ဒဏ်ရာဒဏ်ချက်များနဲ့ ငါတို့နိုင်ငံ
မြန်မာချင်း သွေးကွဲဖို့၊ သွေးခွဲရန်စတဲ့ တိုက်ပွဲခေါ်သံ
သမိုင်းစဉ်လာ၊ ငါတို့သွေးချင်းရိုင်းပင်းချိန်
အိမ်နီးချင်း၊ ဘယ်မင်းမှ ချို (ဂျို) မထောင်ရဲ၊ စိန်မခေါ်ရဲ
အချင်းချင်းသွေးကွဲမှ၊ မလေးမစား၊ ကျားရဲဆွဲ
သစ္စာဖောက်လောက်ကောင်တွေ၊ အမျိုးတုံးစေရမယ်။ ။
အောက်စ်ဖို့ဒ်ဆရာတော်ကြီးက မိန့်ကြားဖူးတယ်၊ “ခက်ခဲကြမ်းတမ်းတဲ့၊ လောကဓံမြေပြင်ဟာ စိတ်နှလုံးကောင်းရှိသူတွေအတွက် ပါရမီဖြည့်ဆည်းရာနယ်မြေပါ”တဲ့။
ဘဝတိုက်ပွဲများအောင်နိုင်ဖို့ ပါရမီဆယ်ပါးလက်နက်များကို ဆောင်ကြပါစို့။
ပါရမီဆယ်ပါး၊ အပြားသုံးဆယ်မှာ “အင်္ဂပရိစ္စာဂ၊ ဒါနပါရမီ”ဆိုတဲ့ ကိုယ်လက်အင်္ဂါလှူဒါန်းခြင်း။ “ဇီဝတပရိစ္စာဂ၊ ဒါနပါရမီ” ဆိုတဲ့ အသက်ကိုပေးလှူ၊ စွန့်လွှတ်လှူဒါန်းခြင်း”။
ဒါငါတို့ရဲ့စစ်သည်တွေ ဖြည့်ဆည်းနေတဲ့ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီတွေပါ။ ရဲသော်မသေ သေသော်ငရဲမလားတဲ့။ တိုက်ပွဲကျစစ်သည်တွေ ဘာစိတ်နဲ့သေသလဲဆိုတဲ့ စိတ်ညွတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။
ရန်သူကို တိုက်ပွဲဝင်ချိန်မှာ ကျင့်ရမယ့် ကျင့်ဝတ်တရား “စစ်မြေပြင်တွင် ရန်သူကို နေလိုမီးလို ကျင့်ရမည်။ ပြည်သူကို ရေလို၊ လလို …..”
တပ်မတော်ကျင့်ဝတ် ၆၀ မှာ နိုင်ငံတော်ရဲ့ အဘက်ဘက်ကရန်၊ တိုင်းတစ်ပါးရန်၊ ပြည်တွင်းရန်၊ သဘာဝဘေးရန် အန္တရာယ်အားလုံးကာကွယ်ရန် ပါဝင်ပါတယ်။
တပ်မတော်ထဲ စဝင်ပြီဆိုကတည်းက သစ္စာလေးချက်ဆိုပြီး ဝင်လာတာ။ တစ်ခါစစ်သားဖြစ်ဖူးရင် တစ်သက်လုံးစစ်သားပဲ။ သစ္စာလေးချက် နောက်ဆုံးစာပိုဒ်က “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်၊ အဓိဋ္ဌာန်ပြုပါ၏”
မွန်မြတ်သောစစ်သား၊ ကိုယ်လက်အင်္ဂါလှူဒါန်းခြင်း၊ အသက်ကို ပေးလှူခြင်းဆိုတဲ့ ဒါနပရမတ္ထပါရမီတွေနဲ့ သစ္စာဓိဋ္ဌာန်ဆိုပြီး တပ်ထဲဝင်လာခဲ့တဲ့ ငါတို့တပ်မတော်သားတွေ ပါရမီရှင်သစ္စာဓိဋ္ဌာန် ဘယ်လောက်မွန်မြတ်သလဲ။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်သလို ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့သာသနာ၊ ငါ့တပ်ဖွဲ့အတွက် ငါ၏အသက်ကိုပေးဆပ်ရန် သစ္စာပြုထားတဲ့ မင်းခယောက်ျား၊ သားကောင်းစစ်သည်တွေ စုစည်းထားတဲ့နေရာကို မျိုးချစ်မြန်မာ့တပ်မတော်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
