Tuesday, April 28, 2026

အားပြိုင်မှုကြား၊ ပြန်လည်အသက်သွင်းမှုနှင့် အသုံးချခံများ မဖြစ်ရန်


မြင့်မြတ်

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲများက မြန်ဆန်လွန်းလှသည်။ အတ္တကြီး၊ ထင်ရာစိုင်းသူများကြောင့် ကမ္ဘာ့ပြည်သူများခမျာ စွန့်စားမှုများစွာ၊ ရှုပ်ထွေးမှုများစွာ၊ မရေမရာမှုများနှင့် စိုးရိမ်မှုများဆီတွန်းပို့နေသကဲ့သို့ ခံစားနေရသည်။ တစ်မုဟုတ်ချင်းပြောင်းလဲနေသော ပထဝီစီးပွားရေး၊ ပထဝီနိုင်ငံရေးအခြေအနေများကို မျက်ခြည်မပြတ် အမီလိုက်ရင်း ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးတွင် ကိန်းအောင်းနေရမည့် အမျိုးသားရေးစိတ်ဓာတ်နှင့် ပညာဉာဏ်များကို ဖြန့်ကြက်၍ အပြောင်းအလဲများအပေါ် ပေါ့ပေါ့ဆဆ သဘောမထား၊ အမြော်အမြင်ကြီးစွာဖြင့် ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါသည်။

အကြောင်းရှာ အကြောင်းတရားများစွာနှင့် ပြဿနာမျိုးစုံ

ယနေ့ကမ္ဘာကြီး၌ သယံဇာတလောဘ၊ လောင်စာဒေါသနှင့် ခေတ်သစ်နယ်ချဲ့ဝါဒက တစ်စခန်းထလာသည်။ ဓားပြဆန်ဆန်လုပ်ရပ်များကြောင့် ယဉ်ကျေးလူ့အဖွဲ့အစည်းများအကြား လက်မခံနိုင်စရာများ ဖြစ်လာသည်။ လိုချင်သည်ကို မရရအောင်ယူမည်။ မရလျှင်အင်အားသုံး၊ လက်နက်နှင့် ဖြေရှင်းမည်။ အချုပ်အခြာအာဏာကို လေးစားရကောင်းမှန်းမသိ။ အားနည်းသည့် နိုင်ငံများအနေဖြင့် အားကြီးသူ၏ အနိုင်ကျင့်မှုကို လည်စင်းခံရမည့်သဘော။ အပြန်အလှန် ခြိမ်းခြောက်မှုများကြောင့် တင်းမာမှုများ မြင့်တက်လာရသည်။ အရာရာ ထိပ်တိုက်ရင်ဆိုင်ရန်သာ အားသန်နေကြသည်။ မူးယစ်ဆေးဝါးအကြောင်းပြသည်၊ အမေရိကန်-ဗင်နီဇွဲလား ပြဿနာဖြစ်ခဲ့သည်၊၊ နျူကလီးယားအကြောင်းပြသည်၊ အီရန်-အမေ ရိကန်-အစ္စရေး ပဋိပက္ခထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ လောင်စာအကြောင်းပြသည်၊ အရှေ့အလယ်ပိုင်းတင်းမာမှု ပိုမိုကြီးထွားလာသည်၊၊ ကမ္ဘာ့ပြည်သူ များအတွက်ကားရတက်မအေးစရာ ပြဿနာများစွာနှင့်သာ တွေ့နေရမည်ဖြစ်သည်။

တစ်ဖက်တွင် အွန်လိုင်းလိမ်လည်မှုကို ပြန်လည်အသက်သွင်း အကြောင်းပြုပြီး ဒေသတွင်း ပြဿနာများဖန်တီးကာ အားပြိုင်လာကြပြန်သည်။ မိမိနိုင်ငံနယ်စပ်ဒေသအချို့တွင် အွန်လိုင်းလုပ်ငန်းအစုအဝေးများ (Scam Hubs) တည်ရှိနေကြောင်းကို မရမက ပုံဖော်လာနေသည့်သတင်းများ ကြားသိနေရသည်။ အမှန်မှာ အွန်လိုင်းလိမ်လည်မှုစခန်းများက တစ်ဖက်နိုင်ငံထဲတွင်လည်းရှိသည်။ မလိုအပ်သည်ကို ရမယ်ရှာပြီး ဝင်ရောက်စွက်ဖက်ချင်သည့်အခါ နိုင်ငံတကာဥပဒေများကို လေးစားစရာမလို၊ လိုက်နာစရာမလိုဟု အမှန်တရားကို မျက်ကွယ်ပြုခံရမည့် အခြေအနေများအထိ ဖြစ်လာနိုင်သည်။ ရေနံနှင့် ဒေါ်လာသည် လက်နက်သဖွယ်အသုံးချခံနေရပြီး လက်ရှိနိုင်ငံတကာဆက်ဆံရေးများ ဆုတ်ယုတ်လာနေသည်ကိုလည်း မြင်အောင်ကြည့်ရမည်။ ထို့အတွက် အမြဲတမ်းရန်သူ /မိတ်ဆွေမရှိဟူသော သဘောတရားကိုအခြေခံ၍ အမျိုးသားထာဝရအကျိုးစီးပွားကိုသာ မပြတ်ရှေးရှုရမည်ဖြစ်သည်။ အချို့နိုင်ငံများ၌ လူထုအုံကြွမှုဆူပူမှုများရင်ဆိုင်နေရပြီး သပ်လျှိုမှု၊ သွေးခွဲမှုများနှင့် တိုင်းပြည်ပျက်မည့် အနေအထားတစ်ခုအထိ ဦးတည်သွားနေသည်ကို မြင်ရပါမည်။

မရရအောင် ဖျက်နေကြဆဲဖြစ်၍ အင်အားကို ဘက်စုံတည်ဆောက်ထားရမည်

ကိုယ်မလိုချင်သည့် အစိုးရတစ်ရပ်ကို စစ်အင်အားဖြင့် မခြယ်လှယ်နိုင်လျှင် လိုချင်သည့် ရုပ်သေးအတိုက်အခံ သြဇာညောင်းမည့်သူကို တင်နိုင်အောင်နည်းအမျိုးမျိုးဖြင့် ကြိုးစားသည်မှာ ကိုလိုနီလက်သစ်တို့၏ မရိုးနိုင်သော လုပ်နည်းလုပ်ဟန်သာ။ ယာလည်းညက် ကြက်လည်းမောပမာ ပြည်သူအချင်းချင်း အပြန်အလှန်သတ်ခိုင်းသည့် သင်ခန်းစာများလည်းရခဲ့ပါပြီ။ အချို့သော နိုင်ငံငယ်များ ကျဆုံးနိုင်ငံ (Failed state) ဖြစ်သည်အထိ တွန်းပို့ခံနေရဆဲပါ။ နိုင်ငံတကာနည်းတူ မိမိပြည်တွင်း၌လည်း အလားတူပင်။ ပိတ်ဆို့မှုများစွာနှင့် နိုင်ငံကို အင်အားချည့်နဲ့အောင် အမျိုးမျိုးဖန်တီးလုပ်ဆောင်နေကြဆဲဖြစ်သည်။

အထူးသဖြင့် တပ်မတော်ကိုမရှိစေချင်၍ တပ်မတော်အင်အားနည်းအောင် အဆက်မပြတ်တိုက်ခိုက်ခဲ့ကြသည်။ လူထုလူတန်းစားအလွှာအားလုံး၌ ထိုးဖောက်ဝင်ရောက်ပြီး မကွဲကွဲအောင်သွေးခွဲသည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုမရှိအောင်၊ ချစ်ကြည်ရင်းနှီးမှုမရှိအောင်၊ ယုံကြည်မှုပျက်ပြားပြီး စုစည်းလုပ်ဆောင်၍မရအောင် အမျိုးမျိုးသွေးခွဲထိုးနှက်ခဲ့ကြသည်။ အမျိုးသားရင်ကြားစေ့ရေးမည်သို့မျှ စေ့စပ်မရအောင် နှောင့်ယှက်ဟန့်တားခဲ့ကြသည်။ သွားနေသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်လမ်းကြောင်းကို မရရအောင်ဖျက်ခဲ့ကြသည်။ ထိုအဖျက်များက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင် ဆက်လက်ရှိနိုင်ဦးမည်ဖြစ်သည်။

