Thursday, February 19, 2026

ဆရာရယ် တပည့်ရယ် AI (ဉာဏ်ရည်တု) ရယ် သုံးပွင့်ဆိုင်ပေါင်းစည်းထားတဲ့ ပညာရေးနယ်ပယ်သစ်ဆီသို့. . .


မောင်မောင်လင်း

ပညာရေးဟာ အတိတ်ကာလတွေမှာ ဆရာဦးဆောင်တဲ့ပုံစံကို အဓိကထားခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ AI (Artificial Intelligence) ဉာဏ်ရည်တုဆိုတဲ့ နည်းပညာအသစ်ရဲ့ ပါဝင်လာမှုကြောင့် ဆရာနဲ့ ကျောင်းသားတို့ရဲ့ သင်ကြားရေးလုပ်ငန်းစဉ်မှာ ရှည်လျားစွာတည်ရှိခဲ့တဲ့ ပုံသေစံနှုန်းတွေ လှုပ်ရှားသွားပြီး ပြောင်းလဲမှုအသစ်တွေကို ဖန်တီးပေးနေပါတယ်။ ဒီခေတ်ဆရာတွေအတွက် အဓိကမေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ AI နည်းပညာက ပညာရေးဝန်ကို မည်သို့ပေါ့ပါးစေနိုင်မလဲ၊ တတ်သိနားလည်မှုကို မည်မျှအထိ မြှင့်တင်ပေးနိုင်မလဲ၊ ဒါ့အပြင် ပညာရေးတန်းတူညီမျှမှုကို မည်သို့ဖော်ဆောင်ပေးနိုင်မလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲဒီကနေ ဆရာ - ကျောင်းသား- AI သုံးပွင့်ဆိုင် ပညာရေးနယ်ပယ်အသစ်တစ်ခု ပေါ်ထွန်းလာခဲ့ပါတယ်။

ပညာရေးရှုခင်းအသစ်

AI နည်းပညာပေါ်ထွက်လာပြီးနောက် ဆရာတွေအတွက် အရေးကြီးတဲ့ နောက်ထပ်မေးခွန်း တစ်ခုကတော့ “AI က မေးခွန်းတိုင်းကို ဖြေပေးနိုင်ရင် ဆရာဆိုတာ လိုအပ်ပါဦးမလား” ဆိုတာဖြစ်ပါတယ်။ ပညာရေးသုတေသီတွေနဲ့ UNESCO ရဲ့ အစီရင် ခံစာတွေကတော့ “AI က အကြောင်းအရာပိုင်းမှာ ထက်မြက်ပေမယ့် လူသားရဲ့စာနာမှု၊ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ရှုပ်ထွေးတဲ့ လူမှုရေးအခြေအနေတွေကို ကိုင်တွယ်နိုင်မှုမှာ အကန့်အသတ်ရှိတယ်”လို့ ထောက်ပြကြပါတယ်။ ဒါကတော့ AI ဟာ ဆရာရဲ့ ပြိုင်ဘက်မဟုတ်၊ ဆရာ့လုပ်ငန်းတာဝန်တွေကို ပေါ့ပါးစေမယ့် လက်ထောက်သာဖြစ်တယ်လို့ ဆိုလိုတာပါ။ ခေတ်သစ်နည်းပညာက ဆရာရဲ့ အခန်းကဏ္ဍအပေါ် အခုလိုသက်ရောက်လာပါတယ် -

(က) သုတအသိနဲ့ အမှားအမှန်ကို ဆင်ခြင်ခွဲခြားနိုင်တဲ့ပညာ။ ဆရာဟာ သတင်းအချက်အလက်ပံ့ပိုးသူအဆင့်မှ လမ်းပြသူ မီးအိမ်ရှင်အဆင့်သို့ ကူးပြောင်းရပါမယ်။ AI က ဒေတာအချက်အလက်ကို တိကျစွာပေးနိုင်ပေမယ့် အဲဒီဒေတာကို လူတွေအပေါ် အကျိုးပြုစေမယ့် အမှားအမှန်ခွဲခြားနိုင်တဲ့ ပညာအဖြစ် ပြောင်းလဲသွားအောင်ကတော့ ဆရာကသာ လုပ်ဆောင်ပေးနိုင်လို့ပါ။

(ခ) တတိယအင်အားစု။ ဆရာနဲ့ တပည့်အကြားမှာ AI က ကြားခံနယ်မြေတစ်ခုအဖြစ် ရောက်ရှိလာပါတယ်။ AI ဟာ အတန်းထဲမှာ မမောနိုင်မပန်းနိုင် ဖြေကြားပေးနိုင်တဲ့ လက်ထောက်တစ်ဦးဖြစ်လာသလို ဆရာ့အတွက်လည်း သင်ခန်းစာ စီမံတာ၊ စာမေးပွဲမေးခွန်းလွှာပြုစုတာ၊ အမေးအဖြေကဏ္ဍအတွက် အကူအညီပေးတာမျိုးတွေမှာ မူကြမ်းအဆင့်မှာ အကူအညီပေးနိုင်ပါတယ်။

အဲဒါကြောင့် ဆရာရဲ့ အခန်းကဏ္ဍဟာအတန်းထဲက အာဏာပိုင်ဆရာအဖြစ်မှ လမ်းပြကြယ်အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် AI မပြည့်စုံနိုင်တဲ့အချက်ကတော့ ကျောင်းသားတစ်ဦး ချင်းစီရဲ့ စိတ်အခံ၊ ခံစားချက်နဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကို စိတ်နှလုံးဖြင့် ထွေးပွေ့နားလည်ပေးနိုင်စွမ်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာဟာ သင်ကြားပေးခြင်းထက် ပြုစုပျိုးထောင်ပေးခြင်းအပေါ် ပိုမိုအာရုံစိုက်နိုင်လာမှာ ဖြစ်ပါတယ်။

နည်းပညာအသစ်ကြောင့် ယနေ့ခေတ် ကျောင်းသားတွေဟာ AI ကို အသုံးပြုပြီး အဖြေရှာတာမျိုးလောက်သာမက သင်ယူမှုကို အရှိန်မြှင့်တာမျိုးကိုပါ ပြုလုပ်လာနိုင်ပါတယ်။ ကျောင်းသားတွေဟာ သင်ယူပုံအသစ်တွေဖြစ်တဲ့ လက်တွေ့အသုံးချမှုမျိုးတွေအဖြစ် ဘာသာစကားလေ့လာသူက Speaking Partner နေရာထားတာမျိုးနဲ့ အကျဉ်းချုပ်ပြုစုခိုင်းတာမျိုး AI ကို ကောင်းကောင်းအသုံးချလာကြပါတယ်။ ယခင်က ပရိုဂရမ်ရေးတာအတွက် သင်ယူဖို့ခက်ခဲတဲ့ ကုတ်ရေးနည်းကို ကျွမ်းကျင်ရမှာဖြစ်ပေမယ့် AI ပေါ်လာပြီးနောက်ပိုင်း သာမန်စကားပြောပုံစံမျိုးနဲ့ကို လိုရင်းတိုရှင်း၊ ထိထိရောက်ရောက် ရှာဖွေသင်ယူနိုင်လာပါတယ်။ ဒီအပြင် သင်ယူပုံနည်းလမ်းတွေကလည်း အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။

ကျောင်းသားတွေက AI ကို သီအိုရီသဘော တရား၊ နမူနာဥပမာ၊ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို ချက်ချင်းရှာဖွေဖို့ အကူအညီပေးနိုင်တဲ့ Assistant အဖြစ်၊ မနက်ည မနားတမ်းသင်ကြားပေးနိုင်တဲ့ ကိုယ်ပိုင် Tutor အဖြစ်၊ ဒီအပြင် မိမိရဲ့ တွေးခေါ်နိုင်စွမ်းကို တစ်ဆင့်မြှင့်တင်ဖို့ ဆွေးနွေးတိုင်ပင်ဖော်အဖြစ် သုံးဆွဲတတ်ကြပါတယ်။ ဒီအချက်တွေကြောင့် AI ဟာ ကိရိယာသက်သက်မဟုတ်တော့ဘဲ ပညာရေး စနစ်တစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းပေးနိုင်လောက် တဲ့ ဂေဟစနစ်အပြောင်းအရွေ့တစ်ခုအဖြစ် ပေါ်ထွန်းလာပါတယ်။ AI အကျိုးပြုပေးနိုင်တာတွေကတော့-

(က)     တန်းတူညီမျှမှု ။ အရည်အချင်းပြည့်ဝတဲ့ ဆရာရှားပါးတဲ့ ဒေသတွေနဲ့ အရင်းအမြစ်နည်းပါးတဲ့ ကျောင်းတွေမှာ AI က အကောင်းဆုံးနည်းပြအစားခန့် (Personal Tutor) အဖြစ် ကွက်လပ်ဖြည့်ပေးနိုင်ပါတယ်။

(ခ)       ကိုက်ညှိသင်ယူမှု။ ပုံသေသင်ရိုးတွေအစား ကျောင်းသားတစ်ဦးချင်းစီရဲ့ စွမ်းရည်နဲ့ ကိုက်ညီတဲ့သင်ကြားမှုပုံစံအနေနဲ့ Khan Academy လို ပလက် ဖောင်းတွေမှာ AI က ကျောင်းသားရဲ့ ဖြေဆိုမှုတွေကို ချက်ချင်းခွဲခြမ်းစိတ်ဖြာ ပြီး အားနည်းချက်ရှိတဲ့ အကြောင်းအရာကို ထပ်ခါထပ်ခါ လေ့ကျင့်ခိုင်းတာ သို့မဟုတ် နောက်အဆင့် စိန်ခေါ်မှုတွေ ကို တင်ပြပေးတာမျိုးတွေ ပြုလုပ်ပေးပါတယ်။

AI ခေတ်ပဋိပက္ခနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုဆိုရာဝယ် တစ်ချိန်တည်းမှာပဲ AI ကြောင့် ဆရာနဲ့ ကျောင်းသားအကြား အမြင်ကွဲပြားခြားနားမှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်-

(က) အမြင်ကွဲပြားခြားနားမှု (Divergent Perspectives)

အကြောင်းအရာ ဆရာရဲ့အမြင် (Traditional)   ကျောင်းသားရဲ့ အမြင် (AI Integrated) အသိပညာအရင်းအမြစ် ဆရာဟာ ဗဟိုချက်၊ အသိပညာကို စနစ်တကျ လက်ဆင့်ကမ်းသူ           AI က အဓိကအရင်းအမြစ်၊

ဆရာက လမ်းညွှန်သူ(Facilitator)

အချိန်နဲ့ထိရောက်မှု       ကိုယ်တိုင် အချိန်ပေးလုပ်ဆောင်တာက သင်ယူမှုရဲ့အနှစ်သာရ  AI နဲ့ မြန်မြန်ပြီးအောင်လုပ်တာက  ထိရောက်မှု (Efficiency) အရည်အချင်းအကဲဖြတ်မှု စာမေးပွဲနဲ့ အိမ်စာက စွမ်းဆောင်ရည်ရဲ့ သက်သေ AI သုံးပြီးဖြေတာကို ပိတ်ပင်တာက ခေတ်နောက်ကျတယ်လို့ ယူဆတီထွင်ဖန်တီးမှု            ကိုယ်တိုင်စာစီကုံးရေးသားတာကသာ တန်ဖိုးအစစ်အမှန်           AI ကို မူကြမ်းရေးခိုင်းပြီးမှ ပြင်ဆင်တာက ပိုမြန်ဆန်တဲ့ ဖန်တီးမှုလို့ ယူဆ

(ခ) ကျင့်ဝတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုနဲ့ ကုစားမှု

(၁) ကျောင်းသားတွေအတွက် ပညာရေးဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ AI ကို အသုံးပြုပြီး စာခိုးချတာမျိုးနဲ့ ဝေဖန်ပိုင်းခြား နိုင်စွမ်းပျောက်ဆုံးတာမျိုးအတွက် AI ကို ‘အဖြေထုတ်စက်’အဖြစ် မသုံးဘဲ ‘စဉ်းစားဖော်’အဖြစ်သုံးတတ်အောင် လေ့ကျင့်ပေးရပါမယ်။

(၂) ဆရာတွေအတွက် ပညာရှင်ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ AI ဖော်ထုတ်ရေး ကိရိယာတွေကို အလွန်အကျွံအားကိုးပြီး ကျောင်းသားကို မှားယွင်းစွပ်စွဲမိတာမျိုး၊ AI ရဲ့ ဘက်လိုက်မှုတွေကို မစိစစ်ဘဲသင်ကြားမိတာမျိုးတွေ မဖြစ်စေဖို့နဲ့ နည်းပညာကို မျက်စိမှိတ်ယုံကြည် မိတာမျိုးမဖြစ်စေဖို့အတွက် ဆရာရဲ့ ဆန်းစစ်သုံးသပ်မှုကို အမြဲတမ်းထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။

AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဆရာ့ဝတ်နဲ့ တပည့်ဝတ်ဆိုရာဝယ် မြန်မာ့ထုံးတမ်းစဉ်လာ ဆရာ့ဝတ်နဲ့ တပည့်ဝတ်တွေဟာ AI ခေတ်မှာ လူသားဓလေ့အခြေခံပညာရေးတန်ဖိုးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အဓိက သော့ချက်ဖြစ်လာပါတယ်-

(က) AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဆရာ့ကျင့်ဝတ်ငါးဖြာ။ AI ဟာ ဆရာကို အချိန်ကုန်သက်သာစေတဲ့ ကိရိယာအဖြစ် အကူအညီပေးနိုင်ပေမယ့် ဆရာရဲ့ လူသားဓလေ့ဆန်မှုက ပိုမိုအရေးကြီး လာပါတယ်။ ကျင့်ဝတ်တစ်ခုချင်း အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်-

(၁) အတတ်လည်းသင်။ AI ကပေးတဲ့ အချက်အလက်တွေရဲ့ အနှစ်သာရ ကို လူ့ဘဝ၊ ယဉ်ကျေးမှုနဲ့ ဆက်စပ် အဓိပ္ပာယ် ဖွင့်ဆိုပေးသူ ဖြစ်ရပါ မယ်။

(၂) ပဲ့ပြင်ဆုံးမ။ ဆရာက ကျောင်းသားရဲ့ ကိုယ်ကျင့်တရား၊ စိတ်ခံစားချက်နဲ့ လူမှုစွမ်းရည်ကို ပြုစုပျိုးထောင်ပေးတာမျိုးနဲ့ AI ကိုယ်ကျင့်တရားလုံခြုံမှု အကာအကွယ်ရှိစေဖို့အတွက် ဖန်တီးပေးရပါမယ်။

(၃) သိပ္ပမချန်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ AI ကို ထိထိရောက်ရောက် အသုံးချနည်း Prompt Engineering လို ၂၁ ရာစု ကျွမ်းကျင်မှုတွေကို သင်ကြားပေးရပါမယ်။

(၄) ဘေးရန်ဆီးကာ။ ကျောင်းသားတွေကို ဉာဏ်ရည်တုစာတတ်မြောက်မှု (AI Literacy) နဲ့ ဒစ်ဂျစ်တယ်နိုင်ငံ သားကျင့်ဝတ် (Digital Citizen-ship)တွေကို သိရှိလိုက်နာစေတာ မျိုးနဲ့ သတင်းမှား၊ နည်းပညာသုံး ရုပ်သံတုနဲ့ ဘက်လိုက်မှု၊ စာခိုးချမှုနဲ့ နည်းပညာမှီခိုမှုဆိုတဲ့ နည်းပညာရဲ့ အန္တရာယ်လေးမျိုးမှ ကာကွယ်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ဘေးအန္တရာယ်ကာကွယ်သူဖြစ်ရပါမယ်။

(၅)       သင့်ရာအပ်ပို့။ AI မှ ရရှိတဲ့ အချက် အလက်တွေကို အခြေခံပြီး ကျောင်း သားရဲ့ ဝါသနာ၊ စွမ်းရည်နဲ့ အနာဂတ် လမ်းကြောင်းအတွက် စိတ်နှလုံးနဲ့ ထွေးပွေ့ပြီး လမ်းညွှန်မှုပေးရပါမယ်။

(ခ) AI ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ တပည့်ကျင့်ဝတ်ငါးဖြာ။ မြန်မာ့ထုံးတမ်းစဉ်လာ တပည့်ဝတ်ငါးဖြာနဲ့အညီ ကျောင်းသားတွေအနေနဲ့ AI ကို ကျင့်ဝတ်သိက္ခာ ရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အတွက်ကတော့-

(၁) ညီညာထကြွ။ AI ကို တစ်ဦးတည်းသင်ယူတဲ့ ကိရိယာအနေမျိုးသာမက အဖွဲ့လိုက် လုပ်ဆောင်မှုအတွက်ကိုပါ အသုံးချပြီး လူသားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတန်ဖိုးကို ထိန်းသိမ်းဖို့၊ AI ထံမှ အဖြေရယူတာထက် မေးခွန်းထုတ်စွမ်းရည်နဲ့ မိမိရဲ့ တွေးခေါ်မှုစွမ်းရည်ကို တက်ကြွစွာ မြှင့်တင်တာမျိုးနဲ့ ဉာဏ်ပညာဖြင့်ကြိုးစားမှု ပုံစံသစ်သို့ ပြောင်းလဲရပါမယ်။

