ဇော်သုတ
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် MSME (Micro, Small and Medium Enterprises) ခေါ်“ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ” သည် သာမန် စီးပွားရေးလုပ်ငန်း ငယ်လေးများ မဟုတ်ပါ။
ယင်းတို့သည် နိုင်ငံ့စီးပွားရေးအဆောက်အအုံတစ်ခုလုံး
ယိုင်လဲမသွားအောင် ကြံ့ကြံ့ခံ ထိန်းကျောင်းပေးထားသည့် “အဓိကကျောရိုး” နှင့် နိုင်ငံတော်ကို
အသက်သွေးကြောသစ်လောင်းပေး နေသည့် “စီးပွားရေးအင်ဂျင်” ပင်ဖြစ်ပါသည်။ “MSME” ဆိုသည်မှာ
အရင်းအနှီးအနည်းငယ်ဖြင့် အိပ်မက်ကြီးကြီးကို လက်တွေ့အကောင်အထည်ဖော်နိုင်သည့်ကဏ္ဍဖြစ်သည်။
တစ်နေ့တွင် တိုင်းပြည်၏ ရွှေသီးကို သီးပွင့်စေမည့် အင်အားစု ဖြစ်ပါသည်။
လမ်းဘေးရှိ ဖျော်ရည်ဆိုင်လေးများမှ
စတင်၍ အနံ့မွှေးပျံ့သော ကော်ဖီနှင့်လက်ဖက်ရည်ဆိုင်များ၊ ထို့အပြင် အရည်အသွေးမြင့် ပြည်တွင်းဖြစ်ပစ္စည်းများ
ထုတ်လုပ်နေသော အသေးစားစက်မှုကုန်ထုတ် စက်ရုံများအထိ - ဤကဏ္ဍတစ်ရပ်လုံးက သာမန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
မဟုတ်တော့ ပါ။ ယင်းတို့သည် မိသားစုတစ်စုချင်းစီ၏ ထမင်းဝိုင်းကို အားဖြည့်ပေးသကဲ့သို့
ဒေသန္တရစီးပွားရေး ကို အသက်သွင်းပေးပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝတိုးတက်မှုကို
အရှိန်အဟုန်ဖြင့် မောင်းနှင်ပေး နိုင်သော အခြေခံအင်အားစုကြီးများ ဖြစ်လာပါသည်။
ထို့ကြောင့် အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကြိုးပမ်းမှု၊ ဖန်တီးနိုင်မှုနှင့် ဇွဲလုံ့လတို့ကို
ဝိုင်းဝန်းအားပေး မြှင့်တင်နိုင်မည်ဆိုပါက ပြည်တွင်းစီးပွားရေးအင်အားသည် ပိုမိုခိုင်မာ
လာမည်ဖြစ်ပြီး ပြည်သူတို့၏ လူနေမှုဘဝသည်လည်း ပိုမိုသာယာဝပြောသော အနာဂတ်ဆီသို့ မုချဧကန်
ဦးတည်သွားမည်ဖြစ်သည်။
“MSME” ၏ အခန်းကဏ္ဍကို
“လူမှုအကျိုးပြု ရှုထောင့်” မှနေ၍ အောက်ပါအတိုင်း အပိုင်း ငါးပိုင်းဖြင့် ဆန်းစစ်တင်ပြအပ်ပါသည်-
၁။ လူမှုအကျိုးပြု
ရှုထောင့်မှ MSME ၏ အရေးပါမှု
နိုင်ငံတစ်နိုင်ငံ၏
တိုးတက်မှုကို တိုင်းတာရာတွင် ကောင်းကင်ယံသို့ ထိုးထွက်နေသည့် အဆောက် အအုံကြီးများ၊ ခေတ်မီကားကြီးများနှင့်
ခိုင်ခံ့သော လမ်းတံတားများ ရှိရုံမျှဖြင့် လူနေမှုဘဝ ပြည့်စုံသည်ဟု မဆိုနိုင်ပါ။ အဆိုပါရုပ်ဝတ္ထုပစ္စည်းများသည်
