Tuesday, April 28, 2026

မတတ် - မရှိ သံသရာမှ လွတ်မြောက်အောင်


နေမင်းသျှင်

မြန်မာနိုင်ငံရဲ့ အားနည်းနိမ့်ကျနေတဲ့ ပညာရေးအခြေအနေကို ကျွန်တော်တို့ မကြာခဏဆိုသလို တွေ့မြင်ကြားသိနေကြရပြီး ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဘဝအခွင့်အလမ်းတွေ ဖန်တီးရာမှာရော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုများမှာပါ အဓိကအရေးပါတဲ့ ပညာရေးကဏ္ဍ နိမ့်ကျနေခြင်းဟာ နိုင်ငံအတွက် အလားအလာကောင်း မဟုတ်ပါဘူး။

ဒီအခြေအနေဟာ လတ်တလောဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲ အတိတ်ကာလတစ်လျှောက် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်စဉ်တွေနဲ့အတူ ကာလရှည်ကြာဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာရေးမြှင့်တင်မှုအတွက် အစိုးရအဆက်ဆက်က မူဝါဒတွေချမှတ်ပြီး မြှင့်တင်ပေးခဲ့ပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်သလို ပညာရေးကဏ္ဍမြှင့်တင်မှုဟာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်စဉ်ဆက်မပြတ် လုပ်ကိုင်သွားကြရမယ့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ ပစ္စုပ္ပန်ကာလမြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေကို တိတိကျကျ၊ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပညာသင်ကြားရာမှာ အမြင့်ဆုံးရောက်ရှိခဲ့တဲ့ အဆင့်၊ ဘယ်အသက်အရွယ်အထိ ကျောင်းတက်ခဲ့ကြသလဲစတဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ကလေးသူငယ်တွေ မူကြိုအရွယ်ကျောင်းနေမှုကနေ အခြေခံစာတတ်မြောက်မှု၊ အထက်တန်းအဆင့် ပညာဆက်လက်သင်ယူမှုနဲ့ အဆင့်မြင့်ပညာတတ်မြောက်မှုတွေ၊ မြို့ပြနဲ့ကျေးလက်ပညာရေးကွာဟချက်တွေ၊ ကျား/မနဲ့ ဒေသအလိုက် ကွဲပြားခြားနားမှုတွေကိုလည်း သန်းခေါင်စာရင်းမှာအချက်အလက်များနဲ့ စနစ်တကျရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိ

မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ ၁၀ ဦးမှာ ၉ ဦးက စာရေးနိုင်၊ ဖတ်နိုင်ကြပြီး စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ အခြေခံသင်္ချာတွက်ချက်နိုင်မှု နှုန်းကလည်း ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံအရေး၊ အဖတ်၊ အတွက် စွမ်းရည်ညီမျှစွာရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ မြို့ပြနဲ့ကျေးလက် စာတတ်မြောက်မှုနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ မြို့ပြမှာ ၉၅ ရာခိုင်နှုန်းရှိပြီး ကျေးလက်မှာ ၉ဝ ဒသမ ၁ ရာခိုင်နှုန်းရှိနေတာကြောင့် မြို့ပြက ရာခိုင်နှုန်းကွာခြားချက် ၅ နဲ့ အနည်းငယ်သာပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကွာခြားချက်တွေမှာတော့ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က အခြေခံ အရေး၊ အဖတ်၊ အတွက် တတ်မြောက်မှု ၉၄ ရာခိုင်နှုန်းကျော်နဲ့ ထိပ်ဆုံးမှာရှိနေကြပြီး နေပြည်တော်၊ တနင်္သာရီ၊ ကချင်နဲ့ မကွေးတို့မှာ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှဖြစ်တဲ့ ၉၂ ရာခိုင်နှုန်းကျော် ဝန်းကျင်မှာရှိနေကြတာဖြစ်ပါတယ်။ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာတော့ တစ်နိုင်ငံလုံးပျမ်းမျှရာခိုင်နှုန်းအောက် အနည်းငယ်ရောက်ရှိနေတာကြောင့် ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှအောက်ရောက်ရှိနေတဲ့ ဒေသတွေက ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ စာတတ်မြောက်မှုနှုန်းကတော့ ၇၀ ရာခိုင်နှုန်းသာရှိတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှစာတတ်မြောက်မှုနှုန်းအောက်ကို ကျရောက်နေတဲ့ ဒေသတွေအတွက် စာတတ်မြောက်ရေးအစီအစဉ်တွေနဲ့ ဒုတိယအခွင့်အလမ်းသင်ယူမှုအစီအစဉ်တွေကို ပိုမိုစီစဉ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၃ နှစ်ကနေ ၂၅ နှစ်ကြား လူဦးရေ ၁ဝ ဒသမ ၅ သန်းခန့်ရှိတဲ့အနက် ၅၆ ဒသမ ၁ ရာခိုင်နှုန်းဟာ လက်ရှိကျောင်းတက်နေကြသူများဖြစ်ကြပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းဟာ ယခင်က ကျောင်းတက်ခဲ့ဖူးသူများ ဖြစ်တယ်လို့ ၂၀၂၄ သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။ ကျောင်းလုံးဝ မတက်ဖူးသူ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့လည်း ဆိုပါတယ်။ မြို့ပြဒေသများက ကျေးလက်ဒေသများထက် လက်ရှိကျောင်းတက်ရောက်နေသူအချိုးအစား ပိုမိုများပြားတာကို တွေ့ရပြီး ရာခိုင်နှုန်းအားဖြင့် မြို့ပြမှာ ၅၇ ဒသမ ၄ ရာခိုင်နှုန်း၊ ကျေးလက်မှာ ၅၅ ဒသမ ၂ ရာခိုင်နှုန်း ရှိနေတယ်လို့ တွေ့ရပါတယ်။ ယခင်ကျောင်းတက်ခဲ့ ဖူးသူရာခိုင်နှုန်းမှာလည်း မြို့ပြဒေသက ပိုမိုမြင့်မားတာကြောင့် မြို့ပြဒေသတွေမှာ ပညာရေးအခွင့်အလမ်းတွေ ပိုမိုရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လုံးဝကျောင်းမတက်ဖူးသူများပြားတဲ့ ဒေသတွေအနေနဲ့ ကရင်ပြည်နယ်မှာ ၁၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ်မှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိနေပြီး ရခိုင်ပြည်နယ်ကတော့ ၃၆ ဒသမ ၄ ရာခိုင်နှုန်းနဲ့ လုံးဝကျောင်းမတက်ဖူးသူ အများဆုံးရှိနေတာ ဖြစ်ပါတယ်။

အမြင့်ဆုံးပညာအရည်အချင်းကို ဖော်ပြ

 ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာ အရွယ်ရောက်သူများ ပြီးမြောက်ခဲ့တဲ့ အမြင့်ဆုံးပညာအရည်အချင်းကို ဖော်ပြထားရာမှာ မူလတန်းပညာရေး မပြီးမြောက်သေးသူများကနေ ဘွဲ့လွန်ဒီဂရီရသူများအထိ ပါဝင်ပါတယ်။ အရွယ်ရောက်သူ လူဦးရေ စုစုပေါင်းရဲ့ ၄၆ ရာခိုင်နှုန်းဟာ KG သို့မဟုတ် မူလတန်းအဆင့်ကိုသာ ပြီးမြောက်ခဲ့ကြပါတယ်။ ကျား/မ ခွဲခြားကြည့်ရင်တော့ အမျိုးသား ၄၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၈ ဒသမ ဝ ရာခိုင်နှုန်းရှိနေတာကြောင့် ရာခိုင်နှုန်းကွာခြားချက် ၄ ဒသမ ၄ နဲ့ အမျိုးသမီးတွေက ပိုများပါတယ်။ အလယ်တန်းအဆင့် ပညာရေးပြီးမြောက်သူတွေကတော့ လူဦးရေရဲ့ ၂၃ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အမျိုးသားဦးရေက ပိုများပါတယ်။

အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်သူကတော့ လူဦးရေရဲ့ ၁၄ ရာခိုင်နှုန်းရှိပါတယ်။ ဒီအဆင့်မှာလည်း အမျိုးသား ၁၅ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေက ပိုများတာကို တွေ့နိုင်ပါတယ်။ နည်းပညာနဲ့ သက်မွေးပညာသင်တန်း (TVET) အောင်မြင်သူ ဒါမှမဟုတ်မဟာဘွဲ့၊ ပါရဂူဘွဲ့ရသူတွေကတော့ ၁၀၀၀ မှာ တစ်ယောက်၊ နှစ်ယောက်လောက်သာရှိပြီး အမျိုးသမီး အမျိုးသားကွာခြားမှုမရှိ သလောက်ဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်/ကောလိပ် အဆင့်တစ်ခုခုကို တက်ရောက်ပြီးသူက လူဦးရေရဲ့ ၁ ဒသမ ၆ ရာခိုင် နှုန်းရှိပြီး အမျိုးသားက ၂ ရာခိုင်နှုန်း၊ အမျိုးသမီးက ၁ ဒသမ ၃ ရာခိုင်နှုန်းဖြစ်လို့ အမျိုးသားတွေက ပိုများပါတယ်။ မဟာဘွဲ့အောက်အဆင့် ဘွဲ့ရရှိသူလူဦးရေက ၁၁ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး က ၁၃ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသားက ၉ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မူလတန်းအဆင့်မှာ အမျိုးသမီးပါဝင်မှုမြင့်မားပြီး အလယ်တန်း အဆင့်မှာတော့ အမျိုးသားက ပိုများခဲ့တယ်။ ဘွဲ့ရအဆင့်မှာတော့ အမျိုးသမီးတွေ ပြန်များလာတာကို တွေ့ရပါတယ်။

ကျောင်းထွက်ရတာဟာ မိသားစုအတွင်း ဖိအားများကြောင့်ဖြစ်

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ ကျောင်းသား ကျောင်းသူအများစု ကျောင်းထွက်ရတာဟာ ပညာရေးစနစ်ကြောင့် မဟုတ်ဘဲ မိသားစုအတွင်း ဖိအားများကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ မိသားစုကို ကူညီရန်/ အိမ်အလုပ်များ လုပ်ကိုင်ရန်/ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန် ကျောင်းထွက်ရခြင်းက ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိနေတာကြောင့် အိမ်မှုကိစ္စနဲ့ ပြုစုစောင့်ရှောက်မှုတာဝန်တွေက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ကျောင်းကထွက်ဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။