တပ်မတော်သားတွေနဲ့ ပြည်သူတွေ တစ်သားတည်းပါ။ ပြည်သူတိုင်း တပ်မတော်သားမဟုတ်ပေမယ့် တပ်မတော်သားတိုင်းက ပြည်သူတွေပါ။ ဒါပေမဲ့အသားထဲကလောက်တွေက ပြည်သူအမည်ခံ အရေခြုံနေကြတယ်။ သံပုံးတီးတယ်။ ထောက်ပို့လုပ်တယ်။ တပ်လှုပ်ရှားမှုမှန်သမျှ သတင်းပို့တယ်။
ဒီလောက်ကောင်တွေကို အမြစ်မဖြုတ်လို့ အားမလို၊ အားမရဖြစ်ကြရတယ်။ သူတို့ဟာ
ပြည်သူအရေခြုံ၊ သစ္စာဖောက် လောက်ကောင်တွေ၊ အခုရောက်နေတာ စစ်မြေတလင်းလား၊ ရန်သူလား၊
တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူလား၊ ခွဲမရအောင် ရောနေကြတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးတွေ ရောနေတယ်။
ပထွေးမျှော်နေကြတဲ့ သစ္စာဖောက်လောက်ကောင်တွေကို မသိလို့တော့ မဟုတ်နိုင်ဘူး၊ အလို့၊ နလို့လည်းမဟုတ်ဘူး။ တပ်မတော်ဆိုတာ အမိန့်နာခံတာက အသက်ပဲ။ စစ်ပရိယာယ်တွေက ကျယ်ပြန့်တော့ ရိုးသားတဲ့ပြည်သူအစစ်တွေ နားလည်ဖို့မလွယ်လှဘူး။
အော် စစ်သားဘဝဆိုတာ ဖယောင်းတိုင်လိုပါပဲ။ ပြည်သူ့ဘဝ အလင်းရောင်ရဖို့ သူတို့ဘဝတွေကို စတေးပေးနေကြရှာတာပါလားနော်။
တပ်မတော်သားကောင်းကြီးတွေရဲ့ ကောက်နုတ်ချက်အချို့
အမေရိကန်စစ်ဗိုလ်ချုပ် ဗိုလ်ချုပ်ကြီး George S.Patton, Jr. က “တကယ်တော့ အမြင့်ဆုံးသော တာဝန်သိစိတ်ဓာတ်နဲ့ အခွင့်ထူးခံ နိုင်ငံသားဆိုတာ နိုင်ငံအတွက် စစ်မှုထမ်းသူပြည်သူများကိုသာ ခေါ်တာတဲ့။ စစ်မှုထမ်းတဲ့ ပြည်သူသာလျှင် တာဝန်အသိတတ်ဆုံး၊ အခွင့်ထူးခံလူတန်းစားလို့ ခေါ်သင့်တယ်” တဲ့။
အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော သမ္မတကြီးနဲ့ အမေရိကန် တော်လှန်ရေးရဲ့ ကာကွယ်ရေးဦးစီးချုပ် George Washington က “စည်းကမ်းဆိုတာ တပ်မတော်ရဲ့ အသက်ဝိညာဉ်”လို့ဆိုပါတယ်။ သူ့ရဲ့စူးရှတဲ့စကား၊ အောင်မြင်တဲ့၊ လွှမ်းမိုးနိုင်တဲ့ စကားကတော့ စည်းကမ်း၊ တာဝန်ဝတ္တရား၊ ကိုယ်ကျင့်သိက္ခာ ၊ စည်းလုံးညီညွတ်ရေး ကို အဓိကထားဖို့၊ လုံးဝသွေးမကွဲကြဖို့နဲ့၊ ပြည်ပနှောင်ကြိုး ရှုပ်ထွေးမှုတွေ လုံးဝအဝင်မခံဖို့ သတိပေးတားမြစ်ချက်ဖြစ်ပါတယ်။ ပြည်ပအားကိုး ပုဆိန်ရိုးတွေ တိုင်းပြည်မှာ ဝင်ခွင့်မပြု၊ ချည်နှောင်မှုမရှိဖို့၊ လုံးဝရှောင်ကြဉ်ဖို့ သတိပေးချက်ပါ။
ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်ကို အောင်မြင်စေတဲ့ခေါင်းဆောင်၊ ဝန်ကြီးချုပ် Winston Churchill က ဘာပြောသလဲဆိုတော့ “အနိုင် ရခြင်းဟာလည်း နောက်ဆုံးပန်းတိုင်မဟုတ်၊ ရှုံးနိမ့်ခြင်းဟာလည်း ကျဆုံးခြင်းမဟုတ်၊ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ တိုင်းပြည်အတွက် ရှေ့ဆက်ချီတက်ခြင်းကသာ အားထားယုံကြည်စိတ်ချစရာဖြစ်တယ် လို့ဆိုပါတယ်။ ငါတို့အားလုံး ပင်လယ်ထဲမှာ၊ သမုဒ္ဒရာထဲမှာ၊ ပင်လယ် ကမ်းခြေထဲမှာ ဆက်တိုက်ပွဲဝင်ကြမယ်၊ ဘယ်တော့မှ လက်နက်မချဘူး၊ စစ်ရဲ့ခါးသီးမှုတွေကို တိုင်းပြည်အတွက် ငါတို့အခိုင်အမာ ရင်ဆိုင် ကြမယ်”တဲ့။
ပြင်သစ်ကျပြီးနောက် ဗြိတိန်ရဲ့တိုက်ပွဲအတွက်ပြင်ဆင်ဖို့ လူထု ကို ပြောကြားခဲ့တဲ့စကားဖြစ်ပါတယ်။ သူ့ရဲ့စကားတွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ အမှောင်ဆုံး၊ အနက်ရှိုင်းဆုံးအချိန်မှာ နိုင်ငံတော်အတွက် ဖြေရှင်းမယ်၊ နှိမ်နင်းမယ်၊ နိုင်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချ ဦးဆောင်မှု ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး Norman Schwarzkopf ကတော့ “တိုင်းပြည် ငြိမ်းချမ်းနေတုန်း ချွေးများများထွက် လေ့ကျင့်လေ၊ စစ်မြေပြင်မှာ သွေးထွက်နည်းလေဖြစ်မှာပဲ”တဲ့။ ချွေးထွက်များရင် သွေးထွက်နည်းမယ်ဆိုတာဓားကို အမြဲတမ်းထက်နေအောင် သွေးနေရမယ်၊ လေ့ကျင့်နေရမယ်၊ နည်းပညာသစ်တွေ၊ လက်နက်အသစ်အဆန်းတွေ၊ ကမ္ဘာနဲ့ရင်ပေါင်တန်းအောင် အမြဲတမ်းမွမ်းမံသင်တန်းတွေတက်နေ၊ သင်ယူနေရမှာပါ။ မြန်မာနိုင်ငံခြားရေးမူဝါဒ၊ ဘက်မလိုက်ကြားနေ ပေါ်လစီကို စစ်ရေးမူဝါဒမှာပါ ကမ္ဘာ့အင်အားကြီးအုပ်စုကြီး သုံးခု၊ Multipolar ခေတ်မှာ စစ်သံတမန်နည်းနဲ့ စစ်ပညာတွေ အမြင့်ဆုံး ရင်ပေါင်တန်းလိုက်နိုင်ရင်တော့ မြန်မာအတွက် အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။
၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး George Marshall ဟာ ဒုတိယကမ္ဘာစစ်ရဲ့ဆိုးကျိုး၊ ဖျက်ဆီးဆုံးရှုံးခံရတဲ့ အနောက်ဥရောပ ၁၆ နိုင်ငံ ပြန်လည်တည်ဆောက်ရေး Marshal Plan ခေါ် ERP ဥရောပ ပြန်လည်နာလန်ထူထောင်ရေးစီမံချက် စတင်ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့လို့ နိုဘယ်ဆုရရှိသူတစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်း နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ပန်းတိုင်ကတော့ ခေတ်မီတိုးတက် အစွမ်းထက်သော တပ်မတော်၊ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးဟာ သူ့ရဲ့ပန်းတိုင်ဖြစ်ပါတယ်။ သူက “စစ်သားတွေရဲ့ နှလုံးသား၊ စစ်သားတွေရဲ့ စိတ်ဓာတ်၊ စစ်သားတွေရဲ့ စိတ်ဝိညာဉ်ဟာ တိုင်းပြည်ရဲ့ အရာအားလုံးဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ဟာစစ်သား မဖြစ်ဖူးသေးသရွေ့သူဟာ ယောက်ျားကောင်းတစ်ယောက်လို့ မခေါ်နိုင်သေးပါဘူး”တဲ့။
ဒီမှာ သတိချပ်စရာကတော့ အမေရိကန်မှာရော၊ ဗြိတိန်မှာရော၊ စင်ကာပူမှာရော အမျိုးသားတိုင်း စစ်မှုထမ်းရပါတယ်။ တစ်သက်လုံး စစ်မှုထမ်းစရာမလိုပါဘူး။ စစ်မှုထမ်း သတ်မှတ်သက်တမ်းပြည့်ရင် အရပ်သား၊ နိုင်ငံသားတာဝန် ပြန်ထမ်းဆောင်နိုင်ပါတယ်။ ဒါကို မြန်မာနိုင်ငံက အမျိုးသားတွေ စစ်မှုထမ်းရမှာ ဘာကြောက်နေကြတာလဲ။ ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ စစ်မှုထမ်းဖို့ပုန်းရှောင်၊ ပြည်ပထွက်ပြေးနေကြတာ အတော်လေးပဲ၊ … မပြောချင်တော့ပါဘူး။
ဗိုလ်ချုပ်ကြီး Doglas MacArthurn ကတော့ တခြားလူအများ ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေချိန်မှာ စစ်သားတွေဟာ စစ်ရဲ့ခါးသီးသောဒဏ်ရာတွေ၊ အနာရွတ်တွေ၊ အနက်ဆုံးသောနာကျင်မှုတွေ ခါးစည်းတာဝန် ထမ်းဆောင်နေကြရပါတယ်တဲ့။
သမ္မတကြီး John F Kennedy ကတော့ “တိုင်းပြည်ကို အန္တရာယ် မှလွတ်အောင် အလွန့်အလွန် စိတ်အားထက်သန်စွာ ကာကွယ်နိုင်ခွင့်ဆိုတာ စစ်မှုထမ်းနိုင်မှသာ ဒီလုပ်ပိုင်ခွင့်ရနိုင်မှာပါ။ စစ်မှုမထမ်းသရွေ့ နိုင်ငံတော်ကို ကာကွယ်ဖို့၊ တခြားဘာမှမရှိနိုင်ပါဘူး”တဲ့။
မှတ်သားစရာတွေပါပဲ။ စစ်ရေးဆိုင်ရာ စာရေးဆရာမကြီး Claudia Pemberton ကတော့ စစ်သားမရှိတဲ့ အမေရိကန်နိုင်ငံဟာ နတ်သမီးမရှိတဲ့နတ်ဘုရားနဲ့ အတူတူပါပဲတဲ့။ အိမ်သူရှိတဲ့ တို့စစ်သားတွေလည်း ရှေ့တန်းကနေ အိမ်သူနတ်သမီးလေးတွေကို လွမ်းနေရှာကြမှာပါပဲ။
အိမ်အလွမ်းစစ်သားလေးတွေရဲ့ နှလုံးသား ပဲ့တင်သံ
အိမ်အလွမ်းစစ်သားလေးတွေရဲ့ နှလုံးသားပဲ့တင်သံတွေကို သူတို့ရေးသားတဲ့ အွန်လိုင်းက စာစုတွေထဲကနေဖတ်မိပြီး ကြိုက်နှစ်သက်လို့ ထုတ်နုတ်ရေးပြချင်ပါတယ်။ အဲဒါတွေကတော့ ………
“စစ်ဟာနိဋ္ဌိတံ၊ စစ်ကိုမုန်းတယ်၊ စစ်ကဘယ်သူ့ကိုမှ ကောင်းကျိုးမပေးဘူး။
စစ်ကိုမုန်းလို့ စစ်တိုက်နေကြတာပါ။ သားတို့ ရန်သူကိုမုန်းလို့၊ မုန်းစွဲနဲ့ သတ်ဖြတ်နေကြတာမဟုတ်ပါဘူး။
သားတို့ရန်သူအပေါ် အာဃာတ အမုန်းတရားမရှိပါဘူး အမေ။
“သားတို့မှာ မိဘတွေရှိတယ်။ မိအုပ်ဖအုပ်၊ စည်းနဲ့ကမ်းနဲ့ ကြီးပြင်းလာကြတာပါ။ ပြည်သူသည် အမိ၊ ပြည်သူသည် အဖ၊ တပ်မတော်သည်လည်း ပြည်သူပဲမို့ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖပါ။ စစ်ပန်းလာတဲ့အခါ ဒဏ်ရာတွေပြင်းထန်လာတဲ့အခါ မိဘရဲ့ထွေးပွေ့မှု၊ ကြင်နာမှုကို တမ်းတမိတာတော့ အမှန်ပါပဲ အမေရယ်။ တပ်မတော်အကြီးအကဲတွေရဲ့ နွေးနွေးထွေးထွေး အားပေးမှုကြောင့် အားတက်ရပါတယ် အမေ အမေ။
“သာမန်အညတရ စစ်သားလေးပေမယ့် စစ်ပွဲအောင်နိုင်တဲ့ စစ်သူကြီးရဲ့ ကြွားဝံ့သောအပြုံးလိုပဲ ရှေ့တန်းမှာ မုန်တိုင်းကြားမှာ အမိုးအကာမရှိတဲ့၊ အိပ်လိုက်ရင်း၊ လှဲလိုက်ရင်း ကျောအောက်မှာ ပုရွက်ဆိတ်အုံနဲ့ ကျွတ်တွေ ဘယ်လိုဆင်းရဲပဲ ကြုံတွေ့ရပါစေ၊ ကြုံလာတဲ့ ကံဆိုးမိုးမှောင်အားလုံးကို ခံနိုင်ရည်ရှိရှိ ပွေ့ဖက်လက်ခံနေကြတာကတော့ ရှေ့တန်းမှာ သားတို့နဲ့အတူရှိနေကြတဲ့ စစ်သည် တွေပါပဲ။ အမေစိတ်မပူပါနဲ့၊ အမေ့သားက စစ်သားလေ။
“စစ်သားမလုပ်ဖူးသေးသရွေ့၊ ရှေ့တန်းမှာ စစ်မြေပြင်အတွေ့ အကြုံမရှိသေးသရွေ့ ယောက်ျားကောင်း မှတ်ကျောက်တင်လို့ မရဘူးလို့ သားတော့ထင်တယ်။ ဒါကြောင့် နိုင်ငံသားတိုင်း တိုင်းပြည် အတွက် အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေကို သားတော့ ကြိုဆိုတယ်။ ဒါမှ စစ်သားဘဝ ကိုယ်ချင်းစာတတ်ကြမှာလေ။
“လွမ်းတယ်အမေ။ မျှော်နေပေမယ့် ဘယ်တော့မှ အဝင် Call ဖုန်းဝင်လာတော့မှာ မဟုတ်တော့တဲ့ အဖေ၊ တိုက်ပွဲကျသွားတဲ့ အဖေ့ရဲ့အငွေ့အသက်လေးတွေ မမေ့ပါရစေနဲ့။ ရှေ့တန်းမှာ အလောင်းပြန်မရ ခဲ့တဲ့ အဖေ့ကို ရင်ထဲကနေ ဖက်တွယ်ထားပါရစေ။ တမ်းတပါရစေ။ အဖေ့သား၊ အဖေ့သွေးမို့ ဒဏ်ရာရလည်း မတ်မတ်ရပ်၊ ရင်ကော့ထားပါတယ်။ ကိုယ်ထူမှ ကိုယ်ထ၊ ကိုယ်လဲကျလို့မဖြစ်တဲ့ အခြေအနေမို့ ကိုယ့်အတွက် မနက်ဖြန်ဆိုတာ ရှိနေသေးသရွေ့ ဆက်လက်တိုက်ပွဲ ဝင်ရမှာပဲ။ မနက်ဖြန်ဆိုတာ သားအတွက် မရှိတော့ရင်လည်း စိတ်မပူ ပါနဲ့အမေ။ အမေ့သားဟာ တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားတဲ့ သူရဲကောင်း၊ သူရဘွဲ့ထိုက်တန်တဲ့ အုတ်ဂူဖြူဖြူလေး၊ အမေအလွမ်း ပြေသွားကြည့်ဖို့ ကံကောင်းရင် ရှိလာနိုင်ပါသေးတယ်အမေ။ အမေ့သားက စစ်သားလေ။ သားအဆင်ပြေပါတယ် အမေ။ အဆင် ပြေနေပါတယ်လို့ ပြောနိုင်သေးသရွေ့ သားအသက်ရှင်နေသေးလို့ပါ။