နိုင်ငံ၏ ပြင်ပအရောင်အဝါဖြစ်သော်လည်း MSME ခေါ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား
ရေးလုပ်ငန်းများသည်မူ နိုင်ငံ၏ “အသက်၊ သွေးခဲ” နှင့် “နှလုံးခုန်သံ”ပင် ဖြစ်သည်။
လမ်းဘေးမှ လက်ဖက်ရည်ဆိုင်လေးများ၊
ကားပြင်ဆိုင်ငယ်လေးများ၊ ရပ်ကွက်တွင်းမှ ကုန်စုံ ဆိုင်များနှင့် ဈေးသည်များ မရှိပါက
မြို့ပြနှင့် ကျေးလက်၏ နေ့စဉ်လူနေမှုဘဝ အခြေခံအုတ်မြစ်မှာ ချက်ချင်းပင် ပြိုလဲသွားမည်ဖြစ်သည်။
ဤလုပ်ငန်းငယ်လေးများသည် လူ့အဖွဲ့အစည်းအတွက် အစားထိုးမရနိုင်သော ကဏ္ဍများတွင် အကျိုးပြုနေပါသည်
-
(က) အလုပ်အကိုင်အခွင့်အလမ်း ထုထည်ကြီးမားခြင်း။ နိုင်ငံတကာစာရင်းဇယားများအရ
MSME များသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်အကိုင် ၇၀ ရာခိုင် နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ
ဖန်တီးပေးနေခြင် ဖြစ် သည်။ စက်ရုံကြီးတစ်ခုသည် အလုပ်သမား ၅၀၀ သာ ခန့်ထားနိုင်သော်လည်း
MSME လုပ်ငန်းငယ် ၅၀၀ သည် လုပ်သားပေါင်း ထောင်နှင့်ချီ၍ အလုပ်ပေးနိုင်စွမ်းရှိသဖြင့်
လူငယ်များ၊ ပညာတတ်များနှင့် ကျေးလက်နေပြည်သူများအတွက် အဓိကအသက်မွေးဝမ်းကျောင်းလမ်းကြောင်း
ဖြစ်လာသည်။
(ခ) စီးပွားရေးကြံ့ကြံ့ခံနိုင်ရည်ရှိမှု။
နိုင်ငံခြားကုမ္ပဏီကြီးများက စီးပွားရေးမကောင်းလျှင် သို့မဟုတ် အကျပ်အတည်းဖြစ်လျှင်
ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်း၍ ထွက်သွားနိုင်သော်လည်း ဒေသခံ MSME များမှာမူ
မည်သည့်အခြေအနေမျိုးတွင်မဆို မိမိတို့ဒေသတွင် ဆက်လက်ရပ်တည်၍ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်
“ပေါင်းကူးတံတား” များအဖြစ် တည်ရှိနေမည် ဖြစ်သည်။
(ဂ) ဝင်ငွေညီမျှမှုနှင့်
ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း။ MSME များသည် ငွေကြေးအင်အား အနည်းငယ်သာ ရှိသူများကိုပင်
စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာစေရန် အခွင့်အလမ်းပေးသည်။ ဤသည်မှာ ဓနအင်အားကို လူနည်းစုလက်ထဲ၌သာ
စုပုံမနေစေဘဲ ပြည်သူများထံသို့ ဖြန့်ကြက်ပေးခြင်းဖြင့် လူမှုဘဝအဆင့်အတန်းကို တစ်ပြေးညီ
မြင့်မားလာစေသည့် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။
(ဃ) ဆန်းသစ်တီထွင်မှု၏ အစပြုရာ။ ယနေ့ကမ္ဘာကျော်
Google နှင့် Apple တို့ကဲ့သို့ ကုမ္ပဏီကြီးများသည်ပင် တစ်ချိန်က ဂိုဒေါင်ငယ်လေးများအတွင်းမှ
စတင်ခဲ့သည့် MSME လုပ်ငန်းလေးများ ဖြစ်ကြသည်။ MSME များသည် ဈေးကွက်လိုအပ်ချက်ကို မြန်မြန်သိမြင်နိုင်ပြီး
နည်းပညာနှင့် ဝန်ဆောင်မှု အသစ်များကို ရဲရဲတင်းတင်း စမ်းသပ်နိုင်စွမ်းရှိသဖြင့် နိုင်ငံအတွက်
ဆန်းသစ်တီထွင်မှုများပေါ်ထွက်လာရာ ရင်းမြစ်များ ဖြစ်သည်။
၂။ ဒေသတွင်းနိုင်ငံများ၏
အတွေ့အကြုံနှင့် မြန်မာ့သင်ခန်းစာ
အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများသည်
MSME ကဏ္ဍကို နိုင်ငံ့စီးပွားရေး၏ မောင်းနှင်အား အဖြစ် အသုံးပြုကာ နိုင်ငံ့စီးပွားနှင့် သာမန်လူတန်းစားများ၏
ဘဝကို အံ့မခန်း ပြောင်းလဲနိုင်ခဲ့ကြ သည်။ ယင်းတို့၏ အောင်မြင်မှုဇာတ်လမ်းများသည် မြန်မာ့
MSME များအတွက် တန်ဖိုးရှိသော သင်ခန်းစာများ ဖြစ်လာပါသည်။
ဒေသတွင်း နိုင်ငံများ၏
အောင်မြင်မှုနောက်ကွယ်တွင် အစိုးရ၏ ပံ့ပိုးမှု၊ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုမှုနှင့်
ဒေသထွက်ကုန်ကြမ်းကို တန်ဖိုးမြှင့်ထုတ်လုပ်မှုတို့ ရှိနေပါသည်။ မြန်မာ့ MSME များ အနေဖြင့်
မိမိတို့၏ အားသာချက်ဖြစ်သော စိုက်ပျိုးရေးနှင့် ရိုးရာလက်မှုပညာကို နည်းပညာနှင့် ပေါင်းစပ်နိုင်လျှင်
ဒေသတွင်းနိုင်ငံများနည်းတူ ထိပ်တန်းသို့ ရောက်ရှိနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
(က) ထိုင်းနိုင်ငံ၏
OTOP ။ ထိုင်းနိုင်ငံသည် “ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုး”
(OneTambon One Product) စီမံကိန်းဖြင့် ကမ္ဘာကျော်ခဲ့သည်။ ၎င်းတို့၏ အဓိက သော့ချက်မှာ
Branding (အမှတ် တံဆိပ်) နှင့် Packaging (ထုပ်ပိုးမှု) ဖြစ်သည်။ သာမန်ရွာထွက်လက်မှုပစ္စည်းများကိုပင် ခေတ်မီဒီဇိုင်းများဖြင့်
အဆင့်မြှင့်တင်ကာ ကမ္ဘာ့လေဆိပ်ကြီးများရှိ Duty-Free ဆိုင်များအထိ တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း လက်ဖက်၊ ကော်ဖီ၊ ထန်းလျက်၊ ရှမ်းခေါက်ဆွဲ၊ ဆားမုန့်၊ မလိုင်မုန့်၊
ဝိုင်မျိုးစုံ၊ သနပ်ခါး၊
ငါးပိ၊ ငါးခြောက်စသည့် ရိုးရာစားသောက်ကုန်များကို သေသပ်လှပသော ထုပ်ပိုးမှုများဖြင့်
နိုင်ငံတကာ အဆင့်မီအောင်လုပ်ဆောင်ရန် အရေးကြီးပါသည်။
(ခ) ဗီယက်နမ်၏ တန်ဖိုးမြှင့်နည်းဗျူဟာ။ ဗီယက်နမ်သည်
ကမ္ဘာ့ဒုတိယအများဆုံး ကော်ဖီတင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ကော်ဖီစေ့ကို ကုန်ကြမ်းအနေဖြင့်
