ဒေါက်တာသန်းနိုင်စိုး
ရောဂါပိုးစတင်တွေ့ရှိပုံနှင့်
တွေ့ရှိရာဒေသများ
နီပါးရ်ဗိုင်းရပ်စ် (Nipah virus-Niv) ကို ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုး တန်းရှိ နက်ဂရီ ဆင်းဘီလန် (Negeri Sembilan) ပြည်နယ် ပို့ဒစ်ဆင် (Port Dickson) ခရိုင် ဆွန်ဂိုင်း နီပါးရ် (Sungai Nipah) ရွာ၌ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့စဉ်က စတင်တွေ့ရှိခဲ့ပြီး အဆိုပါရွာကို အစွဲပြု၍ “နီပါးရ်ဗိုင်းရပ်စ်” ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။ နီပါးရ်ဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးမဟုတ်ကြောင်း ဦးစွာတင်ပြလိုပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌
ဤရောဂါကို ၂၀၀၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ရာမှ နှစ်စဉ်နီးပါး ရောဂါ ဖြစ်ပွားမှုများရှိခဲ့ပြီး
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများတွင်လည်း ရောဂါဖြစ်ပွားမှုများရှိကြောင်း သိရပါသည်။
သို့ရာတွင် အဆိုပါရောဂါဖြစ်ပွားသည့် နေရာဒေသများမှ အဆိုပါနိုင်ငံများ၏ နိုင်ငံတွင်း
အခြားဒေသများနှင့် နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ ခဲ့ခြင်းမရှိကြောင်း သိရပါသည်။
နီပါးရ်ဗိုင်းရပ်စ်၏
မူလလက်ခံကောင်ဖြစ်သော လင်းနို့မျိုးစိတ် (Pteropus bat species) နှင့် အခြား လင်းနို့မျိုးစိတ်များတွင်
ဗိုင်းရပ်စ်ပိုးရှိကြောင်း အထောက်အထားများကို ဒေသတွင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း တွေ့ရှိထားပါသည်။
မြန်မာနိုင်ငံတွင်
ယနေ့အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများကို တွေ့ရှိရခြင်းမရှိသေးသော် လည်း
မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများစွာ
တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်းနိုင်ငံများနှင့်
နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် နီပါးရ် ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း
များကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါသည်။
ရောဂါကူးစက်ပုံ
နီပါးရ်ဗိုင်းရပ်စ်ပိုးသည်
နီးကပ်စွာနေထိုင်၍ တိုက်ရိုက်ထိတွေ့ခြင်း (Direct Contact) မှ တစ်ဆင့်သာ အဓိကကူးစက်ခြင်းဖြစ်၍
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကဲ့သို့ အလွန်ကူးစက်မြန်ခြင်းမရှိကြောင်း သိရပါသည်။
ရောဂါကူးစက်မှုပုံစံများအနေဖြင့်
-
(က) တိရစ္ဆာန်မှ
လူသို့ကူးစက်ခြင်း။ နီပါးရ်ဗိုင်းရပ်စ်ရောဂါပိုးရှိသော ဝက်များ သို့မဟုတ် လင်းနို့များ၏
ထွက်ရည်များ (တံတွေး၊ ဆီး) နှင့် တိုက်ရိုက်ထိတွေ့ ခြင်း၊
(ခ) အစားအသောက်မှတစ်ဆင့်
ကူးစက်ခြင်း။ လင်းနို့များကိုက်ထားသော သစ်သီးများ၊ လင်းနို့တံတွေး သို့မဟုတ် ဆီးများပေကျံနေသော
သစ်သီးများ/ ထန်းရည်/ ဓနိရည်များကို စားသောက်မိခြင်း၊
(ဂ) လူအချင်းချင်းကူးစက်ခြင်း
- လူနာထံမှ ထွက်သည့်အရည်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ လူနာနှင့်နီးကပ်စွာ ထိတွေ့ရသည့်
လူနာပြုစုသူများနှင့် ကျန်းမာရေးဝန်ထမ်းများကို ကူးစက်စေခြင်းတို့ ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
နီပါးရ်ဗိုင်းရပ်စ်ပိုးသည်
ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီး ပျမ်းမျှရောဂါပျိုးရက် ၄ ရက်မှ ၁၄ ရက် အတွင်း ရောဂါလက္ခဏာ
စတင်ပြတတ်ပြီး အချို့တွင် ရောဂါပျိုးရက်သည် ၄၅ ရက်အထိ ကြာမြင့်နိုင်ပါသည်။ ရောဂါလက္ခဏာများအနေဖြင့်
ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အန်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ကိုခံစားရပြီး
ရောဂါပြင်းထန်ပါက စိတ်ရှုပ်ထွေးခြင်း၊ မှိန်းခြင်း၊ တက်ခြင်းအစရှိသော ဦးနှောက် ရောင်ရမ်းခြင်းလက္ခဏာများ
ခံစားရပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိလစ်မေ့မြောခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ အချို့လူနာများတွင်
ပြင်းထန်သော အဆုတ်ရောင်ရောဂါနှင့် အသက်ရှူရခက်ခဲခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ရောဂါကြောင့်
သေဆုံးမှုနှုန်းမှာ အလွန်မြင့်မားပြီး ကူးစက်သည့် ဗိုင်းရပ်စ်အမျိုးအစားနှင့် စောစီးစွာ
ဆေးကုသမှုရရှိမှု အပေါ်မူတည်၍ သေဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ
ရှိနိုင်ပါသည်။
လက်တလောရောဂါကူးစက်ဖြစ်ပွားမှုဖြစ်စဉ်
၂၀၂၅ ခုနှစ်အတွင်း
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုများရှိခဲ့သော်
လည်း ရောဂါစတင်ဖြစ်ပွားသည့်နေရာဒေသများမှ အဆိုပါနိုင်ငံများ၏ နိုင်ငံတွင်း အခြားဒေသများနှင့်
နိုင်ငံတကာသို့ ရောဂါပျံ့နှံ့ခဲ့ခြင်းမရှိကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင်
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ကာလကတ္တားဒေသ ဘာရာဆတ်မြို့၌ ကူးစက်မှုအသစ်များတွေ့ရှိခဲ့ရာ
ဆရာဝန်များနှင့် သူနာပြုများအပါအဝင် အနည်းဆုံး ငါးဦးခန့်တွင် ရောဂါပိုးကူးစက်ခံရကြောင်း
အတည်ပြုနိုင်ခဲ့ပါသည်။ လက်ရှိအခြေအနေတွင် အနီးကပ်ထိတွေ့ခဲ့သူ လူပေါင်း ၁၀၀ မှ ၁၉၀ ခန့်ကို
သီးသန့်ခွဲခြားစောင့်ကြည့် (Quarantine)ထားရှိကာ ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း
သိရပါသည်။ လက်ရှိဖြစ်ပွားသည့်ဖြစ်စဉ်တွင်လည်း ယနေ့အချိန် အထိ အိန္ဒိယနိုင်ငံ၏ အခြားဒေသများနှင့်
အခြားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိသေးကြောင်း သိရပါသည်။
ရောဂါကာကွယ်ရေးနည်းလမ်းများ
နီပါးရ်ဗိုင်းရပ်စ်ပိုးသည်
တိရစ္ဆာန်မှ လူသို့ ကူးစက်သည့်ရောဂါ (Zoonotic disease) ဖြစ်ပြီး နီးကပ်စွာထိတွေ့ခြင်း
(direct contact) မှတစ်ဆင့်သာ အဓိကကူးစက်ခြင်းဖြစ်သောကြောင့် သတိပြု ဆောင်ရွက်ရမည့်
ရောဂါကာကွယ်ရေးနည်းလမ်းများအနေဖြင့် -
လင်းနို့/လင်းဆွဲများ၊
တောရိုင်းတိရစ္ဆာန်များနှင့် နေမကောင်းဖြစ်နေသောဝက်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို
ရှောင်ကြဉ်ပါ။ မဖြစ်မနေ ကိုင်တွယ်ရပါက လက်အိတ်နှင့် နှာခေါင်းစည်းကို စနစ်တကျဝတ်ဆင်ပါ။
လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျဆေးကြောပါ။
လင်းနို့များ
ကျက်စားရာဂူများ၊ သစ်ပင်များ သို့မဟုတ် လင်းနို့ချေးများရှိနိုင်သောနေရာ များသို့ သွားရောက်ခြင်းကို
ရှောင်ကြဉ်ပါ။
လင်းနို့ကိုက်ထားသော
လက္ခဏာရှိသည့် အသီးများကို လုံးဝမစားပါနှင့်။ အသီး များကို မစားမီ သေချာစွာဆေးကြောပြီး
အခွံနွှာ၍စားပါ။
လင်းနို့တံတွေး
သို့မဟုတ် ဆီးနှင့် ညစ်ညမ်း နိုင်ခြေရှိသော ထန်းရည်၊ ဓနိရည်များကို မသောက်မီ သေချာစွာကျိုချက်ပါ။
ဝက်သားနှင့် အခြားအသားများကို
သေချာ စွာ ကျက်အောင် ချက်ပြုတ်စားသောက်ပါ။
သံသယလူနာနှင့် အနီးကပ်ထိတွေ့ရခြင်း မှရှောင်ကြဉ်ပါ။
လူနာကို မဖြစ်မနေ ပြုစုရပါက လက်အိတ်နှင့် နှာခေါင်းစည်းအပါအဝင် တစ်ကိုယ်ရေအကာအကွယ်သုံးဝတ်စုံ
(PPE) ကို စနစ်တကျဝတ်ဆင်ပါ။ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ စနစ်တကျ ဆေးကြောပါ။
လူနာ၏ အဝတ်အစား၊
ပန်းကန်ခွက် ယောက်များနှင့် အသုံးအဆောင်များကို သီးသန့်ခွဲခြားထားပြီး ပိုးသတ်သန့်စင်ပါ။
အထူးသဖြင့် -
လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါ
ဖြစ်ပွားနေသည့်ဒေသများ (ဥပမာ - ယခု အခါ အနောက်ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲ ခရီးမသွားပါနှင့်။
လတ်တလော ရောဂါဖြစ်ပွားရာဒေသများသို့
ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွား ရာဒေသများရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူများပြားသည့်
နေရာများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမပြုပါနှင့်။
လတ်တလော ရောဂါဖြစ်ပွားရာဒေသများသို့
ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ပြန်လာစဉ် တွင် သံသယရောဂါများဖြစ်သည့် ပြင်းထန်စွာဖျားခြင်းနှင့်
ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ်
အိပ်ငိုက်ခြင်း တို့ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ ထွက်ပေါက်များရှိ
တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရပါမည်။
အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှ
ပြန်လာပြီး ၁၄ ရက်အတွင်း အထက်ဖော်ပြပါ သံသယရောဂါလက္ခဏာများ ခံစားရပါက ချက်ချင်းနီးစပ်ရာ
ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားခဲ့သည့် ရာဇဝင်ရှိကြောင်းကို
ဆရာဝန်အား သေချာစွာပြောပြ၍ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများကို အချိန်မီခံယူရပါမည်။
ရောဂါဖြစ်ပွားရာနိုင်ငံများမှ
ပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာရှိသူများကို တွေ့ရှိပါကလည်းကောင်း၊
နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/ လင်းနို့) တို့ ထူးထူးခြားခြား သေဆုံးနေသည်ကို
တွေ့ရှိပါကလည်းကောင်း နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း အသိပေးအကြောင်းကြားရပါမည်။
ရောဂါကာကွယ်ဆေး/ကုသဆေးရရှိမှုအခြေအနေ
လက်ရှိအချိန်၌
နိုင်ငံတကာတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) အတွက် သီးသန့်အတည်ပြုထား သော ကုသဆေး
သို့မဟုတ် ကာကွယ်ဆေးမရှိသေးပါ။
အချို့သောကာကွယ်ဆေးများသည်
စမ်းသပ်ဆဲအဆင့် (Clinical Trials) တွင်သာ ရှိနေပါသည်။ ဝက်များအတွက် ကာကွယ်ဆေးများ ထုတ်လုပ်ရန်
ကြိုးစားနေကြသော်လည်း လက်တွေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းမရှိသေးပါ။
ကျန်းမာရေးဝန်ကြီးဌာန၏
ဆောင်ရွက်ထားရှိမှု
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် မျောက်ကျောက်ရောဂါ စသည့် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ
ဖြစ်ပွားခဲ့ချိန်များမှ စတင်ဆောင်ရွက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလေဆိပ်များအပါအဝင် နိုင်ငံဖြတ်ကျော်
ဝင်/ထွက်ပေါက်များတွင် အဖျားရောဂါ လက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ရပ်တန့်ခြင်းမရှိခဲ့ပါ။
ယခုအချိန်တွင် အဆိုပါ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့်
လတ်တလောရောဂါ ဖြစ်ပွားရာဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားဒေသ (West
