Tuesday, January 13, 2026

BBC သတင်းဌာနနှင့် ဂမ်ဘီယာရှေ့နေအဖွဲ့မှ ဦးဆောင်ရှေ့နေ Arsalan Suleman တို့၏ အင်တာဗျူးအား တုံ့ပြန်ချက်



မင်းခန့်

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံကို Genocide Convention ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတာရှိပါတယ်။ ဒီအမှုဟာအခုဆိုရင် အပြီးသတ်ကြားနာပွဲအဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့က BBC သတင်းဌာနဟာ ဂမ်ဘီယာဘက်က ဦးဆောင်ရှေ့နေ Mr. Arsalan Suleman နဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ Mr. Suleman ပြောကြားခဲ့တဲ့ အချက်အလက်တွေကို အသေအချာဆန်းစစ်ကြည့်တဲ့အခါ သူတို့ရဲ့ရည်ရွယ်ချက် အစစ်အမှန်၊ တရားစီရင်ရေးအပေါ် မီဒီယာလွှမ်းမိုးမှု ရယူလိုတာတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် အချို့ကို တွေ့မြင်လာရပါတယ်။

Mr. Arsalan Suleman ရဲ့ အင်တာဗျူးကို နားထောင်ကြည့်မယ်ဆိုရင် အထူးခြားဆုံး သတိပြု မိတဲ့အချက်ကတော့ တရားမျှတမှု (Justice) နှင့် အခွင့်အရေး (Rights) ဆိုတာတွေထက် လျော်ကြေး ငွေ (Compensation) နဲ့ ကုစားမှု (Remedies) ဆိုတဲ့ကိစ္စရပ်တွေကိုပဲ ပိုမိုဦးစားပေးပြောဆိုသွားတာ ဖြစ်ပါတယ်။ Mr. Suleman က ဒီအမှုရဲ့ နောက်ဆုံးအဆင့်မှာ တရားရုံးက မြန်မာနိုင်ငံကို Genocide ကျူးလွန်ကြောင်း ဆုံးဖြတ်မယ်ဆိုရင် နစ်နာသူတွေကို ဘယ်လိုကုစားဆောင်ရွက်ပေးရမယ်၊ လျော်ကြေးငွေဘယ်လောက်ပေးရမယ်ဆိုတဲ့အမိန့်တွေ ချမှတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် သူတို့ဟာ လူ့အခွင့်အရေးနဲ့ Genocide ခေါင်းစဉ်ကို ဗန်းပြနေပေမယ့် လည်း လက်တွေ့မှာတော့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံမှာ အသိအမှတ်ပြုခံရရေးထက် မြန်မာနိုင်ငံထံမှ လျော်ကြေးငွေရယူလိုတဲ့ရည်ရွယ်ချက်က ပိုမိုထင်ရှားနေသယောင် ရှိနေပါတယ်။ ဥပဒေကြောင်း အရ အမှုမနိုင်သေးခင်၊ တရားရုံးက အပြီးသတ်စီရင်ချက်မချရသေးခင် အချိန်ကတည်းက လျော်ကြေး ငွေကိစ္စကို ဇောင်းပေးပြောဆိုနေတာဟာ ဒီအမှုရဲ့နောက်ကွယ်က သူတို့ရဲ့စေတနာမှန်ကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် ဂမ်ဘီယာနိုင်ငံအနေနဲ့ ‘အကျိုးလိုလို့ ညောင်ရေသွန်း’ ဆိုသလို ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာကို မျှော်ကိုးပြီး ဒီအကွက်ကို ဖန်တီး နေတာ ဖြစ်ပါတယ်။

တရားစီရင်ရေးလုပ်ငန်းစဉ်တွေမှာ အမှုသည် နှစ်ဖက်စလုံးဟာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်း တွေကို လေးစားလိုက်နာဖို့ရာ တာဝန်ရှိပါတယ်။ လက်ရှိတရားရင်ဆိုင်မှုဖြစ်စဉ် တစ်လျှောက်လုံး မှာဆိုရင် မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တွေဟာ ဥပဒေဘောင်အတွင်းက တိတိကျကျဖြေရှင်း ဆောင်ရွက်နေပြီး မီဒီယာကိုအသုံးပြုဝါဒဖြန့်ချိတာမျိုး လုံးဝမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ ICJ Statute ကို လေးစားလိုက်နာတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လုပ်ငန်းစဉ်တွေကို တိတ်ဆိတ်စွာ၊ သိက္ခာရှိစွာ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါပေမယ့် ဂမ်ဘီယာနိုင်ငံဘက်မှ ရှေ့နေအဖွဲ့နဲ့ သူတို့ရဲ့နောက်ကွယ်က အထောက်အပံ့ပေးနေသူ တွေဟာ နိုင်ငံတကာမီဒီယာတွေကို အလွန်အကျွံအသုံးချနေတာတွေ့ရပါတယ်။ အမှုကြားနာပွဲ မစတင်မီ ရက်ပိုင်းအလိုမှာ ပြုလုပ်ထားတဲ့ အခု BBC အင်တာဗျူးဟာလည်း တရားရုံးရဲ့ ဆုံးဖြတ် ချက်ကို မီဒီယာကတစ်ဆင့် သွယ်ဝိုက်လွှမ်းမိုးဖို့နဲ့ နိုင်ငံတကာအမြင်ကို ပုံဖော်ဖို့ ကြိုတင်ပြင်ဆင်ထား တဲ့ မီဒီယာလှုပ်ရှားမှုတစ်ခုသာ ဖြစ်ပါတယ်။ သူတို့ဟာ ဥပဒေကြောင်းအရ အားနည်းချက်တွေကို မီဒီယာအင်အားနဲ့ ဖုံးဖိဖို့ရန် ကြိုးစားနေတာသာ ဖြစ်ပါတယ်။