တင်ပို့ရောင်းချခြင်းမပြုဘဲ MSME များမှတစ်ဆင့် အသင့်ဖျော်ကော်ဖီထုပ်များ၊ ကော်ဖီ
အခြေခံအလှကုန်ပစ္စည်းများအဖြစ် ပြုပြင်ထုတ်လုပ် ခဲ့သည်။
(ဂ) အင်ဒိုနီးရှား၏
Digitalization (Go Digital) အောင်မြင်မှု။ အင်ဒိုနီးရှားသည် ၎င်းတို့၏ MSME များကို
အွန်လိုင်းဈေးကွက်သို့ ရောက်ရှိရန် "Go Digital" လှုပ်ရှားမှုကို အားတက်သရော
ဆောင်ရွက် ခဲ့သည်။ ရလဒ်အနေဖြင့် ကျေးလက်တောရွာမှ မိရိုးဖလာ “ဘာတစ်” (Batik) အထည်လုပ်ငန်းရှင်
များသည် ဂျကာတာမြို့ကြီးသို့ သွားစရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ရောင်းချနိုင်
ခဲ့ကြသည်။
(ဃ) ဖိလစ်ပိုင်၏ Kapatid Mentor ME (KMME) စီမံကိန်း။
ဖိလစ်ပိုင်နိုင်ငံတွင် အောင်မြင်ပြီးသား လုပ်ငန်းရှင်ကြီးများက လုပ်ငန်းသစ် စတင်မည့်
MSME များကို လမ်းပြပေးသည့် (Mentorship) စနစ်ကို ကျင့်သုံးသည်။ ဤစနစ်ကြောင့် လုပ်ငန်းရှင်ငယ်များမှာ
ငွေကြေးစီမံခန့်ခွဲမှုနှင့် ဈေးကွက် ရှာဖွေမှု အခက်အခဲများကို လွယ်ကူစွာ ကျော်လွှားနိုင်ခဲ့ကြသည်။
(င) ကမ္ဘောဒီးယားနှင့် လာအို၏ ကျေးလက်ခရီးသွား
(Agro-Tourism) MSME ။ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို
ပေါင်းစပ်ကာ MSME ပုံစံသစ်များ ဖော်ဆောင်ခဲ့သည်။ ဥပမာ- လာအိုရှိ ကော်ဖီစိုက်ခင်းများတွင်
ခရီးသွားများကို ကိုယ်တိုင်ခူးဆွတ် စေခြင်း၊ အပန်းဖြေစေခြင်းဖြင့် ဒေသထွက်ကုန် များကို
ဈေးကောင်းရရှိစေခဲ့သည်။
၃။ “နိုင်ငံတော် ရွှေသီးဖို့၊ ကုန်ထုတ်လုပ်မှုအားပေး
စို့” - လက်တွေ့ကျသော မဟာဗျူဟာ
ဤဆောင်ပုဒ်၏ အနှစ်သာရမှာ ပြည်တွင်း၌ အခြေခံကုန်ထုတ်လုပ်မှုများ
ခိုင်မာလာစေရန် အားပေးခြင်းဖြင့် ပြည်ပမှ ကုန်ချောတင်သွင်းမှုကို လျှော့ချပြီး နိုင်ငံခြားငွေယိုစိမ့်မှုကို
ထိန်းချုပ်ကာ ပြည်တွင်းစီးပွားရေး အင်အားကောင်းလာစေရန် ဖြစ်သည်။
(က) သွင်းကုန်အစားထိုးခြင်းနှင့်
ဈေးကွက်ဝေစု။ နေ့စဉ်လူသုံးကုန်များဖြစ်သည့် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အချိုရည်နှင့်
မုန့်ပဲသရေစာများကို ပြည်ပမှ တင်သွင်းနေရခြင်းက နိုင်ငံခြားငွေ အမြောက်အမြားကို ဆုံးရှုံးစေပါသည်။
MSME များက အဆိုပါပစ္စည်းများကို အရည်အသွေးမီထုတ်လုပ်နိုင်ပါက ပြည်တွင်း ၌ ငွေကြေးလည်ပတ်မှု
ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
(ခ) ကျေးရွာအဆင့်
စက်မှုဇုန်ငယ်များနှင့် တန်ဖိုးမြှင့်ကွင်းဆက်။ ကျေးရွာများတွင် လယ်ယာ ထွက်ကုန်များကို
မူလအတိုင်း မရောင်းချဘဲ အခြောက်ခံစက်၊ ကြိတ်ခွဲစက်၊ ထုပ်ပိုးစက်များ ပါဝင်သော “စိုက်ပျိုးရေးဆိုင်ရာ
စက်မှုဝန်ဆောင်မှုစင်တာ” များ တည်ထောင်ပေးခြင်းသည် “ရွှေသီး” ရန် လမ်းခင်းပေးခြင်းပင်ဖြစ်သည်။
မြန်မာ့ MSME
များ၏ အောင်မြင်မှုသော့ချက်မှာ မိမိဒေသတွင် အပေါများဆုံးရှိသော ကုန်ကြမ်းကို ရွေးချယ်ခြင်းပင်ဖြစ်သည်။
နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးခြင်း၊ ပြပွဲများ ကျင်းပ ပေးခြင်းနှင့်
ဖြေလျှော့မှုများ ဆောင်ရွက်ပေးခြင်းတို့သည် ဤ ‘ရွှေသီး’ များ လျင်မြန်စွာ ဖြစ်ထွန်းလာစေရန်
အားပေးသည့် အပြုသဘောဆောင်သော လမ်းညွှန်မှုများဖြစ်ပါကြောင်း ဆန်းစစ်တင်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၏
ဒေသအသီးသီးတွင် မိမိတို့၏ အားသာချက်ကို အသုံးချကာ အောင်မြင်နေကြ သော MSME သာဓကများစွာ
ရှိပါသည်။
မန္တလေးတိုင်းဒေသကြီးမှ
“ဝါ” နှင့် အထည် အလိပ်လုပ်ငန်း။ ယခင်က ဝါကို ကုန်ကြမ်း အတိုင်းသာ ရောင်းချခဲ့သော်လည်း
ယခုအခါ MSME လုပ်ငန်းရှင်များက ဝါမှ ဂွမ်း၊ ဂွမ်းမှ ချည်၊ ချည်မှ ချည်ထည်များအထိ ကွင်းဆက်အလိုက်
ပြုပြင်ထုတ်လုပ်လာကြသည်။ နိုင်ငံတော် အကြီးအကဲ၏ တိုက်တွန်းချက်အရ ဝါကို အခြေခံသည့်
စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းသည် သွင်းကုန်အစားထိုးခြင်း ၏ ပြယုဂ်တစ်ခုဖြစ်သည်။
ရှမ်းပြည်နယ်မှ
“ရိုးရာအစားအစာ”ကို ခေတ်မီစက်မှုနှင့် ပေါင်းစပ်ခြင်း။ ရှမ်းခေါက်ဆွဲနှင့် ရှမ်းရိုးရာမုန့်များကို
ယခင်က လက်မှုပုံစံဖြင့်သာ ရောင်းချခဲ့သော်လည်း ယခုအခါ ကျန်းမာရေးနှင့် ညီညွတ်စွာ တာရှည်ခံအောင်
ထုပ်ပိုးပြီး ပြည်ပအထိ တင်ပို့နိုင်သော MSME များ ပေါ်ထွက်လာသည်။ ဤသည်မှာ “ရိုးရာကို
ခေတ်မီခြင်းနှင့် ပေါင်းစပ်” လျှင် ရွှေသီး သကဲ့သို့ တန်ဖိုးတက်လာနိုင်ကြောင်း ပြသနေ
သည်။
ညောင်ဦးနှင့် အညာဒေသမှ “ဆီး” ထုတ်ကုန်များ။ သာမန်ဆီးသီးကို ကုန်ကြမ်းအတိုင်း
မရောင်းဘဲ ဆီးဖျော်ရည်၊ ဆီးယို၊ ဆီးပေါင်းစသည်ဖြင့် အမျိုးမျိုးပြုပြင်ထုတ်လုပ်ခြင်းဖြင့်
ဒေသခံအမျိုးသမီးများအတွက် အလုပ်အကိုင်အမြောက်အမြား ဖန်တီးပေးနိုင်ခဲ့သည်။ ဤလုပ်ငန်းလေးများသည်
