၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို သွေဖည်ပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းမှုများကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ခေတ္တရယူပြီး ချမှတ်ခဲ့သည့် ကတိကဝတ်များနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ပြန်လည်ကျင်းပပေးခဲ့သည်။ တရားမျှတသည့် ရွေးကောက်ပွဲရလဒ်နှင့်အညီ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
ဒီမိုကရေစီစနစ်တွင်
ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏နိုင်ငံသားအခွင့်အရေးဖြစ်သည့်
မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ပေးရမည်ဖြစ်သည်။
သို့ဖြစ်၍ ပြည်သူများ လိုလားတောင့်တသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို
အောင်မြင်စွာ ကျင့်သုံးနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်အစိုးရ၏
ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပပေးခဲ့ရာ
အကြမ်းဖက်အဖျက်သမားများ၏ အဖျက်အမှောင့် အနှောင့်အယှက်များကြားမှ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
ရွေးကောက်ပွဲတွင်
နိုင်ငံတော်အစိုးရနှင့် မဲဆန္ဒရှင်ပြည်သူများက အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် တက်တက်ကြွကြွဆောင်ရွက်ခဲ့မှုများကို
အသိအမှတ် ပြုရမည်ဖြစ်သလို ရွေးကောက်ပွဲပျက်ပြားစေရန်အတွက် အဖျက်အမှောင့် အနှောင့်အယှက်များ
ပြုလုပ်ခဲ့ကြသည့် သောင်းကျန်းသူအကြမ်းဖက်သမားများနှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများအား
ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချကြရမည်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူအုပ်စုများအနေဖြင့်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလမှစ၍ ရွေးကောက်ပွဲအပိုင်း
(၃) နောက်ဆုံးကျင်းပသည့်နေ့အထိ အဖျက်အမှောင့် အနှောင့်အယှက်ဖျက်ဆီးမှုမျိုးစုံတို့ကို
မြို့နယ်ပေါင်း ၄၁ မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။
နိုင်ငံတော်အစိုးရနှင့်
ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့်အချိန်တွင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူအုပ်စုများက
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးရေး၊
အစိုးရနှင့် ပြည်သူတို့၏ လက်တွဲညီစွာ ကြိုးပမ်းဆောင်ရွက်မှုများကို မလိုလားဘဲ ပြည်သူလူထု၏
လူမှုစီးပွားဘဝများ ပျက်စီးစေပြီး ရွေးကောက်ပွဲ အထမမြောက် မအောင်မြင်စေရေး၊ အေးချမ်းစွာ
မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ အထိတ်တလန့်ဖြစ်စေရေး၊ မဲပေးနိုင်ခြင်းမရှိစေရေးစသည့်
ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့် တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သော
အားဖြင့်သော်လည်းကောင်း နှောင့်ယှက်ဖျက်ဆီးခဲ့ကြသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း
(၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ အပိုင်း
(၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌လည်းကောင်း၊ အပိုင်း (၃)
ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ် ၆၁ မြို့နယ်၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ
မဲဆန္ဒရှင်ပြည်သူများက နံနက် ၆ နာရီမှ မဲရုံပိတ်သိမ်းသည်အထိ မည်သည့်ဖိအားတစ်စုံတစ်ရာမျှမပါရှိဘဲ
မိမိတို့၏ လွတ်လပ်သော သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့်
ပါဝင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏တာဝန်ကို ကျေပွန်စွာဖြင့် ဂုဏ်ယူဆောင်ရွက်ခဲ့ကြပြီး
ဆန္ဒမဲပေးခဲ့ကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။

No comments:
Post a Comment