Bengal)မှ ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့် နိုင်ငံတွင်းသို့ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး
ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများအား အထူးအလေးထား၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
လျက်ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများအကြား
အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နှင့်အညီ ကူးစက်ရောဂါဖြစ်ပွားမှုဆိုင်ရာ
သတင်းအချက်အလက်များဖလှယ်ခြင်းလုပ်ငန်းစဉ်အရ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင်
နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် အခြားကူးစက် ရောဂါဖြစ်ပွားမှုအခြေအနေကို မျက်ခြည်မပြတ်
စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင်
နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများကြောင့် ဖြစ်ပွားတတ်သော လတ်တလော ဦးနှောက်ရောင်ရောဂါလက္ခဏာစု
စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို
ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာ ရေးဌာနများတွင် ပုံမှန်အားဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ
နီပါးရ်ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေရှိသည့် လက္ခဏာများဖြင့် ဆေးရုံတက်ရောက်မှုဖြစ်စဉ်များမရှိပါ။
သံသယလူနာများတွင်
နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ/ မရှိကို ဓာတ်ခွဲစစ်ဆေးသိရှိနိုင်ရန် အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီးဖြစ် ပါသည်။ ပြည်သူ့ဆေးရုံများရှိ
ကူးစက်ရောဂါ လူနာဆောင်များတွင် လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်
နီပါးရ်ဗိုင်းရပ်စ်ကိုတိုက်ရိုက်သတ်နိုင်သောဆေး မပေါ်ပေါက်သေး သော်လည်း ဝေဒနာသက်သာစေရန်
(Supportive Care) ရောဂါကုထုံးများဖြင့် ကုသပေးနိုင်ရေး အတွက် လိုအပ်သည့်ဆေးဝါးနှင့်
ဆေးပစ္စည်းကိရိယာများနှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်ပြီးဖြစ်ကြောင်း
သိရသည်။
ထို့ပြင် လူသားများ၏
ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေးတို့ကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်
(One Health Approach) အရ နှီးနွှယ်ဌာနဆိုင်ရာများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊
သစ်တော ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို
ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးအသိ၊
ကျန်းမာရေးသတိရှိစွာဖြင့် ဆောင်ရွက်ရန်လိုအပ်
မိဘပြည်သူများအနေဖြင့်
မိမိတို့နိုင်ငံတွင် ယခင်က ကူးစက်ဖြစ်ပွားခဲ့ဖူးခြင်းမရှိသည့်အပြင် ယခုအချိန်တွင်လည်း
ရောဂါကူးစက်ဖြစ်ပွားသူမရှိသည့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်
အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသော ကောလာဟလများနှင့် သတင်းအမှားများကို ယုံကြည်ခြင်းမပြုကြရန်
လိုအပ်ပါသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ ကျန်းမာရေးဝန်ကြီးဌာန၏
တရားဝင် အသိပေးနှိုးဆော်ချက်များနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည့်
သတင်း ထုတ်ပြန်ချက်များကိုသာ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိစွာဖြင့် လိုက်နာကြပါရန်
တိုက်တွန်းလိုက်ရပါသည်။ ။

No comments:
Post a Comment