နိုင်ငံအားလုံးက သတိရှိရှိနှင့် ၂၁ ရာစု ကိုလိုနီစနစ်ကို စိုးရိမ်ပြီး အားကြီးသူကရော အားနည်းသူပါစစ်အင်အားကို အပူတပြင်းတည်ဆောက်လာကြခြင်းဖြစ်သည်။ စစ်ဖြစ်လျှင်စစ်စရိတ်ဖြင့် စစ်ထောင်းကာ နိုင်ငံမတည်ငြိမ်လျှင် ဖွံ့ဖြိုးတိုးတက်မှုပါ နှောင့်နှေးရသည်။ ပေးဆပ်မှုက များလှပါသည်။ ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် အမျိုးသားအကျိုးစီးပွားက ထာဝရအရေးကြီးနေခြင်းဖြစ်သည်။ နိုင်ငံတိုင်းက သူ့ဥပဒေနှင့်သူ နိုင်ငံပိုင်ဟူ၍ ရှိကြသည်သာ၊ ထိုနိုင်ငံပိုင်ဆိုင်သောဥပဒေကို မလေးစားခြင်းမှာ ထိုနိုင်ငံကို ကျူးကျော်ရာရောက်သည်၊၊ ထိုနိုင်ငံမှ ပြည်သူကိုစော်ကားရာရောက်သည်ဟု သဘောထားသင့်ပါသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် စစ်အင်အား၊ စီးပွားရေးအင်အားအပါအဝင် ဘက်စုံအင်အားကို အလေးထားတည်ဆောက်ရမည်မှာ ယနေ့ကမ္ဘာ့အခြေအနေများအရ လုံးဝမှန်ကန်ပါသည်။ သို့သော် စစ်အင်အားတစ်ခုဖြင့် ပြီးနိုင်ပါ့မလား။ အချို့သော နိုင်ငံများ၏ ဥပမာကိုယူ၍ နိုင်ငံသားအားလုံး၏ စိတ်ဓာတ်အင်အားကိုပါ အကြီးအကျယ်တည်ဆောက်ရပါမည်။ ရုပ်ပိုင်းဆိုင်ရာအင်အားကို တည်ဆောက်ရမည်ဖြစ်သလို စိတ်ဓာတ်အင်အားကိုလည်း တည်ဆောက်နေရမည်ဖြစ်သည်။

မျက်ခြည်ပြတ်မခံ မြင်အောင်ကြည့်ရန်

ယနေ့ကမ္ဘာ့အခြေအနေများကို မျက်မှောက်ပြု၍ မြန်မာနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးသက်ရောက်နိုင်မှုများကို မျက်ခြည်ပြတ်မခံသင့်ပါ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ပါဝါအားကြီးနိုင်ငံများ၏ လှုပ်ရှားမှုမှန်သမျှ လျစ်လျူမရှုသင့်ပါ။ နိုင်ငံတစ်ခု၏ လှုပ်ရှားမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးလှုပ်ရှားမှုတစ်ခုခုက အခြားဘယ်နိုင်ငံကို တိုက်ခိုက်ချင်လို့ ဖြစ်နိုင်ပါသလဲ၊ ဘယ်လိုသတင်းစကားမျိုးပေးချင်လို့ ဖြစ်နိုင်ပါသလဲ၊၊ ယခုခေတ်ကစားကွက်များက ဗျူဟာမြောက်ဖြစ်လာနေသည်။ ကြိုတင်ပြင်ဆင်နေမှုအထောက်အထားများအဖြစ် သတိထားရန် လိုအပ်သည်။ ယနေ့ကမ္ဘာကြီးတွင် နိုင်ငံငယ်အများစုသည် အင်အားကြီးများ၏ အသုံးချခံနယ်ရုပ်များအဖြစ် သရုပ်ဆောင်နေကြရသည်ကို တွေ့နေရသည်။ ထို့ကြောင့် နိုင်ငံကြီးများ၏ အားပြိုင်မှုများအကြား အသုံးချခံမဖြစ်ရန်၊ သူတစ်ပါးကကိုယ့်အပေါ် ဝင်ကစားမခံရရန် အရေးကြီးပါသည်။

အချို့ လက်မည်းအင်အားကြီးများက နယ်စပ်ဒေသတွင် သြဇာခံလက်နက်ကိုင်များ မွေးသည်။ ဒီမိုကရေစီနှင့်လူမျိုးရေးဗန်းပြသည်။ သူတို့မလိုလားသည့် မိတ်ဖက်နိုင်ငံနှင့် အစိုးရ၏ သြဇာကျဆင်းအောင် တိုက်ခိုက်သည်။ BRI ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ အရှိန်ရပ်တန့်အောင် ဖျက်ဆီးသည်။ သူတို့မွေးထားသည့် လက်နက်ကိုင်များကပင် သူတို့အကြောင်းပြသည့် ရာဇဝတ်မှုလုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ပြီး လုံခြုံအောင်အကာအကွယ်ပေးထားသည်ကို ကြည့်တတ်လျှင် သိသာပါသည်။ ထိုရာဇဝတ်လုပ်ငန်းများမှ ရရှိသောငွေသည် သူတို့ကိုင်သည့် လက်နက်ခဲယမ်းများအတွက် ဝင်ငွေဖြစ်နေသည်၊၊ ထိုလက်နက်ကိုင်များကြောင့်သာ နိုင်ငံမတည်မငြိမ်ဖြစ်နေရသည်ကို နား၊ မျက်စိ အားကြီးသည့် ထိုနိုင်ငံကြီးများက မသိစရာအကြောင်းမရှိပါ။ Scam hub ပဲဖြစ်ဖြစ်၊ Scam လုပ်ငန်းမည်သို့ဆိုဆို ရာဇဝတ်မှုလုပ်ငန်းများသာဖြစ်သည်၊၊ ထိုလုပ်ငန်းများသည် တိုင်းရင်းသား လက်နက်ကိုင်များကြီးစိုးရာ ဒေသများနှင့်သာ ဆက်စပ်နေသည်။ ထိုလက်နက်ကိုင်များကို အားပေးထောက်ခံ ထောက်ပံ့နေသည်မှာလည်း ထိုအင်အားကြီး နိုင်ငံများသာဖြစ်သည်။ ထိုအင်အားကြီးများကပင် အခြားနိုင်ငံတွေကို မတရားစွပ်စွဲနေပြန်သည်။ စွပ်စွဲရုံတင်မက ကျူးကျော်တိုက်ခိုက်ရန်လည်း အားထုတ်ကြပြန်သည်။ မီဒီယာအား၊ ဓနဥစ္စာအား၊ စစ်လက်နက်အားကိုး၍ အနိုင်ကျင့်၊ ဗိုလ်ကျနေသည်ကို မြင်အောင်ကြည့်ပါ။ မြင်သူများသော်လည်း ထာဝရကိုယ်ကျိုးစီးပွား အပျက်မခံလို၍သာ မျက်စိမှိတ်၍ လျစ်လျူရှုသလို ဖြစ်နေသည်ကို နားလည်ရမည်ဖြစ်ပါသည်။