(၂) ဆုံးမနာယူ။ AI ရဲ့အဖြေတွေကို လုံးဝဥဿုံအမှန်လို့ မမှတ်ယူလိုက် ဘဲ ဆရာရဲ့ လမ်းညွှန်မှုကို ခံယူပြီး ဝေဖန်ပိုင်းခြားစစ်ဆေးတဲ့ လေ့ကျင့်မှုနဲ့ AI နဲ့ ဆရာရဲ့ အခန်းကဏ္ဍနှစ်ရပ်ကို ပေါင်းစပ်လက်ခံပြီး မိမိရဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို တည်ဆောက်ရပါမယ်။

(၃) လာမူကြိုဆီး။ ဒစ်ဂျစ်တယ်လောကဝတ်ဖြင့် ဆရာကို လေးစားမှုပြရပါမယ်။ (ဥပမာ- AI အသုံးပြုမှုကို ပွင့်လင်းမြင်သာစွာ တင်ပြဖို့)

(၄) ထံနီးလုပ်ကျွေး။ မိမိသိရှိထားတဲ့ နည်းပညာအသစ်တွေနဲ့ AI Tool တွေကို ဆရာနဲ့ အတန်းဖော်တွေထံ မျှဝေကူညီတာနဲ့ AI ရဲ့ အဖြေတွေကို ကိုယ်တိုင်နားလည်စစ်ဆေးပြီး သင်ယူမှုဝန်းကျင်အတွင်း ရှင်းပြအကူအညီပေးတာမျိုး အစရှိတဲ့ AI ကို ကိုယ်ပိုင်အကျိုးအတွက်သာမက အသိပညာမျှဝေ၊ ပူးပေါင်းလေ့လာမှုကို အားပေးတဲ့ လူမှုတာဝန်ယူစိတ်နဲ့ သုံးစွဲရပါမယ်။

(၅) သင်တွေးအံရွတ်။ AI ရဲ့ အကူအညီနဲ့ အချက်အလက်တွေကို အာဂုံဆောင်ဖို့ လိုအပ်ချက်လျော့ကျသွားတာနဲ့အမျှ ပိုရလာတဲ့အချိန်ကို ပေါင်းစပ်ဖန်တီးတာမျိုးနဲ့ အကဲဖြတ်တာမျိုး စတဲ့အဆင့်မြင့်တွေးခေါ်မှုစွမ်းရည် ဖွံ့ဖြိုးစေဖို့အတွက် အသုံးချရပါမယ်။

ထည့်သွင်းစဉ်းစားရမယ့်အချက်များ

AI ဟာ ပညာရေးအတွက် အံ့သြဖွယ်ကိရိယာ တစ်ခုဖြစ်ပြီး သင်ယူမှုကို အဆင်ပြေစေတဲ့ အကျိုးကျေးဇူးများစွာ ပေးနိုင်ပါတယ်။ ဒါပေမယ့် AI ကို အသုံးပြုတဲ့အခါ အမှားအယွင်းတွေနဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေ ထွက်ပေါ်နိုင်တာမျိုးနဲ့ ဒေတာအရင်းအမြစ်တွေကနေ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ ဘက်လိုက်မှုတွေ ပါဝင်နိုင်တာကိုတော့ သတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် AI ကို တိကျမှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် ဆရာရဲ့ လမ်းညွှန်မှုနဲ့ ကိုယ်ပိုင်ဝေဖန်ပိုင်းခြားတတ်မှုစွမ်းရည်ကို ပေါင်းစပ်အသုံးချမှသာ ပညာရေးအတွက် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။

အနာဂတ်ပညာရေးမှာ မိဘရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာမှာဖြစ်ပါတယ်။ မိဘတွေဟာ ကလေးတွေကို ကျင့်ဝတ်နဲ့ကိုက်ညီတဲ့ AI ကို ဘေးကင်းစွာ အသုံးပြုနည်း၊ အင်တာနက်ပေါ်က သတင်းမှားတွေကို စိစစ်နိုင်တဲ့ နည်းလမ်းတွေကို အိမ်မှာပဲ စောစီးစွာ လမ်းညွှန်ပေးနိုင်တဲ့ ပထမဆုံးလမ်းပြသူအဖြစ် ရပ်တည်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI နဲ့ Screen Time များလာတာကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့၊ ကလေးတွေ လူမှုရေး၊ စိတ်ခံစားချက်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အိမ်ဝန်းကျင်မှာ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ AI ခေတ်မှာ မိဘတွေဟာ နည်းပညာကို အတူတကွသင်ယူပြီး ကလေးတွေရဲ့ ပညာရေးခရီးမှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းသင်ဖော်အဖြစ် ပါဝင်နိုင်ဖို့လည်း အရေးကြီးပါတယ်။

AI ရဲ့ အကျိုးကျေးဇူးတွေကို အင်တာနက်နဲ့ နည်းပညာအခက်အခဲရှိတဲ့ ကျေးလက်ဒေသတွေမှာလည်း ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Khan Academy LiteGoogle Go စတဲ့ Offline/ Low-Tech ကိရိယာတွေ အသုံးချတာ၊ အသိုက်အဝန်းဗဟိုပြုသင်ယူမှုစင်တာတွေ တည်ဆောက်တာ၊ SMS သို့မဟုတ် အသံဖိုင်တိုတွေနဲ့ သင်ခန်းစာတွေ ဖြန့်ဝေတာနဲ့ ဆရာတွေကို မိုဘိုင်းဦးစားပေး နည်းလမ်းနဲ့ လေ့ကျင့်ပေးတာစတဲ့ ဗျူဟာတွေကို အကောင်အထည်ဖော်နိုင်ရင် ကျေးလက်ဒေသတွေမှာလည်း AI ကို ထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အနာဂတ်ပေါင်းစပ်မှုနဲ့ ကုစားနည်း

AI ခေတ်ပညာရေးရဲ့ အဓိကသော့ချက်က လူသားနဲ့ AI ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ လူသားရဲ့ စာနာစိတ်နဲ့ AI ရဲ့ စွမ်းရည်ကို ပေါင်းစပ်ဖို့အတွက် ‘AI သုံးခြင်း = စာခိုးချခြင်း’ နဲ့ ‘AI မသုံးခြင်း= ခေတ်နောက်ကျခြင်း’ဆိုတဲ့ အမြင်မှားနေမှုကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒီအတွက် ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ Ethical AI Usage ကို အလယ်လမ်းအဖြစ် ရွေးချယ်သုံးစွဲရပါမယ်။ AI ကို ပိတ်ပင်ခြင်းဟာ ၂၁ ရာစုကျွမ်းကျင်မှုတွေကို ပိတ်ဆို့ထားသလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ပညာရေးမှာ ဆရာ၊ ကျောင်းသားနဲ့ AI တို့ရဲ့ သုံးပွင့်ဆိုင် ပေါင်းစည်းဆောင်ရွက်မှုမော်ဒယ်ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီမော်ဒယ်မှာ AI က အချက်အလက်ထုတ်ပေးသူ၊ ကျောင်းသားက ဝေဖန်ပိုင်းခြားသူ၊ ဆရာက တန်ဖိုးဖြတ်သူနဲ့ နည်းပြပေးသူအဖြစ် အခန်းကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် AIကြောင့် ဖြစ်ပေါ်နိုင်တဲ့ အခြေခံပြဿနာတွေကို အောက်ပါကုစားနည်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်ပါတယ်-

(က) ဆရာနဲ့ AI ရဲ့ အချက်အလက်ဘယ်ဟာ အမှန်ဖြစ်တယ်ဆိုတာ ရှုပ်ထွေးမှု။ ဆရာ ကို အလုံးစုံသိသူအဖြစ် မဟုတ်ဘဲ အတူတကွလေ့လာသူအဖြစ် ခံယူပြီး ဆရာ-တပည့်-AI သုံးပွင့်ဆိုင် ဆွေးနွေး ပွဲတွေ ဖန်တီးပါ။

(ခ) အနှစ်သာရပျောက်ဆုံးမှု။ ဆရာကို Content Provider အဖြစ် မဟုတ်ဘဲ အဓိပ္ပာယ်ဖွင့်ဆိုသူ၊ လမ်းပြသူအဖြစ် ပြောင်းလဲကာ လူသားဓလေ့တန်ဖိုးတွေ ကို ဖြည့်ဆည်းစေပါ။

(ဂ)       အခြေခံတွက်ချက်မှုနဲ့ ရေးသားမှုစွမ်းရည်ပျောက်ဆုံးမှု။ စာမေးပွဲတွေကို သုံးသပ်ချက်အက်ဆေး၊ နှုတ်ဖြေနဲ့ အဖွဲ့လိုက် ပရောဂျက်တင်ပြမှု စတာမျိုး လူကိုယ်တိုင်ပါဝင်မှုကို ဦးစားပေးအကဲဖြတ်စစ်ဆေးမှုပုံစံသို့ ပြောင်းလဲပါ။

(ဃ) နည်းပညာမရှိရင် မလုပ်တတ်မှု။ ရလဒ်ကိုသာမက လုပ်ငန်းစဉ်ကိုပါ အမှတ်ပေးပါ။ AI မပါဘဲ စဉ်းစားရတဲ့ သင်ကြားမှုတွေ ထည့်သွင်းပါ။

(င)  စာခိုးချတာကို သာမန်ကိစ္စလို့ ထင်မြင်လာမှု။ AI အသုံးပြုမှုမူဝါဒကို တိတိကျကျချမှတ်ပြီး စာခိုးချမှု၊ ဘက်လိုက်မှု၊ သတင်းမှား စတဲ့အကြောင်းအရာတွေကို သီးခြားသင်ရိုးအဖြစ် သင်ကြားပေးပါ။

အနာဂတ်ပညာရေးရဲ့ အောင်မြင်မှုက AI ရဲ့ ဒေတာတိကျမှု၊ ဆရာရဲ့ ဉာဏ်ပညာနဲ့ လမ်းညွှန်မှု၊ ကျောင်းသားရဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်စွမ်းဆိုတဲ့ ကဏ္ဍသုံးရပ်ညီညွတ်မျှတ ပေါင်းစပ်နိုင်မှုအပေါ် မူတည်ပါတယ်။ ဒါကြောင့် AI ခေတ်ပညာရေးဆိုတာ ကောက်ရိုးပုံထဲကအပ်ကို ရှာတာမျိုး မဟုတ်တော့ပါဘူး။ သတင်းအချက်အလက်ဆိုတဲ့ ကောက်ရိုးပုံကြီးထဲမှာ အပ်နဲ့တူတဲ့ အဖြေမှန်ကို ရှာတာထက် ကောက်ရိုး (Data) ကို မီးမရှို့မိလိုက်ဘဲ ရွှေ(Wisdom) ဖြစ်အောင် ဖန်တီးနိုင်ဖို့က ပိုပြီးလိုအပ်ပါတယ်။

အချုပ်အားဖြင့် AI က ဆရာကို အစားထိုးဖို့ မဟုတ်သလို ကျောင်းသားတွေရဲ့ မေးခွန်းတိုင်းကို ပြည့်စုံစွာ ဖြေရှင်းပေးနိုင်သူလည်း မဟုတ်ပါ။ ဒါပေမယ့် သူကမညည်းမညူ အတူရှိနိုင်တဲ့ ပညာရေးအဖော်မွန်အဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ အရေးကြီးတာက AI ကို နောက်ခံကူညီကိရိယာအဖြစ်သာထားပြီး အဓိကအဖြေရှာသူနဲ့ ဆုံးဖြတ်ချက်ချသူအဖြစ် ဆရာနဲ့ ကျောင်းသားတို့က ဆက်လက်ရပ်တည်ဖို့ ဖြစ်ပါတယ်။

နည်းပညာကို ကြောက်ရွံ့မနေဘဲ ဆရာရဲ့ ရင့်ကျက်မှု၊ ကျောင်းသားရဲ့ စူးစမ်းလိုစိတ်နဲ့ AI ရဲ့ စွမ်းရည်တို့ကို ပေါင်းစပ်သုံးစွဲနိုင်ရင် ပညာရေးကဏ္ဍပိုမိုတိုးတက်လာမှာ မလွဲဧကန်ဖြစ်တာကြောင့် AI ကို ဗီလိန်မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် နားလည်လက်ခံသင့်ပါတယ်။ ဒီသုံးပွင့်ဆိုင်ပေါင်းစပ်မှုကို မြန်မာ့အစဉ်အလာ ဆရာ-တပည့် ကျင့်ဝတ်က ဟန်ချက်ညှိပေးထားမှာလည်းဖြစ်လို့ လူသားဓလေ့တန်ဖိုးတွေကို ထိန်းသိမ်းထားတဲ့ ပညာရေးခေတ်သစ်တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။

No comments:

Post a Comment