နေပြည်တော် မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အဝင်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သက်ပိုင်စိုးမောင်းနှင်ပြီး ဇော်ထိုက်လိုက်ပါလာသော NISSAN CONDOR အမျိုးအစားမော်တော်ယာဉ်နှင့် မျိုးရဲနိုင်မောင်းနှင်ပြီး ကျော်လင်းလိုက်ပါလာသော GOLDEN TRUCK အမျိုးအစားမော်တော်ယာဉ်တို့အား ရှာဖွေစစ်ဆေးရာယာဉ်များပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုတို့ကိုလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော်မောင်းနှင်ပြီး နေလင်းဦး (ခ) ဆေးဆရာလိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်အား စစ်ဆေးရာ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုကိုလည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ
အဆိုပါဖမ်းဆီးရမိဘိန်းဖြူများကို ကလေးမြို့၌ လက်ခံမည့်သူဖြစ်သည့် ညွန့်တင်အား
မွန်းလွဲ ၁ နာရီခန့်တွင် ကလေးမြို့အဝင်၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊
လားရှိုးမြို့မှ ကလေးမြို့သို့ သယ်ဆောင် ခိုင်းသူနိုင်ဝင်း (ခ) ရုပ်ဆိုးအား ညနေ ၆
နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်-အောင်လံ သွားကားလမ်း၊
တီတွတ်ကျေးရွာအနီး၌ TOYOTA
HILUX အမျိုး အစားမော်တော်ယာဉ် ၁ စီးနှင့်အတူလည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း
သိရှိရသည်။
ဆက်စပ်သတင်းများအရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင်
ပူးပေါင်းပါဝင်သူဘဂျမ်းအား ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်၌
ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊
၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်၌ ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄
သန်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဘီလီယံခန့်) ကို ထပ်မံသိမ်းဆည်းရမိကြောင်း
သိရှိရသည်။
အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ခန့်မှန်းငွေကျပ် ၉ ဒသမ
၈၅ ဘီလီယံတန်ဖိုးရှိဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့ကို
ဖော်ထုတ်ဖမ်းဆီးရမိခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ
အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်
ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့်
ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment