နေပြည်တော် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာအနီးရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ ဖူလုံစွာရရှိစေရေးအတွက် ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းလုပ်ငန်းအသစ် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်မည့်နေရာကို ဒီဇင်ဘာ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများနှင့်
တွေ့ဆုံရာ ဒုတိယဝန်ကြီးက ဆိုလာရေတင်စီမံကိန်းလုပ်ငန်း များကို ဘဏ္ဍာရေးနှစ်အလိုက် အဆင့်အလိုက်ဆောင်ရွက်ရာတွင်
စိုက်ပျိုးရေပေးဝေနိုင်သည့် ဧက များ တစ်ဆင့်ချင်းတိုးတက်ရရှိနိုင်ရေး ညှိနှိုင်းစီမံ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ နည်းပညာပိုင်းဆိုင်ရာ
လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေရရှိလာပါက သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သီးထပ်သီးညှပ်စိုက်ဧကများ
ပိုမိုတိုးတက်စိုက်ပျိုးစေလိုကြောင်း၊ တောင်သူအစု အဖွဲ့များ ဖွဲ့စည်း၍ မျိုးစေ့ထုတ်အဖွဲ့များ၊
ရေကို စနစ်တကျအလေအလွင့်မရှိ သုံးစွဲတတ်စေရန်အတွက် ရေအသုံးချသူများအဖွဲ့ (WUG) များကို
ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ပဌနဂိုရ်ကျေးရွာအတွင်းရှိ
စိုက်ပျိုးမြေများသည် မိုးကောင်းသောက်အဖြစ် စိုက်ပျိုးနေရခြင်း၊ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့်
သီးနှံ၏ ရေလိုအပ်ချက်နှင့်အညီ မိုးရေမရရှိခြင်း၊ သီးနှံအောင်ရေ အတွက် ရေလုံလောက်မှုမရှိခြင်းတို့ကြောင့်
သီးနှံအထွက်နှုန်းနှင့် သီးနှံအရည်အသွေး ထိခိုက်ကျဆင်း နေခြင်းအပေါ် ဧရာဝတီမြစ်မှ ရေကိုစုပ်တင်၍
သီးနှံများ စိုက်ပျိုးရေလိုအပ်ချိန်တွင် စိုက်ပျိုးရေပေးဝေ နိုင်ရေးအတွက် ပဌနဂိုရ်ဆိုလာစနစ်ရေတင်စီမံကိန်းကို
အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက ဒေသရှိ စိုက်ပျိုးမြေဧက
၅၀၀ ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ရာ တစ်နှစ်လျှင်
တစ်သီးစိုက်ပျိုး ရာမှ တစ်နှစ်လျှင် သုံးသီး၊ သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
မကွေးမြို့ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ညွှန်ကြားရေးမှူး)ရုံး
အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး
မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေ ရရှိရေးဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment