မိမိတို့၏အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ကူးစက်မှုဖြစ်ပေါ်နေသည့် နီပါးရ်ဗိုင်းရပ်စ် (Nipah virus) နှင့်စပ်လျဉ်း၍ ခရီးသွားပြည်သူများ သတိပြုရန်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် အသိပေးချက်ထုတ်ပြန်ထားသည်။ အဆိုပါဗိုင်းရပ်စ်ဝင်ရောက်ကူးစက်မှု မဖြစ်ပွားလာစေရန် ထိုင်းနိုင်ငံက ၎င်း၏ နိုင်ငံတကာလေဆိပ်များတွင် အနောက်ဘင်္ဂလားမှလာသည့် ခရီးသည်များကို စစ်ဆေးမှုများပြုလုပ်နေပြီး နီပေါနိုင်ငံကလည်း ခတ္တမန္ဒူလေဆိပ်နှင့် အိန္ဒိယသို့ ဝင်ထွက်သွားလာ သည့် နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီဖြစ်သည်။
နီပါးရ်ဗိုင်းရပ်စ်၏
မူလဇာစ်မြစ်သည် သစ်သီးစားသည့် လင်းနို့များမှစတင်ပြီး လူနှင့်အခြားတိရစ္ဆာန်များကို
ဖျားနာစေခြင်းဖြစ်သကဲ့သို့ လူတစ်ယောက်မှ တစ်ယောက်စီသို့လည်း ကူးစက်စေနိုင်သည်။ နှစ်စဉ်လိုလိုပင်
နီပါးရ်ကူးစက်မှုသည် အာရှ၏အစိတ်အပိုင်းတချို့တွင် ဖြစ်ပွားလေ့ရှိရာ ဘင်္ဂလားဒေ့ရှ်
နှင့် အိန္ဒိယတို့တွင် မကြာခဏ ကူးစက်ပြန့်ပွားလေ့ရှိသည်။ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင်
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၌ နီပါးရ်ရောဂါဖြစ်ပွားမှုများရှိခဲ့ပြီး ၂၀၁၈
ခုနှစ်က ရောဂါကူးစက်မှု ၁၉ မှုဖြစ်ပွားရာတွင် ၁၇ မှုမှာ သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်
အတည်ပြုလူနာ ၆ ဦး တွေ့ရှိခဲ့သည့်အနက် ၂ ဦး သေဆုံးခဲ့သည်။ လတ်တလောအခြေအနေတွင် အိန္ဒိယနိုင်ငံတောင်ပိုင်း
ကီရာလာပြည်နယ်သည် နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုအများဆုံး (hotspot) နေရာဖြစ်နေသည်။ နီပါးရ်ဗိုင်းရပ်စ်ကူးစက်ခံရသူများ၏
၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးမှုနှုန်း မြင့်မားခြင်းနှင့် လက်ရှိအချိန်ထိ
အတည်ပြုထား သော ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်
မိမိတို့နိုင်ငံအနေဖြင့် ရောဂါကူးစက်မှုအကြောင်း သိရှိနားလည်ထားရန်နှင့် ကြိုတင်ကာကွယ်မှုပြုနိုင်
ရန်လိုအပ်သည်။
နီပါးရ်ဗိုင်းရပ်စ်သည်
သစ်သီးစားလင်းနို့များ၊ ဝက်များစသည့် တိရစ္ဆာန်များမှ လူသားဆီသို့ကူးစက်သည့်
zoonotic ဗိုင်းရပ်စ်မျိုးဖြစ်သည်။ ၎င်းသည် ညစ်ညမ်းသောအစားအစာများနှင့် လူမှ လူသို့လည်း
ကူးစက်နိုင်သည်။ ညစ်ညမ်းသောအစားအစာဟု ဆိုရာ၌ ဗိုင်းရပ်စ်တွယ်ကပ်နေသည့်အခြေအနေတွင် ရှိနေခြင်းကို
ဆိုလိုခြင်းဖြစ်ပြီး အိန္ဒိယတွင်မူ လင်းနို့များထိတွေ့ထားသည့် စွန်ပလွံသီးကို အသီးစိမ်းအတိုင်း
တိုက်ရိုက်စားသုံးခြင်းမျိုးကို ရည်ညွှန်းသည်။ မိမိတို့နိုင်ငံတွင်မူ လင်းနို့များနှင့်ထိတွေ့နိုင်သည့်
ရာသီပေါ်သစ်သီးဝလံများနှင့် ထန်းရည်ချို၊ ထန်းရည်ခါးစသည်တို့ကို လတ်တလောတွင် ရှောင်ကြဉ်ကြရန်
တိုက်တွန်း နှိုးဆော်နေကြသည်ကို တွေ့ရသည်။
ကျွမ်းကျင်သူအများစုက နီပါးရ်ဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်သည်ဟု
မသတ်မှတ်သော်လည်း အနီးကပ်အနေအထားတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက် ကူးစက်နိုင်သည်ဟု
ယူဆထားကြသည်။ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ခံရပါက ၃ ရက်မှ ၁၄ ရက်အတွင်း ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရခက်ခဲခြင်း တို့ကို ခံစားရလေ့ရှိသည်။
နောက်ပိုင်းတွင် လူနာသည် ပိုမိုဖျားနာလာပြီး ဦးနှောက်အမြှေးရောင်ရောဂါကို ခံစားရနိုင်သည့်အပြင်
ပြင်းထန်သည့်အခြေအနေတွင် အသက်ဆုံးရှုံးနိုင်သည်။
သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနက
နှိုးဆော်အသိပေးထားသည်နှင့်အညီ နီပါးရ်ရောဂါဖြစ်ပွားနေသည့်ဒေသများသို့ မသွားရန်၊ ဤဒေသများသို့ရောက်ရှိနေပါကလည်း
ဖျားနာသူများသည့်နေရာများ၊ ဆေးရုံများကိုရှောင်ရှားရန်၊ ယင်းဒေသများမှ မိမိနိုင်ငံသို့
ပြန်လည်ရောက်ရှိလာစဉ် ရောဂါလက္ခဏာများ ခံစားရပါက လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ်များရှိ
ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရန်၊ ရောဂါဖြစ်ပွားရာ ဒေသမှ ပြန်လည်
ရောက်ရှိလာပြီး နှစ်ပတ်အတွင်း သံသယရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့
ဆက်သွယ်ပြီး ခရီးသွားရာဇဝင်ကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများခံယူရန်၊
မိသားစုအတွင်း ရောဂါဖြစ်ပွားရာနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး သံသယဖြစ်ဖွယ်ရောဂါလက္ခဏာဖြစ်ပေါ်နေသူ
တွေ့ရှိခြင်း၊ မိမိပတ်ဝန်းကျင်တွင် ဝက်၊ လင်းနို့စသည့် တိရစ္ဆာန်များ သေဆုံးနေသည်ကိုတွေ့ရှိခြင်း
စသည်တို့တွင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားပေးရန်တို့ကို သတိပြုကာ
လိုက်ပါ ဆောင်ရွက်ကြခြင်းအားဖြင့် နီပါးရ်ဗိုင်းရပ်စ်ကူးစက်မှုမှ ကင်းဝေးကြစေရေး ထပ်ဆင့်နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။
။

No comments:
Post a Comment