Thursday, February 19, 2026

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး


ရန်ကုန် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးခရိုင်၊ တိုက်ကြီမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်ဝင်းအောင်၏ လယ်မြေတွင်စိုက်ပျိုး ထားရှိသော ဆီထွက်သီးနှံ နေကြာစိုက်ခင်းနှင့် Drum Seeder ဖြင့်စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းတို့အားလည်းကောင်း၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ တောင်သူ ဦးတင်အောင်ကျော်၏ လယ်မြေတွင် Drum Seeder ဖြင့်စိုက်ပျိုးသည့်နွေစပါးစိုက်ခင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ အဖျောက်မြို့၊ အမှတ် (၁) ရပ်ကွက်အနီး ရေကြီးရေလျှံမှုကာကွယ်ရေးတာနှင့် အဖျောက်မြို့၊ မြစ်ကမ်းပါးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အဖျောက်မြို့ ရေကြီးရေလျှံမှုကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအပေါ် စဥ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပန်းတုန်းပိတ်ကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပန်းတုန်းပိတ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးဖြစ်သည့် Bored Pile အခြေပြုကျောက်စီနံရံအလျား (၂၀၀) ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကြွေပန်းကန်ချောင်း ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဖြစ်သည့် Geobag အခြေပြု Geotextile ကပ်ကမ်းထိန်းတမံ အလျား (၅၀၀) ပေဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရေကာဟောင်းများ ပြုပြင်ထိန်းသိမ်းပြီးစီးမှုအခြေအနေများ၊ အဖျောက်မြို့ ရေလမ်းတည်ငြိမ်ကောင်းမွန်ပြီး ကမ်းပြိုမှုမှကင်းဝေးစေရေးအတွက် ရေလမ်းပြုပြင်ထိန်းသိမ်းရေးအစီအမံ Master Plan တို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများစံချိန်စံညွှန်းပြည့်မီရေး၊ ရေရှည်တည်တံ့ရေးနှင့်အချိန်မီပြီးစီးရေးစသည်တို့ကို လိုအပ်သည်များကို မှာကြားပြီး ပန်းတုန်းပိတ်ကျေးရွာထိပ်အနီး ကမ်းပြိုမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်စသည်တို့ကို မှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ သပြေတန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် မြစ်ရေပေးဝေနေမှု အခြေအနေများနှင့် Solar များ တပ်ဆင်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရေတွင်းကုန်း- မြို့ချောင်း - တော်လတီ- ရွာသာလမ်း မိုင်တိုင်(၂၁)မိုင် မှ (၂၂)မိုင် အတွင်း (၆) ဖာလုံအား (၁၈) ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments:

Post a Comment