္ခာတို့ကို ပေါင်းစပ်ဖွံ့ဖြိုးစေခြင်းဖြင့် နိုင်ငံတော်၏
အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍများကို
ဆက်လက်ထမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။
ပညာရေးကဏ္ဍ၏
အားထားရသော စွမ်းအားစု
နိုင်ငံတစ်နိုင်ငံ၏
အနာဂတ်သည် ပညာရေးအပေါ်မူတည်သည်။ ထိုပညာရေးကဏ္ဍတွင် အမျိုးသမီးဆရာမများ၏
အခန်းကဏ္ဍမှာ အလွန်အရေးပါသည်။ စာသင်ခန်းအတွင်း အသိပညာပေးခြင်းသာမက ကိုယ်ကျင့်တရား၊
လူမှုကျင့်ဝတ်နှင့် နိုင်ငံချစ်စိတ်တို့ကိုလည်း ပျိုးထောင်ပေးလျက်ရှိကြ သည်။ မျိုးဆက်သစ်လူငယ်များ၏
အောင်မြင်မှုနောက်ကွယ်တွင် မေတ္တာ၊ စေတနာနှင့် တာဝန်ယူမှုအပြည့်ဖြင့် သင်ကြားပေးခဲ့သော
ဆရာမများ၏ အခန်းကဏ္ဍကို လျစ်လျူရှု၍ မရနိုင်ပေ။
ကျန်းမာရေးကဏ္ဍ၏
အနစ်နာခံသူများ
လူ့ဘဝ၏
အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးကဏ္ဍတွင်လည်း အမျိုးသမီးများသည်
အရေးပါသောတာဝန်များကို ထမ်းဆောင်လျက်ရှိကြသည်။ ဆရာဝန်များ၊ သူနာပြုများ၊ သားဖွားဆရာမများနှင့်
ကျန်းမာရေးဝန်ထမ်းများအဖြစ် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေကြသည်။ အရေးပေါ်အခြေအနေများနှင့်
သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင်လည်း လူသားချင်းစာနာမှုစိတ်ဓာတ်ဖြင့် ရှေ့တန်းမှ
ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
စီးပွားရေးနှင့်
စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ
ယနေ့ခေတ်
စီးပွားရေးလောကတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် ပိုမိုကျယ်ပြန့်လာသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများမှစ၍ နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းများအထိ အမျိုးသမီးလုပ်ငန်းရှင်
များစွာပေါ်ထွန်းလာကြသည်။ ၎င်းတို့သည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊
မိသားစုဝင်ငွေမြှင့်တင်ပေးခြင်းနှင့် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ
ပြုလျက်ရှိကြသည်။ စီးပွားရေးကဏ္ဍတွင် အမျိုးသမီးများ၏ တက်ကြွစွာ ပါဝင်နိုင်မှုသည်
နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပေးသည့် အရေးပါသော
အချက်တစ်ရပ်ဖြစ်သည်။
နည်းပညာခေတ်၏
အမျိုးသမီးခေါင်းဆောင်များ
ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု
လျင်မြန်လာသည့် ယနေ့ခေတ်တွင် အမျိုးသမီးများသည် နည်းပညာ၊ သိပ္ပံသုတေသနနှင့် အင်ဂျင်နီယာ
နယ်ပယ်များတွင် ပိုမိုထင်ရှားလာကြသည်။ သုတေသီများ၊ အင်ဂျင်နီယာများ၊
ဆော့ဖ်ဝဲဖန်တီးသူများနှင့် နည်းပညာကျွမ်းကျင်သူများအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြပြီး
အသိပညာအခြေပြုစီးပွားရေးစနစ် တည်ဆောက်ရာတွင် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်လာကြသည်။
အုပ်ချုပ်ရေးနှင့်
ပြည်သူ့ဝန်ဆောင်မှု
ယခုအခါ
တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တွင် အမျိုးသမီးအရာရှိများနှင့်
စစ်သူရဲကောင်းများအဖြစ် တာဝန်ထမ်းဆောင်ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အမျိုးသားများနှင့်အတူ
လက်တွဲကာကွယ်နေကြပြီဖြစ်သည်။ အမျိုးသမီးများသည် အုပ်ချုပ်ရေး၊ ဥပဒေရေးရာ၊ လုံခြုံရေးနှင့်
ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင်လည်း တာဝန်ထမ်းဆောင်လျက်ရှိကြသည်။
နိုင်ငံတကာစာချုပ်များနှင့်
အမျိုးသမီးများနေ့ အထိမ်းအမှတ် ရိုးရာဓလေ့
ကမ္ဘာ့နိုင်ငံများသည်
အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် ရှေးယခင်ကတည်းကပင် အခွင့်အရေး
တန်းတူညီမျှရရှိခဲ့ကြပြီး ဥပဒေအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း
ခွဲခြားဆက်ဆံမှုမရှိသလောက်နည်းပါးခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်
ခွဲခြားမှုပပျောက်ရေး သဘောတူစာချုပ် (CEDAW)ကိုလည်း မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင်
ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
CEDAW ဆိုသည်မှာ Convention on the Elimination of All Forms of
Discrimination against Women ၏ အတိုကောက်ဖြစ်ပြီး မြန်မာဘာသာဖြင့် “အမျိုးသမီးများအပေါ်
နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူစာချုပ်” ဟု ခေါ်ဆိုပါသည်။ ဤစာချုပ်သည်
ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ ရပိုင်ခွင့်များကို ကာကွယ်ပေးသည့် “အမျိုးသမီးများဆိုင်ရာ
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကြီး”ပင်ဖြစ်သည်။ ယနေ့ခေတ်တွင် အမျိုးသမီးများ၏ အရည်အချင်းကို