အရင်းအနှီးနည်းသော်လည်း ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကြီးမားသော အင်အားဖြစ်စေသည်။
ဧရာဝတီတိုင်းဒေသကြီးမှ
“တန်ဖိုးမြှင့် ငါး၊ ပုစွန်”လုပ်ငန်းများ။ ငါးပိ၊ ငါးခြောက်ကို သာမန် အထုပ်ဖြင့် မရောင်းဘဲ
အရသာအစုံပါဝင်သည့် “အသင့်စား ငါးပိချက်ဘူး”များအဖြစ် ထုတ်လုပ် လာကြသည်။ ဤသို့ ပြုပြင်ပြောင်းလဲခြင်းကြောင့်
ပြည်တွင်း လေဆိပ်များနှင့် စူပါမား ကတ်ကြီးများတွင် မြန်မာ့ထုတ်ကုန်အဖြစ် ဂုဏ်ယူစွာ
နေရာယူလာနိုင်ခဲ့သည်။
၄။ ခေတ်ပညာတတ်လူငယ်နှင့်
တောင်သူကြီးများ ၏ “တပေါင်းတစည်းတည်း” အင်အား
မြန်မာ့စီးပွားရေး
အနာဂတ်အတွက် အထိရောက်ဆုံးသော မဟာဗျူဟာမှာ ပညာတတ် ကျွမ်းကျင်လုပ်သား လူငယ်တို့၏ “ခေတ်မီနည်းပညာ”နှင့်
မိရိုးဖလာ တောင်သူဘိုးဘွားတို့၏ “နှစ်ပေါင်းများစွာ ဆည်းပူးခဲ့သော အတွေ့အကြုံ” တို့ကို
တပေါင်းတစည်းတည်းဖြစ်အောင် ပေါင်းစပ် ပေးရန်ပင်ဖြစ်သည်။ ဤပေါင်းစပ်မှုသည် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုကို အရှိန်အဟုန်ဖြင့်
မြှင့်တင်ပေး နိုင်မည့် “အင်ဂျင်သစ်” တစ်ခု ဖြစ်လာပါလိမ့်မည်။
ပညာရေးဝန်ကြီးဌာန၏
TVET ကဏ္ဍမြှင့်တင်မှုသည် ကုန်ထုတ်လုပ်မှုကို အားပေးရုံသာမက နိုင်ငံအတွက် လိုအပ်သည့်
“အသိပညာအဆောက်အအုံ” ကို တောင့်တင်းစေသည်။ ထို့ကြောင့် အဆိုပါ ကျောင်းများသို့ လူငယ်များ
ပိုမိုဝင်ရောက်လာစေရန်နှင့် ၎င်းတို့၏ စွမ်းဆောင်ရည်ကို MSME လုပ်ငန်းရှင်များက အကျိုးရှိရှိအသုံးချနိုင်ရန်မှာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော သော့ချက်ပင် ဖြစ်ပါကြောင်း
တင်ပြအပ်ပါသည်။
(က) စိုက်ပျိုးရေးလုပ်ငန်းရှင်များ
ပေါ်ထွက်လာရေး။ လူငယ်များ၏ စိတ်ထဲတွင် စိုက်ပျိုးရေးဆိုသည် မှာ ရွှံ့ညွန်ထဲ၌ ပင်ပင်ပန်းပန်းလုပ်ကိုင်ရသည့်
အလုပ်ဟူသော အမြင်ဟောင်းကို ဖယ်ရှားပြီး ဒစ်ဂျစ် တယ်ကိရိယာ(Digital Tools) များ၊
အလိုအလျောက်စနစ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ တိုက်ရိုက် ချိတ်ဆက်နိုင်သော
“Agripreneur”ခေါ် စိုက်ပျိုးရေးဆန်းသစ်တီထွင်သူများ ဖြစ်လာစေရန် စိတ်ဓာတ် မြင်ကွင်း
ပြောင်းလဲပေးရမည်ဖြစ်သည်။
(ခ) MSME ကဏ္ဍအတွက်
ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနေမှု။ MSME လုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက်
စာတွေ့သာမက လက်တွေ့ကျွမ်းကျင်သည့် Technicians(ကျွမ်းကျင် လုပ်သားများ)သည် ပင်မအသက်သွေးကြောဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ အောက်ပါအဖွဲ့အစည်းများမှတစ်ဆင့်
လူသားအရင်းအမြစ်များကို စနစ်တကျမွေးထုတ် ပေးလျက်ရှိသည် -
စက်မှု၊ စိုက်ပျိုးရေး၊
မွေးမြူရေး အထက်တန်း ကျောင်းများ။ လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ခရိုင် အသီးသီးတွင်
စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ သင်တန်းများကို တွဲဖက်သင်ကြားပေးနေသည့်
ကျောင်းပေါင်း ၈၉ ကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ ဤကျောင်း
များသည် အခြေခံအဆင့်မှစတင်၍ MSME လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် လူငယ်များကို
ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည်။
GTI (စက်မှုလက်မှုသိပ္ပံ)
နှင့် GTHS (စက်မှုလက်မှုအထက်တန်းကျောင်း)။ MSME စက်ရုံ များအတွက် လိုအပ်သည့် စက်ပြင်၊
လျှပ်စစ်နှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို စိုက်ပျိုးရေးနှင့် မွေးမြူရေး
သိပ္ပံကျောင်းများ။ စိုက်ပျိုးရေးကို အခြေခံသည့် MSME များ အတွက် လိုအပ်သည့် သီးနှံကာကွယ်ရေး၊
မြေသြဇာစပ်နည်းနှင့် တိရစ္ဆာန်ဆေးကုသရေး ဆိုင်ရာ ကျွမ်းကျင်သူများကို မွေးထုတ်ပေးနေ
သည်။
(ဂ) ပညာရေးအဖွဲ့အစည်းများ၏
ရှေ့ဆောင် အခန်းကဏ္ဍနှင့် ဆွေးနွေးချက်
အဆိုပါ TVET
(Technical and Vocational Education and Training) အဖွဲ့ အစည်းများသည် MSME ကဏ္ဍအတွက်
“ကျွမ်းကျင်မှုဗဟိုချက်” များ ဖြစ်လာကြသည်။
လက်တွေ့အသုံးချပညာ။
ဤကျောင်းများမှ ထွက်ရှိလာသော လူငယ်များက သာမန်ဘွဲ့ရ များထက် လုပ်ငန်းခွင်၌ ချက်ချင်းအသုံးတည့်
သည့် ထုတ်လုပ်မှုစွမ်းအားကို ပေးစွမ်းနိုင်သည်။
ဒစ်ဂျစ်တယ်တံတား။
ကျောင်းများတွင် သင်ကြားပေးလိုက်သည့် ဒစ်ဂျစ်တယ်နည်း ပညာများကြောင့် ကျေးလက်မှ တန်ဖိုးမြှင့်ထုတ်ကုန်များကို
အွန်လိုင်းဈေးကွက်နှင့် ချိတ်ဆက်ပေးနိုင်မည့် တံတားတစ်စင်း ဖြစ်လာစေသည်။
စဉ်ဆက်မပြတ်လေ့လာမှု။
“ဖတ်လျှင် အမြင်ကျယ်၊ မှတ်လျှင် ပညာမြင့်” ဆိုသည့်စကား အတိုင်း ဤအဖွဲ့အစည်းများသည်
လူငယ်များကို ဘဝတစ်သက်တာ လေ့လာသင်ယူလိုစိတ်ရှိသော စွန့်ဦးတီထွင်သူများဖြစ်အောင် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။
၅။ စုပေါင်းအားဖြင့်
တည်ဆောက်မည့် နိုင်ငံတော် နှင့် MSME တို့၏ အနာဂတ်
အနှစ်ချုပ်ဆိုရသော်
MSME (အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ) သည် တိုင်းပြည်၏ စီးပွားရေးအင်ဂျင်ကြီးကို
လည်ပတ်ပေးနေသည့် ပင်မစွမ်းအားစုများသာမက လူမှုရေးတည်ငြိမ်မှုနှင့် ပြည်သူတို့၏ တစ်ဦးချင်းစီသော
ဘဝလုံခြုံမှုကို ပေးစွမ်းနိုင်သည့် ခိုင်မာသော အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏
ကြွယ်ဝချမ်းသာမှုသည် စက်ရုံကြီးများအပေါ် တွင်သာ မူတည်နေသည်မဟုတ်ဘဲ မိမိတို့၏ ဒေသထွက်ကုန်များကို
တန်ဖိုးမြှင့်တင်ကာ ကမ္ဘာ့ ဈေးကွက်သို့ ထိုးဖောက်နိုင်မည့် MSME လုပ်ငန်း ရှင်များ၏
စွန့်ဦးတီထွင်နိုင်မှုအပေါ်တွင်လည်း များစွာတည်မှီနေပါသည်။
“နိုင်ငံတော်
ရွှေသီးဖို့၊ ကုန်ထုတ်လုပ်မှုအားပေး စို့” ဟူသော မွန်မြတ်သည့် ရည်မှန်းချက် အောင်မြင်
ရန်မှာ အစိုးရ၏ အတိုးနှုန်းချိုသာသော ချေးငွေများ၊ နည်းပညာပံ့ပိုးမှုများနှင့် ဥပဒေရေးရာ
ဖြေလျှော့မှု များအပြင် ပြည်သူတစ်ရပ်လုံး၏ ပြည်တွင်းဖြစ်ကို အားပေးလိုသော စိတ်ဓာတ်နှင့်
ပူးပေါင်း ဆောင်ရွက်မှုတို့ အထူးပင် လိုအပ်လှပါသည်။
မိမိတို့၏ အားသာချက်ဖြစ်သော
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံကာ ခေတ်ပညာတတ် လူငယ် တို့၏ နည်းပညာနှင့် တောင်သူဘိုးဘွားတို့၏ အတွေ့အကြုံများကို ပေါင်းစပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ
ထုတ်လုပ်နိုင်မည့် MSME များကို စုပေါင်းအားဖြင့် ဝိုင်းဝန်းမြှင့်တင်ကြပါရန် အလေးအနက်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဤသို့သော စုပေါင်းညီညွတ်မှု၊
မျှော်မှန်းချက်တူညီမှုနှင့် အားထုတ်ကြိုးပမ်းမှုတို့ ပေါင်းစည်း လာသောအခါ မြန်မာ့စီးပွားရေးသည်
မဝေးတော့သည့် အနာဂတ်တွင် ပိုမိုခိုင်မာတိုးတက်၍ ခမ်းနား ထည်ဝါသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့
အရှိန်အဟုန်ဖြင့် ရောက်ရှိလာမည်ဖြစ်ပါသည်။ ထိုတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူလူထု
တစ်ရပ်လုံး မျှဝေခံစားနိုင်ပြီး လူမှုဘဝအေးချမ်း သာယာမှုနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတို့လည်း
ပိုမိုခိုင်မာတောက်ပလာမည် ဖြစ်ပါသည်။
No comments:
Post a Comment