ဒုတိယအကြောင်းရင်း တစ်ခုကတော့ ကျောင်းစရိတ်မတတ်နိုင်လို့ ၂၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ မိသားစုရဲ့ အလုပ်တွေဖြစ်တဲ့ စိုက်ပျိုးရေးမှာ ဝင်လုပ်ဖို့ ၁၂ ဒသမ ၁ ရာခိုင်နှုန်း၊ အခြားအလုပ်တွေ ၁၃ ဒသမ ၁ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူတွေ ကျောင်းထွက်ကြရတဲ့ အဓိကအကြောင်းရင်းနှစ်ချက်ဟာ မိသားစုရဲ့ စီးပွားရေးအခြေအနေနဲ့ သွယ်ဝိုက်ပြီးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သက်ဆိုင်နေတာကို တွေ့ရမှာဖြစ် ပါတယ်။ မိသားစုတွေရဲ့ လူမှုစီးပွားဘဝနိမ့်ကျတဲ့ အခြေအနေတွေက ကျောင်းနေအရွယ်ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ပညာရေးကိုပါ ထိခိုက်လာစေတာပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပညာရေးကို အလယ်တန်း/ အထက်တန်းအဆင့်လောက်သာ မျှော်မှန်းထားပြီး ဆုံးခန်းတိုင်သည်အထိ မသင်ဖို့နဂိုကတည်းက ဆုံးဖြတ်ထားကြသူတွေ ဖြစ်ပါတယ်။ ကျောင်းဆက်မတက်သူ ၁၇ ဒသမ ၃ ရာခိုင်နှုန်းက “လိုချင်တဲ့ ပညာရေးအဆင့်ကို ပြီးမြောက်ပြီး” ကျောင်းထွက်တယ်လို့ သန်းခေါင်စာရင်းအချက်အလက်များ ကောက်ယူချိန်မှာ ဖြေဆိုထားခဲ့ပါတယ်။ ကလေးရဲ့ သင်ယူမှုအခက်အခဲ သို့မဟုတ် စိတ်မဝင်စားမှု ၄ ဒသမ ၄ ရာခိုင်နှုန်း၊ နာမကျန်း သို့မဟုတ် မသန်စွမ်းခြင်း ၂ ဒသမ ၃ ရာခိုင်နှုန်း စသည်ဖြင့် အကြောင်းရင်း အနည်းငယ်တို့ကိုလည်း တွေ့ရပြီး ကျောင်းသို့သွားရန် ဝေးလံခက်ခဲခြင်း၊ လုံခြုံရေးပြဿနာရှိခြင်း၊ သဘာဝဘေးအန္တရာယ်သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခကဲ့သို့ အတားအဆီးများရှိခြင်း စတဲ့ အကြောင်းတွေကတော့ ၁ ရာခိုင်နှုန်းစီလောက်သာ ရှိတယ်လို့ သိရပါတယ်။ အရွယ်မရောက်မီလက်ထပ်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းကြောင့် ကျောင်းထွက်ရသူက ၁ ဒသမ ၁ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူမှုရေးဓလေ့ထုံးစံတွေထက် စီးပွားရေးလိုအပ်ချက်တွေကြောင့် ကျောင်းထွက်မှုကို ပိုမိုဖြစ်ပေါ်စေတယ်လို့ သန်းခေါင်စာရင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ မဖြစ်မနေမြှင့်တင်ပေးသွားဖို့ လိုအပ်တယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့်လည်း အစိုးရသစ်ကို ဦးဆောင်သွားမယ့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောကြားတဲ့အခါ နိုင်ငံရဲ့အနာဂတ်အတွက် အဓိကကျတဲ့ ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍကို အခြေခံအဆင့်ကစလို့ မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ရဲ့ကလေးတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေမှာ နိုင်ငံတကာအဆင့်မီ ပညာရေးကို ရရှိဖို့နဲ့ ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူရရှိစေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဟာ လွတ်လပ်ရေးရရှိခဲ့တဲ့ အချိန်ကစပြီး ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်စပ်ဒေသအပါအဝင် တချို့ဒေသတွေမှာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့ရပြီး ပညာရည်နိမ့်ပါးခဲ့ကြရကြောင်း၊ ယခုလည်း တချို့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရကြောင်း၊ ဒါကြောင့် ပညာရေးကဏ္ဍကို နေရာဒေသကွာခြားမှုမရှိ တစ်ပြေးညီမြှင့်တင်နိုင်ဖို့အတွက် အထူးအလေးပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ ပညာရေးအားနည်းတဲ့ ပြည်နယ်တွေအတွက် အထူးစီမံချက်တွေချမှတ်ပြီး KG+9 အထိ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း၊ အခြေခံပညာအလယ်တန်းတွေမှာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံဘာသာရပ်များ သင်ကြားရေးနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်တဲ့အကြောင်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး သိပ္ပံကျောင်းတွေကတစ်ဆင့် သင့်တော်တဲ့ သိပ္ပံကျောင်းတွေကို တက္ကသိုလ်/ကောလိပ် အဆင့်မြှင့်တင်ခြင်းနဲ့ တက္ကသိုလ်တွေ၊ Polytechnic သိပ္ပံတွေနဲ့ တက္ကသိုလ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေးလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးမှာလည်း နိုင်ငံတော်သမ္မတက ငါးနှစ်တာကာလ လုပ်ဆောင်ရန် လိုအပ်သည်များကို ပြောကြားခဲ့တာနဲ့အတူ အစိုးရအဖွဲ့ရဲ့ ပထမဆုံးရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ သုတေသနစွမ်းရည်မြှင့်တင်တဲ့ ရှေ့ပြေးတက္ကသိုလ်တွေ တည်ဆောက်ပေးသွားမှာဖြစ်ပြီး အဓိကအားဖြင့် Nay Pyi Taw State Academy၊ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့မှာ Research and Activation တွေကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လာမယ့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး အလယ်တန်းပညာအဆင့်မှာ စက်မှု၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်ဝတဲ့ ကျောင်းတွေဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍမှာ Smart School နဲ့ Football for School program ကိုလည်း အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နဲ့ ပေါင်းစပ်ပြီး ရက်ပေါင်း ၁၀၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ ကျောင်းတွေမှာ Pilot Project အနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မူကြိုကျောင်းတွေကို အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာပဲ နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ တိုးတက်လာစေရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေကို ပညာရေးကဏ္ဍမှာ ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ ပညာရေးကဏ္ဍများ ပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမှာဖြစ်ကြောင်း၊ လာမယ့်ဘဏ္ဍာရေးနှစ်မှာလည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း အသုံးပြုသွားမှာဖြစ်ပြီး လာမယ့်တစ်နှစ်ကျော်မှာ နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်တဲ့ ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့တာကို တွေ့ရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေအရ ယခုအစိုးရအဖွဲ့သစ် တာဝန်ယူတဲ့ကာလမှာ ပထမဆုံးရက် ၁၀၀ ကနေစပြီး Quick win အစီအစဉ်များနဲ့အတူ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရေးကို ဦးတည်တဲ့ဆောင်ရွက်မှုများ အရှိန်အဟုန်တစ်ရပ်နဲ့ ဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းရှုမြင်နိုင်ကြပါတယ်။ ဒီနေရာမှာ မိမိတို့အားလုံးနားလည်ထားကြရမှာက နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍမြှင့်တင်ရေးဟာ အစိုးရရဲ့ ဆောင်ရွက်မှုသက်သက်နဲ့ အောင်မြင်မှုမရရှိနိုင်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပညာရေးကဏ္ဍမြှင့်တင် ရေးအစီအစဉ်တွေ ဘယ်လိုပဲလုပ်လုပ် နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ပညာရေးအပေါ်အလေးထားမှုမရှိရင်၊ မိမိတို့ရဲ့ ရင်သွေးသားသမီးတွေကို ပညာရေးပြီးပြည့်စုံသည်အထိ သင်ကြားပေးဖို့ စိတ်ဆန္ဒမရှိကြရင် တစ်မျိုးသားလုံးရဲ့ ပညာအရည်အချင်းဟာလည်း ဆက်လက်နိမ့်ကျနေမှာဖြစ်ပါတယ်။ အရွယ်နည်းနည်းရောက်လာတဲ့ သားသမီးကို ကျောင်းထွက်ခိုင်းပြီး ရေခပ်၊ ထမင်းချက်၊ ကလေးထိန်း စတဲ့ အိမ်အလုပ်ခိုင်းစေတာ၊ စိုက်ရေးပျိုးရေး၊ စီးပွားရေးမှာ ဝိုင်းကူခိုင်းတာတွေဟာ သားသမီးတွေရဲ့ အနာဂတ်ကို ဘူးသီးနုနုအမွေးသပ်သလို သတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ပညာမတတ်၊ ကျွမ်းကျင်မှုပညာလည်း ဘာတစ်ခုမှမရှိဘဲ အိမ်နီးချင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ အန္တရာယ်များတဲ့အလုပ်၊ နိမ့်ကျတဲ့အလုပ်တွေသွားလုပ်ပြီး လတ်တလောငွေရှာကြမယ့်အစား နိုင်ငံတော်ရဲ့ ပညာရေးစနစ်နဲ့အညီ အခြေခံပညာအလယ်တန်း (KG+9) ပြီးမြောက်တဲ့အထိ စာသင်၊ ပြည်ပအလုပ်အကိုင်အတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာတွေသင်ယူပြီးကျွမ်းကျင် လုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်ကြခြင်းက ပိုပြီးသက်သောင့်သက်သာရှိကြမယ့်အပြင် လုပ်ခလစာလည်း ပိုမိုမြင့်မားစွာရရှိကြမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဝင်ငွေရလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများမှာ သားသမီးများကို ခိုင်းစေမယ်ဆိုရင်လည်း အခြေခံပညာ အလယ်တန်းပြီးဆုံးအောင်မြင်ပြီး စက်မှု၊ စိုက်/မွေးစတဲ့ သက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်မြောက်တဲ့ သားသမီးတွေနဲ့အတူ လုပ်ကိုင်ကြခြင်းက ပိုမိုတိုးတက်ဖြစ်ထွန်းနိုင်ကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ မိမိတို့ရဲ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ် အားကောင်းမောင်းသန်ရှင်သန်ဖွံ့ဖြိုးနေဖို့ လိုပါတယ်။ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ နည်းပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ အမြောက်အမြားလိုအပ်နေပေမယ့် လက်ရှိမိမိတို့နိုင်ငံမှာ လူဦးရေထက်ဝက်လောက်က မူလတန်းပညာရေးလောက်ပဲ တတ်မြောက်နေကြတာ၊ လူဦးရေသုံးပုံတစ်ပုံနီးနီးက ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိနေတာကြောင့် အမျိုးသားပညာရေးကို မြှင့်တင်ကြရမယ့်အရေးဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ တစ်မျိုးသားလုံးက အရေးတကြီးဆောင်ရွက်ကြရမယ့် အမျိုးသားရေးဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးလို့ ပညာမတတ်၊ ပညာမတတ်လို့ ဆင်းရဲနွမ်းပါးတဲ့ မတတ်-မရှိ သံသရာကလွတ်မြောက်အောင်ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြရာမှာ အစိုးရက ဦးစီးဦးဆောင်အကောင်အထည်ဖော်ခြင်းနဲ့အတူ နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း နိုးကြားတက်ကြွစွာ လိုက်ပါဆောင်ရွက်ကြဖို့ တိုက်တွန်းဆော်သြလိုက်ရပါတယ်။ ။

No comments:

Post a Comment