အခြေခံသည့် တန်းတူအခွင့်အရေးများ ဖန်တီးပေးနိုင်ရေးသည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတစ်ရပ်၏
အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာသည်။
မျိုးဆက်သစ်လူငယ်များ၏
တာဝန်
အနာဂတ်
မြန်မာနိုင်ငံသစ်ကို တည်ဆောက်မည့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအနေဖြင့်
အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍများကို
ပိုမိုအားပေးကူညီသွားရန် အစီအစဉ်ရှိရပါမည်။ ကျောင်းသင်ခန်းစာများမှစ၍ ကျောင်းသား
ကျောင်းသူ အချင်းချင်းခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူရည်တူပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ထို့ပြင် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ ပညာသင်ကြားခွင့်ရရှိစေရန်နှင့် အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုများ ပပျောက်စေရန်အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ အသိပညာပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို
လုပ်ဆောင်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
တစ်ဦးနှင့်တစ်ဦး
အပြန်အလှန်လေးစားခြင်း၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်းနှင့် အမျိုးသမီးများ၏ အသံနှင့်
အမြင်များကို အလေးထားနားထောင်ပေးခြင်းတို့သည် ပိုမိုတရားမျှတပြီး ငြိမ်းချမ်းသော
လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် အခြေခံကျသောအချက်များ ဖြစ်ကြပါသည်။
အနာဂတ်တွင် ကျွန်ုပ်တို့မျှော်မှန်းထားသော
ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်မီသော နိုင်ငံတစ်နိုင်ငံကို တည်ဆောက်နိုင်ရန်အတွက် အမျိုးသမီးများ၏
စွမ်းအား၊ ဉာဏ်ပညာ၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ခေါင်းဆောင်မှုအရည်အချင်းများကို ပိုမိုမြှင့်တင်ပေးရမည်ဖြစ်ပါသည်။
မျိုးဆက်သစ်လူငယ်များအနေဖြင့်လည်း အမျိုးသမီးများ၏ အောင်မြင်မှုကို
ဂုဏ်ယူအားပေးပြီး တန်းတူအခွင့်အရေး၊ တန်းတူပါဝင်မှုနှင့် တန်းတူတိုးတက်မှုကို အခြေခံသည့်
လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် လက်တွဲကြိုးပမ်းသွားရမည်ဖြစ်ပါသည်။
အမျိုးသမီးများ၏
တိုးတက်မှုသည် မိသားစုတစ်စု၏ တိုးတက်မှုဖြစ်ပြီး မိသားစုများ၏ တိုးတက်မှုသည် နိုင်ငံတော်၏ တိုးတက်မှုဖြစ်ပါသည်။
ထို့ကြောင့် မြန်မာအမျိုးသမီးများ၏ စွမ်းပကားနှင့် ဂုဏ်သိက္ခာကို ဆက်လက်မြှင့်တင်ပေးခြင်းသည်
မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခိုင်မာဆုံးသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ကြောင်း
ယုံကြည်စွာ မှတ်တမ်းတင်အပ်ပါသည်။
အနာဂတ်အတွက်
ရေရှည်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ
အမျိုးသမီးများ၏
စွမ်းအားကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် အောက်ပါကဏ္ဍများကို အလေးထားဆောင်ရွက်ရန်
လိုအပ်ကြောင်း အကြံပြုအပ်ပါသည်-
အရည်အသွေးမြင့်
ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရေး၊
ဒီဂျစ်တယ်နည်းပညာနှင့်
အသက်မွေး ဝမ်းကျောင်းကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရေး၊
စီးပွားရေးလုပ်ငန်းစတင်နိုင်ရန်
ပံ့ပိုးကူညီရေး၊
ခေါင်းဆောင်မှုစွမ်းရည်
ဖွံ့ဖြိုးရေးအစီအစဉ် များတိုးချဲ့ဆောင်ရွက်ရေး၊
လုံခြုံမှုနှင့်ဂုဏ်သိက္ခာကို
အကာအကွယ်ပေးနိုင်သော လူမှုရေးပတ်ဝန်းကျင် တည်ဆောက်ရေး။
ဤမဟာဗျူဟာများကို
ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါက အမျိုးသမီးများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို
ပိုမိုဖော်ထုတ်အသုံးချနိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် စီးပွားရေးတိုးတက်မှု၊ နည်းပညာတိုးတက်မှုနှင့်
အခြေခံအဆောက်အအုံများ၏ ခိုင်မာမှုတို့သာမက လူသားအရင်းအမြစ်များ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်တို့ကိုလည်း
အဓိကထား၍ တိုင်းတာကြပါသည်။ ထိုလူသားအရင်းအမြစ်များအနက် အမျိုးသမီးများသည် မိသားစုတစ်စု၏
နှလုံးသား၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ အားအင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ မောင်းနှင်အားအဖြစ်
ရပ်တည်လျက်ရှိကြပါသည်။ မိခင်တစ်ဦး၏ မေတ္တာ၊ ဆရာမတစ်ဦး၏ ပညာပေးစိတ်ဓာတ်၊
ကျန်းမာရေးဝန်ထမ်းတစ်ဦး၏
အနစ်နာခံမှု၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့်
လူမှုဖွံ့ဖြိုးရေးခေါင်းဆောင်တစ်ဦး၏
တာဝန်ယူမှုတို့သည် လူ့အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အားဖြည့်ပေးနေသည့်
အဖိုးတန်စွမ်းအားများပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment