နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများအပြင် အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလုပ်ငန်းများ၌ အဓိကကျသည့်
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံမှ
အထည်ချုပ်လုပ်ငန်း ထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့လျက်ရှိပြီး
ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့်
အခြားလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသဖြင့် ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်သည်။
တစ်ဖက်တွင် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့် အစိုးရအပေါ်၌
ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေးလုပ်ဆောင်နေဆဲဖြစ်သည်။
ထို့ကြောင့် နိုင်ငံ့စီးပွားရေးအတွက် နိုင်ငံသားအားလုံး ယခုထက်ပိုမို
ကြိုးပမ်းလုပ်ဆောင်သွားရန် လိုအပ်လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို မေ ၆ ရက်က နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က “ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိသည့်
မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီတို့ကို
အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဈေးကွက်လိုအပ်ချက်အတိုင်း
ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပို့ကုန်များ
တိုးမြှင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊
ဈေးကွက်ရရှိရေးတို့နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း”
ပြောကြားခဲ့သည်။
သွင်းကုန်ကဏ္ဍတွင် စားသုံးဆီနှင့် ပတ်သက်၍
မြန်မာနိုင်ငံအနေဖြင့် ပမာဏများစွာ တင်သွင်းနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံသည်
ဆီထွက်သီးနှံများ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ယခုကဲ့သို့
စားသုံးဆီများကို ပြည်ပမှ တင်သွင်းနေရခြင်းသည် မဖြစ်သင့်မဖြစ်ထိုက်ပေ။ နှမ်း၊
နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံနှင့် ပတ်သက်၍ စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးနှင့်
ပြည်နယ်များအားလုံးက စနစ်တကျသုတေသနပြုဆောင်ရွက်ကြရန်လိုသည်။ ပို့ကုန်ကဏ္ဍတွင်
ဆန်တင်ပို့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်ရှိသည့် လူဦးရေ၊ စားသုံးနိုင်မည့် ပမာဏနှင့်
ဆန်ထွက်ရှိမှုတို့ကို တွက်ချက်၍ ပိုလျှံသည့်ဆန်တင်ပို့မှုပမာဏကို တွက်ချက်ပြီး
ပိုလျှံသည့်ဆန်ရရှိမှုနှင့် ဈေးကွက်ရရှိမှုတို့အပေါ်မူတည်၍ ပို့ကုန်များ
ပိုမိုတိုးတက်ထုတ်လုပ်တင်ပို့ကြရမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ
“ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်၊ ပစ္စည်းချင်းတူပါက
ဈေးနှုန်းသက်သာရမည်” ဖြစ်ပြီး ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက
ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော
ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင် နာမည်ရရှိပြီးဖြစ်ကာ ဈေးကွက်လိုအပ်ချက်ရှိသည့်
ပို့ကုန်တစ်ခုဖြစ်သည့်အတွက် မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းရမည်ဖြစ်သည်။ အလားတူ
မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်း ဝယ်လိုအားရှိပြီးဖြစ်သည်။
ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့်
မြန်မာ့ကော်ဖီတို့ကို အရည်အသွေးပိုမိုတိုးတက်ကောင်းမွန်ရေးနှင့်
ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။
ထို့အပြင် မီးဖိုချောင်သုံးသီးနှံများဖြစ်သည့်
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး စသည့် ရာသီသီးနှံများသည်
နေ့စဉ်လိုအပ်ချက်ဖြစ်သဖြင့် တိုးတက်စိုက်ပျိုးထုတ်လုပ်ရေး
စဉ်ဆက်မပြတ်သုတေသနပြုနေရမည်ဖြစ်သည်။ အဓိကအားဖြင့် တစ်ဧကအထွက်နှုန်းကောင်းရန်နှင့်
အချက်အလက်များ မှန်ကန်မှုရှိရန်လိုအပ်သည်။ ဆန်တင်ပို့မှုများ တိုးတက်လာစေရေးအတွက် အရည်အသွေးကောင်းမွန်သည့်ဆန်များ
စိုက်ပျိုးသွားရန်လိုသည်။ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးတိုင်းဒေသကြီးနှင့်
ရှမ်းပြည်နယ်တို့တွင် နေကြာ၊ ပဲပုပ်နှင့်နှမ်းစိုက်ပျိုးကြပြီး
လက်ရှိစိုက်ပျိုးဧကအတိုင်း တစ်ဧကပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိအောင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် စိုက်ပျိုးထုတ်ကုန်များကို
ယခုထက်ပိုမိုကြိုးပမ်းထုတ်လုပ်ကြရန်လိုပြီး
ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးအတွက် ထုတ်ကုန်တိုးမြှင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊
ဈေးကွက်ရရှိရေးတို့နှင့် ပတ်သက်၍ စဉ်ဆက်မပြတ်သုတေသနပြုကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

No comments:
Post a Comment