အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation) တစ်ရပ်ကို တစ်နှစ်နှင့် သုံးလကျော်ကြာ ဆင်နွှဲပြီးနောက် မန္တလေး-မြစ်ကြီးနား ကားလမ်းကြောင်းကို မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အဆိုပါဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများကို အဆင့်ဆင့်ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲ ကြီး/ ငယ် စုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ရန်သူအလောင်း၊ လက်နက်ရာနှင့်ချီ၍ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်အရာရှိ၊ စစ်သည် အချို့အသက်ပေးလှူခဲ့ရသည်။
မန္တလေးမှ မတ္တရာ - သပိတ်ကျင်း- တကောင်း - ထီးချိုင့်-
ကသာ- အင်းတော် - မော်လူး- နန့်စီးအောင် - မိုးညှင်း- မိုးကောင်း- မြစ်ကြီးနားအထိ
ဆက်သွယ်ထားသည့် အဆိုပါလမ်းကြောင်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်သည်။ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ
ပူးပေါင်းအဖွဲ့များက ၎င်းတို့၏ အကျိုးစီးပွားအတွက် မြို့ရွာဒေသအချို့ကို
ယာယီစိုးမိုး၍ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊
ဆက်သွယ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်ရေးတို့အတွက် အဓိကအသုံးပြုနေရသည့်
အဆိုပါလမ်းကြောင်းကို ပိတ်ဆို့ခဲ့ရာ ဒေသခံတိုင်းရင်းသား ပြည်သူများ၏
လူမှုစီးပွားဘဝများရော ဒေသတွင်းရှိ မြို့၊ ရွာများပါ ပျက်စီးခဲ့ရသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏လုပ်ရပ်များကို မထောက်ခံတော့သည့်
ပြည်သူများက ၎င်းတို့၏သတင်းများကို တပ်မတော်ထံ လျှို့ဝှက်စွာပေးပို့၍
တပ်မတော်နှင့် ပူးပေါင်းလာခြင်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF
အမည်ခံအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်အချို့ကလည်း
အကြမ်းဖက်လုပ်ရပ်များကို နှိမ်နင်းနိုင်ရေးအတွက် အကြမ်းဖက်သမားများ၏ သတင်းများကို
တပ်မတော်သို့ ပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်လာကြသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့၌လည်း မေလ ၆ ရက်နေ့တွင်ပင်
အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊
စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ
ပြန်လည်ဝင်ရောက်ခဲ့ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်စွာ
ကြိုဆိုခဲ့ကြသည်။ ဖလမ်းမြို့နယ်တစ်ဝိုက်ကို အကြမ်းဖက်သောင်းကျန်းသူများက
ယာယီစိုးမိုးခဲ့စဉ်က ဒေသခံတိုင်းရင်းသားပြည်သူများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်စည်းစိမ်များကို
စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီး လူ့အခွင့်အရေးများ ဆုံးရှုံးကာအဘက်ဘက်တွင်
နိမ့်ကျခဲ့ရသည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့်
တိုင်းရင်းသားအမည်ခံလက်နက်ကိုင်အဖွဲ့များမှာ တော်လှန်ရေးအမည်ခံ၍ အဖျက်အမှောင့်
လုပ်ရပ်မျိုးစုံကို ကျူးလွန်နေကြပြီး အများစုမှာ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံခြင်း၊ သယံဇာတများ
ခိုးထုတ်ခြင်းတို့ဖြင့် ကိုယ်ကျိုးရှာနေကြခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဧပြီ
၂၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အစိုးရအဖွဲ့ ရက်ပေါင်း
၁၀၀ နှင့်ပတ်သက်၍ ပြောကြားရာတွင် “EAO တွေမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့
အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရောငြိမ်းချမ်းရေးနဲ့
ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ
တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့
ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်”
ဟူ၍ ထည့်သွင်းပြောကြားကာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးတို့ကို
ရှေးရှု၍ အလေးအနက်ထားဖိတ်ခေါ်ခဲ့သည်။
နိုင်ငံရေးမကျေလည်မှု၊ အမြင်မတူမှုတို့ကို အခြေခံ၍
ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများမှာ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို
တားဆီးပိတ်ဆို့ထားသည်။ လက်နက်ကိုင်အဖွဲ့အစည်း အချို့၏ခေါင်းဆောင်ပိုင်းအချို့တို့မှာ
တရားမဝင် စီးပွားရှာဖွေမှုအမျိုးမျိုးဖြင့် အလွန်အမင်းကြွယ်ဝချမ်းသာနေကြပြီဖြစ်ပြီး
၎င်းတို့ကိုယ်တိုင်မှာလည်း မြန်မာနိုင်ငံသားမဟုတ်တော့ပြီဖြစ်ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊
ထာဝရငြိမ်းချမ်းရေးတို့ကို စိတ်မဝင်စား၊ မလိုလားတော့သည့် အခြေအနေတွင် ရှိနေကြသည်။
အမှန်တကယ်သေချာသည့်အချက်မှာမူ ပြည်သူလူထုက လက်နက်ကိုင်ပဋိပက္ခများကို
မလိုလားခြင်းနှင့် နိုင်ငံ တစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့်
ထာဝရငြိမ်းချမ်းရေးကို လိုလားကြခြင်းဖြစ်သည်။ နိုင်ငံရေးအဖြေမှန်ကို
နိုင်ငံရေးနည်းလမ်းဖြင့် ရှာဖွေခြင်း၊ တရားဝင်စီးပွားရေးကိုနိုင်ငံတကာအဆင့်မီ
ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်ခြင်း စသည်တို့အားဖြင့် နိုင်ငံအကျိုး၊
တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံသားတစ်ရပ်လုံးတို့၏အကျိုးကို
ဆောင်ကြဉ်းနိုင်ကြရေး ဇူလိုင် ၃၁ ရက် မတိုင်မီငြိမ်းချမ်းရေး ဖိတ်ခေါ်လက်ကမ်းမှုဆီ
အရောက်လှမ်းကြစေလိုသည့်အကြောင်း။ ။

No comments:
Post a Comment