ဒီအမှုအခုအချိန်ထိ သက်ဆိုးရှည်နေတဲ့အကြောင်းရင်းကတော့ ဂမ်ဘီယာနိုင်ငံရဲ့စွဲချက်များ ခိုင်လုံသောကြောင့် မဟုတ်ဘဲ၊ ICJ က တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကနဦးကန့်ကွက်လွှာတွေကို တင်သွင်းခဲ့ရာမှာလည်း အရေးကြီးတဲ့ ဥပဒေကြောင်းဆိုင်ရာအချက်များကို ထောက်ပြခဲ့ဖူးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘက်က တင်ပြခဲ့တာမှာ ဒီအမှု၏ အမှန်တကယ်တရားလို (Real Applicant) မှာ ဂမ်ဘီယာနိုင်ငံ မဟုတ်ဘဲ OIC (အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) သာဖြစ်ကြောင်းနဲ့ ICJ Statute အရ နိုင်ငံများ (States) သာလျှင် တရားစွဲဆိုခွင့်ရှိပြီး အဖွဲ့အစည်းများက တရားစွဲဆိုခွင့်မရှိကြောင်း ထောက်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ Genocide Convention ရဲ့ အပိုဒ် ၈ (Article VIII) ကို ခြွင်းချက် (Reservation) ပြုလုပ်ထားတဲ့အတွက် တရားရုံးသို့ တိုက်ရိုက်လွှဲပြောင်းတိုင်ကြားခွင့်မရှိကြောင်းကိုလည်း ခိုင်လုံစွာ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်သာ ယခုလို ဆက်လက်တရား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ဂမ်ဘီယာရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေဟာ မှန်ကန်တယ်လို့ ဆိုလိုလို့ လုံးဝမရတာ အထင်အရှားပါ။

Mr. Suleman က သူတို့ရဲ့ အထောက်အထားတွေ ခိုင်လုံကြောင်း ပြောဆိုရာမှာ ကုလသမဂ္ဂအချက် အလက် ရှာဖွေရေးမစ်ရှင် (FFM) တို့လို အဖွဲ့အစည်းတွေက အစီရင်ခံစာတွေကို အဓိကကိုးကားနေကြပါတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာတွေဟာ မြေပြင် အခြေအနေမှန်ကို ထင်ဟပ်ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက်များသာ ဖြစ်ပါတယ်။ FFM ကဲ့သို့သော အစီရင်ခံစာတွေဟာ အများအားဖြင့် မြေပြင်ပကတိအခြေအနေမှန်နဲ့ ကွဲလွဲတဲ့အချက်အလက်တွေ၊ အတည်မပြုနိုင်တဲ့ ကောလာဟလတွေအပေါ် အခြေခံထားပြီး၊ မြန်မာနိုင်ငံဘက်က ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ပြန်လည်ချေပထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဂမ်ဘီယာဘက်က ကိုးကားနေတယ်ဆိုတာဟာ နိုင်ငံရေးအရ ဘက်လိုက်မှုရှိပြီး ငွေကြေး အထောက်အပံ့ ရယူလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေ သာဖြစ်ကြပါတယ်။ သူတို့ရဲ့ အချက်အလက်တွေဟာ နိုင်ငံတကာတရားရုံးတစ်ခုက ယုံကြည်လက်ခံနိုင်လောက်တဲ့ အဆင့်အတန်း ရှိ၊ မရှိ ဆိုတာဟာလည်း အလွန်သံသယဖြစ်ဖို့ကောင်းလှပါတယ်။

အင်တာဗျူးမှာ ဂမ်ဘီယာဘက်က ဖုံးကွယ်ထားတဲ့ အဓိကအချက်တစ်ချက်က ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွေရဲ့ မူလဇာစ်မြစ်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေအရ မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်ရန်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာမျိုး လုံးဝမဟုတ်တာကို တွေ့ရမှာပါ။ အမှန်တကယ်က အဲဒီအချိန်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲကင်းစခန်းပေါင်းများစွာကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေးအတွက် မဖြစ်မနေ တုံ့ပြန်ဆောင်ရွက်ခဲ့ရတဲ့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) သာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမဆို မိမိရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို အကြမ်းဖက် သမားတွေက တိုက်ခိုက်လာရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အခုလက်ရှိအချိန်မှာ လည်း မြန်မာအစိုးရဟာ အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထု လုံခြုံဘေးကင်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကို နှိမ်နင်းနေတာဟာ အဲဒီဒေသမှာရှိတဲ့ ရှုပ်ထွေးတဲ့ လုံခြုံရေးအခြေအနေကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထားများလည်း ရှိပြီး ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်မှ တင်သွင်းမယ့် သက်သေတွေမှာ ဘက်ပြောင်းလာတဲ့ စစ်သားများရဲ့ ထွက်ဆို ချက်တွေပါဝင်မယ်လို့ သတင်းတွေကြားနေရပါတယ်။

ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေဟာ မြန်မာ့တပ်မတော်မှ စည်းကမ်း၊ ကျင့်ဝတ်များကို ဖောက်ဖျက်ပြီး ထွက်ပြေးသွားကြတဲ့ ‘စစ်ပြေး’ တွေသာ ဖြစ်ပါတယ်။ ဒီလို ရာဇဝတ်မှုကျူးလွန်ထားသူတွေ၊ တာဝန်မှရှောင်လွှဲ ထွက်ပြေးလိုသူများ၏ ထွက်ဆိုချက်တွေကို အမှန်တရားအဖြစ် ယူဆလို့ ရနိုင်ပါ မလား မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ သူတို့အနေနဲ့ အကျိုးစီးပွားတစ်စုံတစ်ရာအတွက် လုပ်ကြံဖန်တီးထွက်ဆိုခြင်းများ ပြုလုပ်နိုင်ခြေ အလွန်များပါတယ်။ ဒါကြောင့် သူတို့ရဲ့ ထွက်ဆို ချက်တွေဟာ ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိနိုင်ပါဘူး။

ဂမ်ဘီယာနိုင်ငံအနေနဲ့ တိုင်းရင်းသားမဟုတ်တဲ့ ဘင်္ဂါလီလူမျိုးများကို နိုင်ငံရေး ခုတုံးလုပ်၍ ဗန်းပြ နေခြင်းသာ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်ဟာ ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိတဲ့ နိုင်ငံရေးရည်ရွယ် ချက်တွေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ဥပဒေကြောင်းအရ ခိုင်မာစွာ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ အင်တာဗျူးမှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံဟာ ICJ ရဲ့ ကြားဖြတ်ညွှန်ကြားချက် တွေကို မလိုက်နာသယောင် စွပ်စွဲပြောဆိုမှုတွေ ရှိပေမယ့်လည်း လက်တွေ့မှာ မြန်မာနိုင်ငံဟာ တရားရုံးရဲ့ ညွှန်ကြားချက်တွေကို အတိအလင်း လိုက်နာလျက်ရှိပါတယ်။ မြန်မာနိုင်ငံသည် တရားရုံးသို့ ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာတွေ တင်သွင်းလျက်ရှိပါတယ်။

ဒါ့အပြင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေတဲ့ ဘင်္ဂါလီများကိုလည်း ပြန်လည်စိစစ်လက်ခံဖို့ အတွက် မြန်မာနိုင်ငံက အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့် သူတို့ ပြန်မလာတာကတော့ မြန်မာနိုင်ငံရဲ့ ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ၊ Third Party အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဟန့်တားမှုတွေနဲ့ သူတို့ကိုယ်တိုင်က ပြန်လာဖို့ရန် ဆန္ဒမရှိတဲ့အတွက် နိုင်ငံရေးအမြတ်ထုတ်လိုသူတွေနဲ့ ပေါင်းသင်းနေခြင်းကြောင့်သာ ဖြစ်ပါတယ်။

ဒီ ICJ အမှုဟာ မြန်မာနိုင်ငံအတွက် ရိုးရိုးအမှုခင်းတစ်ခုမဟုတ်ဘဲ၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ၊ အချုပ် အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားတို့နဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုအတွက် နိုင်ငံတကာရဲ့ အထင်အမြင် လွဲမှားခံရမှုတွေ၊ မတရားစွပ်စွဲခံရမှုတွေကို ဥပဒေနည်းလမ်းကျကျ ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလိုအရေးကြီးတဲ့အချိန်ကာလမှာ သွားရောက် တရားရင်ဆိုင်နေကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့နောက်ကွယ်မှ တစ်မျိုးသားလုံးအနေနဲ့ တစ်သားတည်း ရပ်တည်ပေးကြဖို့ လိုအပ်ပါတယ်။ အမှန်တရားသည် တစ်နေ့တွင် ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ ဂမ်ဘီယာနဲ့ သူ့နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဇာတ်ညွှန်းတွေဟာလည်း ဥပဒေရဲ့ရှေ့မှောက်မှာ ပျက်ပြယ်သွားမယ်လို့ ယုံကြည်ပါ တယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှ သွေးထိုးမှုတွေ၊ မီဒီယာဝါဒဖြန့်မှုတွေကို သတိပြုပြီး ပြည်သူလူထု တစ်ရပ်လုံးက မိမိတို့ရဲ့ ကိုယ်စားလှယ်များဘက်မှ ခိုင်ခိုင်မာမာရပ်တည်ပေးကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။ ။

No comments:

Post a Comment