“မြေကြီးနဲ့ ကောင်းကင်ကို မြင်နေရသေးသရွေ့ သားတို့ရဲ့ အောင်ပွဲကို ပြီးဆုံးအောင်တိုက်ယူမှာပါ။ စစ်ကိုမုန်းလွန်းလို့ အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ။ အမေ့သားက စစ်သားလေ။
“စစ်သားတွေလောက် မစွန့်လွှတ်နိုင်ရင်နေ၊ စစ်သားတွေကိုတော့ မစော်ကားပါနဲ့။ စစ်သားတစ်ယောက်ရဲ့ဘဝကို နားလည်မပေး နိုင်ရင်လည်း စစ်သားရဲ့ချစ်သူမလုပ်နဲ့။ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ဘဝ၊ ကိုယ့်အချိန်၊ ကိုယ့်ချစ်သူ လွတ်လပ်မှုအားလုံးကိုထားခဲ့ပြီး စစ်ထဲ ဝင်တာ မျက်ရည်ချူတာလည်းမဟုတ်ဘူး။ ငြီးငွေ့တာလည်း မဟုတ်ဘူး။ စစ်သားတစ်ယောက်ရဲ့ မြေပြင်အခြေအနေကို ကိုယ်ချင်းစာတတ်ကြပါစေ။
ဗုဒ္ဓ၏ စစ်သည်များ
“စစ်သားတွေဟာ စစ်ကိုမုန်းတယ်။ ရန်သူကို မမုန်းဘူး။ အာဃာတမထားဘူး။ မုန်းစွဲမရှိဘူး။ စစ်သားအားလုံးဟာ လူသားအားလုံးထက်ပိုတဲ့ ငြိမ်းချမ်းရေးကိုအလိုရှိတယ်။ ကမ္ဘာ့လူသား အားလုံးကို ငြိမ်းချမ်းစေချင်တဲ့စေတနာမျိုး စစ်သားတွေထက် ဘယ်သူ့မှာမှ ပိုရှိနိုင်မယ်မထင်ဘူး။ စစ်ရဲ့အနက်ရှိုင်းဆုံးသော ဒဏ်ရာတွေ၊ နှလုံးသားဒဏ်ရာ၊ ကာယိကဒဏ်ရာ၊ အဆင်းရဲဆုံးဒုက္ခတွေကို ဘယ်သူမှ စစ်သားတွေထက် ပိုခံရမယ်မထင်ပါဘူး။
“တကယ်စစ်မှန်တဲ့ စစ်သားစစ်စစ်တွေဟာ သူ့ရှေ့ကရန်သူကို မုန်းလို့တိုက်နေတာမဟုတ်ဘူး။ သူ့နောက်မှာရှိတဲ့ မိဘပြည်သူကို ချစ်လို့၊ တိုင်းပြည်ကိုချစ်လို့၊ မိမိရေမြေ၊ အချုပ်အခြာ၊ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကိုချစ်လို့ တိုက်နေကြတာ။ ကမ္ဘာမှာ မြန်မာပြည်ဆိုတဲ့ မြေပုံလေး ပျောက်မသွားအောင် တိုက်နေ ကြတာ၊ ကာကွယ်နေကြတာပါ။
“သေမင်းနဲ့စစ်ခင်း၊ ပစ်ကွင်းထဲရောက်ပါစေ ငါမသေမချင်း၊ ငါ့စခန်းမစီးနဲ့၊ ကျည်ကုန်ရင် လှံစွပ်၊ အသက်ကိုမမှုလို့ ရင်ကော့လို့ ဆီးတား၊ ငါစစ်သား။
“အတ္တတစ်ဖက်၊ အစွဲကပ်၍၊ အတွေးယူမှား၊ အစွန်းရောက်ကာ၊ တုတ်ဓားလေးမြား၊ သေနတ်ကိုင်စွဲ၊ ထိုစစ်ပွဲတွေ၊ ရပ်စဲလိုကြောင်း၊ ဆုတွေတောင်း၍၊ ငြိမ်းချမ်းစေချင်ပြီ၊ မြန်မာပြည်။
“စစ်ထွက်ယောက်ျား၊ ပြည်သူ့အားနဲ့၊ ငါတို့ခွန်အား သစ္စာတရား၊ ပေါင်းစုကာထား၊ ယှဉ်ဝံ့မည်လား၊ မျိုးချစ်ငါတို့တပ်မတော်သား” တဲ့။
စစ်သားစစ်သည်တော်တို့ရဲ့ နှလုံးသားဟစ်ကြွေးသံတွေကို တစ်ဆင့်မျှဝေ ဦးညွှတ်အလေးပြု ဂုဏ်ယူဝင့်ကြွားချင်လို့ ထည့်ရေးမိတာကို ခွင့်ပြုချက်တောင်းလိုပါတယ်။
ကဗျာဆရာ အဘကျော်ထွဋ်ခေါင်ရဲ့ စာတချို့ကို ပြန်လည် အမှတ်ရမိပါတယ်။ “နိုင်ငံတော်အတွက် အသက်ပေးလှူသွားတဲ့ လူတန်းစားက သက်သက်၊ လွှတ်တော်ထဲဝင် နိုင်ငံအုပ်ချုပ်ရေးမှာ ပါချင်တဲ့ နိုင်ငံရေးသမားက သက်သက်၊ နိုင်ငံပြင်ပကနေ ပြည်ဖျက်နေတဲ့ လေစစ်သည် မီဒီညာများက သက်သက်၊ အခွင့်အရေးသမား သစ္စာဖောက်လောက်ကောင်များက ပြည်ပမှာဇိမ်ခံရင်း အမိမြေကို ပျက်သုဉ်းအောင် စော်ကားနေသူများက သက်သက်၊ သတ္တုချကြည့်ရင် “အမိမြေကိုကျူးကျော်၊ နိုင်ငံကိုစော်ကားတိုင်း တစ်ပါးသွား၊ ငွေလှူတာ စားနေတဲ့ကြေးစား၊ သူစိမ်းဘက်ယိမ်းတဲ့ ငပိန်းများရဲ့ လှုံ့ဆော်မှုရလဒ် ပြည်တွင်းစစ်ပွဲ” ဘယ်တော့မှ ပြီးနိုင်မလဲ။ Generation Z ဆိုတာတွေ ကိုယ့်ယဉ်ကျေးမှု၊ အမျိုးဘာသာ သာသနာကို မထီမဲ့မြင်ပြုစော်ကားနေကြပြီ။
စစ်သားကင်းမဲ့သွားရင်၊ တပ်မတော်မရှိတော့ရင်၊ ရတနာသုံးပါး၊ စေတီပုထိုး၊ ဗုဒ္ဓဓာတ်တော်၊ မွေတော်၊ ဆံတော်တွေ ဌာပနာထားတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်သူကာကွယ်မှာလဲ။ တပ်မတော် မရှိတဲ့နေ့ ဒါတွေအားလုံး ဆိတ်သုဉ်းမယ့်နေ့၊ တိုင်းရင်းသားမျိုးစု ၁၃၅ ခုနဲ့ စုဖွဲ့တည်နေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ ဆိုဗီယက်ယူနီယံကနေ ယူဂိုဆလားဗီးယားနိုင်ငံတို့လို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမယ့်နေ့။
ကျဆုံးသွားခဲ့သော စစ်သည်များ၊ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့သော စစ်သည်များ၊ လက်ရှိ ရှေ့တန်း၊ နောက်တန်းစွမ်းစွမ်းတမံဆောင်ရွက်နေကြသော စစ်သည်တော်များအားလုံးကို နှလုံးသားအတွင်းကြေ ဒဏ်ရာများနဲ့ ဦးညွှတ်အလေးပြုလိုက်ပါတယ်။
စစ်သည်များအားလုံးကို “ခက်ခဲ၊ ကြမ်းတမ်းတဲ့ လောကဓံမြေပြင်ဟာ စိတ်ကောင်းနှလုံးကောင်းရှိသူများအတွက် ပါရမီဖြည့်ရာ နယ်မြေပါ” ဆိုတဲ့ အောက်စ်ဖို့ဒ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို မမေ့ကြ၊ နှလုံးသွင်းကြရင်ဖြင့် ဗုဒ္ဓရဲ့ စစ်သည်များအားလုံးအတွက် “ရဲသော်မသေ၊ သေသော်ငရဲမလား” ပဲ။ ဒါနဥပပါရမီရှင်များ ဖြစ်နိုင်ကြစေဖို့ စိတ်ညွတ်၊ အလေးပြုဆုတောင်းပေးလိုက်ပါ တယ်။ ။

No comments:
Post a Comment