ပုံရိပ်ကောင်းများဖြင့် ပုံဖော်နိုင်အောင် ကြိုးစားကြမည်

ယနေ့ကမ္ဘာ့အခင်းအကျင်းများကို လေ့လာပြီး မိမိတို့နိုင်ငံ၌ ဘာတွေက ပိုအရေးကြီးသည်ကို အသေးစိတ်ဆန်းစစ် သတ္တုချကြည့်သည့်အခါ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးက အရေးကြီးသည်ကို တွေ့လာရသည်။ အထူးသဖြင့် နယ်စပ်ဒေသများတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ မကြီးထွားနိုင်အောင် ထိန်းချုပ်နိုင်ရန်အရေးကြီးလာသည်။ တရားဥပဒေစိုးမိုးမှုနှင့်အတူ တည်ငြိမ်အေးချမ်းရေး အရေးကြီးသည့်အတွက်လည်း ဖြစ်ပါသည်။ တရား ဥပဒေစိုးမိုးနိုင်ရန်အတွက် နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်ရန်အရေးကြီးသည်။ နယ်စပ်ဒေသများ မထိန်းချုပ်နိုင်ပါက မိမိတိုင်းပြည်အချုပ်အခြာ အာဏာထိပါးခံနေရသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် အထူးအရေးကြီးကြောင်း ထပ်ခါတလဲလဲ မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်မှသာ ရာဇဝတ်မှုများ လျော့နည်းပပျောက်ပြီး ဖွံ့ဖြိုးသည့်ဒေသများ ဖြစ်လာမည်။ အချို့အင်အားကြီးနိုင်ငံများက မိမိတို့ ပိုင်နက်ကို ရာဇဝတ်မှုနယ်မြေများအဖြစ် ပုံဖော်နေခြင်းကိုလည်း ပယ်ဖျက်ရာရောက်သွားမည်။ အဓိကအချက်က နိုင်ငံကိုပုံရိပ်ဆိုးသဖွယ်ဖန်တီးနေမှုများကို ပုံရိပ်ကောင်းအဖြစ် ပြန်လည်ပုံဖော်ရန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေးအားကောင်းအောင်လည်း တိုးချဲ့နေရန်လိုသည်။ မဟာဗျူဟာမြောက် မိတ်ဖက်များနှင့်နက်ရှိုင်းသော ဆက်ဆံရေးများ ထားရှိနေရမည်။ ယုံကြည်မှုများ အားကောင်းနေရပါမည်။ ထို့အတွက် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြရမည်၊ ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ အနာဂတ်အခန်းကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်တွက်ပြီးအခြေအနေကို သဘောပေါက်ရန်လိုအပ်သည်ဟု ယူဆပါသည်။

မိမိတို့ပြည်သူများအနေဖြင့် အထက်တွင် ဖော်ပြခဲ့သလို ရုပ်ပိုင်း၊ စိတ်ပိုင်းအင်အားများကို မြှင့်တင်တည်ဆောက်ထားရန် လိုအပ်သည်ဟု ယူဆပါသည်။ ပညာဗဟုသုတများစွာ ရှိရန်လိုအပ်ပါ သည်။ မဝေးသောအတိတ်က မိမိတို့သည် အကြမ်းဖက်လမ်းစဉ်အောက်တွင် အကြမ်းဖက်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ကြပြီးပါပြီ။ ပွဲလန့်ဖျာခင်းသည်ကိုမမြင်၊ ကိုယ်တိုင်က အကောင်းအဆိုး၊ အကြောင်းအကျိုး ဝေဖန်ဆန်းစစ်မှုအပိုင်းတွင် အားနည်းခဲ့ကြသည်။ အသိအမြင်များ ဝေဝါးခဲ့ကြသည်ကို ဝန်ခံရမည်။

ပြည်တွင်းအဖြစ်အပျက်များသာမက နိုင်ငံတကာဖြစ်စဉ်များတွင်ပါ သုံးသပ်မှုများ အားနည်းခဲ့ကြသည်။ မိမိတို့ကိုယ်တိုင် ပြင်ရမည့် လေ့လာစရာများစွာရှိနေသည်ကို သဘောပေါက်ရမည်။ အဓိကအချက်က မိမိတို့လျှောက်လှမ်းနေသော လမ်းစဉ်နှင့် လမ်းခရီးကို ရှင်းရှင်းလင်းလင်းမြင်နေရန်နှင့် မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ဘယ်သူက အနှောင့်အယှက်ပြုနေသလဲဆိုတာ အမှန်အတိုင်း သိနေ၊ မြင်နေရန်ပါ။ သို့မှသာ ပြည်ပအင်အားကြီးများအကြား ဘယ်လိုအားပြိုင်မှုပဲဖြစ်ဖြစ် အသုံးချခံမဖြစ်ဘဲ မှန်သည့်ဘက်မှရပ်တည်ပြီး စိန်ခေါ်မှုမှန်သမျှ အောင်အောင်မြင်မြင် ဖြေရှင်းသွားနိုင်မည်ဖြစ်ပါသည်။ ။

No comments:

Post a Comment