နေပြည်တော် မေ ၃၀
ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ မေ ၂၈ ရက်က ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shanghai Cooperation Organization Development Bank – SCOB) တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင်
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Min Liao နှင့် ကာဂျစ်စတန်နိုင်ငံ
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nurbek Akzholov တို့က ပူးတွဲသဘာပတိများအဖြစ်
ဆောင်ရွက်ကြပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ် တည်ထောင်မှု
ဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် ညှိနှိုင်းအစည်း
အဝေးတွင် ဆွေးနွေးညှိနှိုင်းရရှိမှု၊ ဆက်လက်ဆွေးနွေးရန်ရှိသည့် ဘဏ်၏မူဝါဒနှင့် ရည်ရွယ်ချက်၊
ရင်းနှီးငွေထည့်ဝင်မှု၊ အဖွဲ့ဝင်အဖြစ် ပါဝင်မှု၊ မဲပေးပိုင်ခွင့်၊ လုပ်ငန်း ဆောင်ရွက်မှုပုံစံ၊
အုပ်ချုပ်မှုပုံစံနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်ကြသူများက
ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် မေ
၂၉ ရက်တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai
Cooperation Organization – SCO) ၏ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့်
ဗဟို ဘဏ်ဥက္ကဋ္ဌများအစည်းအဝေးသို့ တင်ပြမည့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး၌ ဘဏ်တည်ထောင်ရေးအတွက်
ညှိနှိုင်းဆွေးနွေးမှုနှင့် တိုးတက်မှုအခြေအနေအစီရင်ခံစာအပေါ် အစည်းအဝေးတက်ရောက်ကြသူများက
ဆွေးနွေးညှိနှိုင်းကြပြီး သဘောတူကြသည်။
မေ ၂၉ ရက် နံနက်ပိုင်းတွင်
ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့မှ
ပြန်လည်ထွက်ခွာလာရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment