Friday, September 5, 2025

အများထက် အမှန်ဖြစ်စေချင်သည်

 

စွမ်းပြည့်

ကျွန်တော်တို့ မြန်မာပြည်သူအားလုံးက နိုင်ငံကို တိုးတက်စေချင်ကြပါပြီ။ နိုင်ငံတိုးတက်မှပဲ နိုင်ငံသားတစ်ဦးချင်းစီမှာ ကျွဲကူးရေပါတိုးတက်လာမှာမဟုတ်လား။ တိုးတက်ဖို့ အခွင့်အလမ်းတွေကတော့ ကျွန်တော်တို့ဆီ ရှေးရှုလာနေပြီ၊ အချို့ရလည်းရထားပြီ၊ ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့နဲ့ အသုံးချနိုင်ဖို့ပဲလိုနေတာ။ ဒီအတွက် ညံ့ဖျင်းသူတွေထဲ ကျွန်တော်တို့မပါဖို့လိုတယ်။ အရည်အချင်းရှိဖို့လိုတယ်။ စိတ်ဓာတ်တွေကောင်းဖို့လိုတယ်။ သွားနေတဲ့လမ်းကြောင်းအချိုးအကွေ့တစ်ခုမှာရောက်နေတဲ့ အနေအထား၊ ချိုးတတ်မှ ကွေ့တတ်မှ။

လွတ်လပ်မှု၊ တရားမျှတမှု၊ စစ်မှန်စည်းကမ်းပြည့်ဝမှု ဟူသည်

နိုင်ငံတိုးတက်ဖို့အတွက် အခွင့်အလမ်းတွေလို့ဆိုခဲ့ပါတယ်။ တစ်ခုကရွေးကောက်ပွဲပါ။ လွတ်လပ်ရမယ်၊ တရားမျှတရမယ်၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝရမယ်။ မြန်မာနိုင်ငံသမိုင်းကြောင်းနဲ့တကွ မြန်မာလူမျိုးတို့ရဲ့လက်ရှိဖြစ်တည်မှု၊ ဖြစ်ပေါ်ပြောင်းလဲမှု၊ စရိုက်အနေအထားတွေအရ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ရွေးကောက်ပွဲဆိုတဲ့ ဝေါဟာရသာလျှင် မြန်မာနိုင်ငံနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး နိုင်ငံကိုတည်ဆောက်နေရတဲ့အခြေအနေနဲ့ အချိန်အခါ ဖြစ်နေလို့ပါပဲ။ ဒီမိုကရေစီရဲ့အခြေခံက ရွေးကောက်ပွဲပဲဖြစ်တဲ့အတွက် စစ်မှန်တဲ့ဒီမိုကရေစီကိုလိုချင်ရင် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိရမယ်ဆိုတဲ့အချက်က ပြောစရာလိုမယ်မထင်ဘူး။

ဒါကြောင့် တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ အရေးကြီးတဲ့အတွက် တရားမျှတမှုရှိရမယ့် အခြေခံကောင်းတွေကို အချိန်ယူတည်ဆောက်နေခဲ့တယ်။ လုံခြုံတဲ့ရွေးကောက်ပွဲစက်ဝန်းတစ်ခုဖြစ်ဖို့ နိုင်ငံကိုတည်ငြိမ်အောင် ကြိုးစားတည်ဆောက်ပေးနေတယ်။ တရားဥပဒေစိုးမိုးရေးအတွက် အပြင်းအထန် ဆောင်ရွက်နေရတယ်။ ဒီအတွက် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာမဲပေးနိုင်ဖို့ အဓိကပဲ။ အခုလိုအချိန်ကာလမှာ တည်ငြိမ်မှုနဲ့ လွတ်လပ်ပြီးတရားမျှတမှုတို့ဟာ အလွန်ကိုအရေးကြီးတဲ့အတွက် ဒီလိုဥပဒေမျိုး ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ယူဆပါတယ်။

တစ်နည်းအားဖြင့် အတိတ်ကမှားခဲ့တဲ့အမှားမျိုးတွေ ထပ်မဖြစ်စေဖို့၊ သမိုင်းတစ်ပတ်ပြန်မပတ်မိအောင် သတိကြီးစွာထားပြီး ထိန်းကျောင်းနေခြင်းဖြစ်မယ်လို့ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အလေးအနက်ထားပါတယ်။ ဒီအချက်ကို အချို့သောပြည်သူတွေ ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ရခဲ့တဲ့ဒဏ်ရာကကြီးလွန်းတော့ အနာကျက်အောင် အတော်ကုယူနေရတဲ့အခြေအနေမှာ ပြည်သူတွေအနေနဲ့ တပ်မတော်က ဘာကြောင့် အာဏာထိန်းခဲ့ရသလဲ၊ ယခုအချိန် မှာ အတော်အတန်သိသင့်နေပါပြီ။ ဘယ်လို ဖြစ်စဉ်ဖြစ်ရပ်ဖြစ်ဖြစ် လတ်တလောအကြောင်းတရားတွေရှိမယ်၊ တရွေ့ရွေ့ဖြစ်တည်လာတဲ့ အခြေခံအကြောင်းရင်းတွေရှိမယ်။ အကြောင်းရင်းအားလုံးအပေါ်မှာ အမြင်တွေရှင်းစေချင်တယ်။ အမြင်တွေမှုန်ဝါးစေတဲ့ လက်ကျန်အမှိုက် သရိုက်တွေကိုလည်း ကူပြီးရှင်းစေချင်တယ်။ ဒါမှသွားရမယ့် လမ်းကြောင်းက ဖြောင့်ဖြူးနေမှာ၊ သာယာနေမှာဖြစ်တယ်။

ပြည်သူတွေထပ်မကြားချင်တော့သည့်စကားလုံး

မဲမသမာမှုဆိုတဲ့စကားလုံးက ပြည်သူတွေ ထပ်မကြားချင်တော့တဲ့စကားလုံးပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲက အဖြစ်အပျက်တွေဟာ အင်မတန်ခါးသီးလှပါတယ်။ ယခုလာမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှာ ၂၀၂၀ ရွေးကောက်ပွဲလို ကိုယ့်ဘက်လိုက်မယ့်ပါတီအမာခံတွေ ထည့်သွင်းဖွဲ့စည်းလို့ရပါ့မလား၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအားလုံး မျှတမှုရှိအောင် ရေးဆွဲထားပါတယ်။ မဲစာရင်းမှန်ကန်မှုရှိအောင် ဆောင်ရွက်ထား တဲ့အတွက် မဲစာရင်းဖောင်းပွစရာအကြောင်းမရှိဘူး။ မဲဆွယ်စည်းရုံးရာမှာ ဘယ်ပါတီဘက်ကိုမှ အသာစီးမရအောင်၊ မျှမျှတတဖြစ်အောင် စီမံထားမယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့ရင် ယခင်ရွေးကောက်ပွဲလို မကျေနပ်လို့ တင်သွင်းတဲ့ ကန့်ကွက်လွှာပေါင်း ၂၈၇ စောင်အထိ ရှိလာစရာအကြောင်းလည်း မရှိနိုင်ဘူးဆိုတာ သေချာတယ်။ (ယခင်ရွေးကောက်ပွဲမှာ ဒီလိုကန့်ကွက်လွှာ အားလုံးကိုလည်း ဖြေရှင်းပေးဖို့ အစီအစဉ်မရှိခဲ့)။ ရွေးကောက်ပွဲ နယ်မြေစာရင်းမှာလည်း လုံခြုံရေးမကောင်းတဲ့မြို့ကိုတော့ ရွေးကောက်ပွဲ လုပ်ပေးပြီး မိမိပါတီအနိုင်မရနိုင်တဲ့မြို့နယ်တွေကို ချန်လှပ်ခဲ့တာတွေ၊ ဆန္ဒမဲလက်မှတ်တွေကို အမှန်လိုအပ်တဲ့ပမာဏထက် ပိုရိုက်ခဲ့တာတွေ၊ ကြိုတင်မဲပေးရာမှာ အသေအချာမသတ်မှတ်ဘဲ တရားမဲ့ ဆောင်ရွက်ခဲ့တာတွေ၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့တာတွေ၊ မဲရုံတိုင်းမှာ ဆန္ဒမဲလက်မှတ်တွေ လျော့နည်းပျောက်ဆုံးနေ တာတွေ၊ တရားမဝင် အပိုတွေ့ရတဲ့ မဲလက်မှတ်တွေ၊ ဒါတွေအားလုံးက ကြီးမားတဲ့မဲစာရင်းမှားယွင်းမှုနဲ့ မဲမသမာမှုပဲပေါ့၊၊

ဒီလိုတွေ့ရှိချက်တွေကို ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာသိ၊ ကမ္ဘာသိ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်၊ မေတ္တာရပ်ခံခဲ့တယ်။ တာဝန်ရှိသူတွေဘက်က မဖြစ်မနေ ဖြေရှင်းပေးရမှာပဲဖြစ်တယ်။ တပ်မတော်မဆိုထားနဲ့ ပြည်သူတစ်ယောက်ချင်းက တောင်းဆိုရင် လည်း ဖြေရှင်းပေးရမယ့်တာဝန်ရှိတယ်။ မိမိကို လူသိရှင်ကြား သူခိုးလို့စွပ်စွဲနေပြီလေ။ ဘာလို့ သူခိုးအဖြစ်အစွပ်စွဲခံမလဲ၊ ပြည်သူကိုတာဝန်ခံထားရတဲ့အစိုးရဖြစ်တဲ့အတွက် မဟုတ်ရင်မဟုတ်ကြောင်း ဖြေရှင်း ပေးရမှာပဲ၊ ဒါမှ တာဝန်ကျေတဲ့ အစိုးရတစ်ရပ်ဖြစ်မှာပေါ့။ ဒါကို မဖြေရှင်းခဲ့ကြလို့၊ ဥပဒေအရဖြေရှင်းလို့ရတဲ့အပြင် နိုင်ငံရေးနည်းလမ်းနဲ့ပါ ဖြေရှင်းလို့ရနိုင်တဲ့အခြေအနေတွေ အများကြီးရှိခဲ့ရဲ့သားနဲ့ မဖြေရှင်းခဲ့ကြလို့ ယခုလိုအခြေအနေမျိုးတွေထိ ရောက်ခဲ့ကြရတာဖြစ်တယ်။ နိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူးပြောင်း နေတဲ့အချိန်၊ သတိကြီးစွာထားရမယ့် အခြေအနေမျိုးဆိုတာကို သိနားလည်ခဲ့သင့်တယ်။ ပြည်သူအကျိုးကိုပဲ ရှေးရှုခဲ့သင့်တယ်လို့ မြင်တယ်။ အဲဒီအချိန်၊ အဲဒီကာလဘာကြောင့်များ ဖြေရှင်းမပေးခဲ့တာလဲ၊ ရလဒ်တစ်ခုချည်းအခြေခံပြီး ဘာကြောင့် လွှတ်တော်ခေါ် အစိုးရဖွဲ့ဖို့ကြံစည်ခဲ့တာလဲ၊ မှားခဲ့ကြတယ်၊ ပြည်သူကောနိုင်ငံပါ အလွန်နစ်နာခဲ့ကြတယ်။

အများထက်အမှန်ကိုယူစေချင်

ဒီအကြောင်းတွေ ထပ်ကာပြန်လှန်နေရခြင်းအကြောင်းက အဓိကသင်ခန်းစာယူစေချင်လို့၊ ဒီလိုခါးသီးမှုတွေ ထပ်မကြုံချင်တော့လို့ပါ။ ဖြစ်ခဲ့ရတဲ့အကြောင်းတရားတွေနဲ့ဆက်စပ်ရင် ဆင်ခြင်ရမယ့်အရာ များစွာရှိနေတယ်။ ထိုစဉ်ကအာဏာရပါတီကြီးက ရလဒ်အပေါ် အလွန်အမင်းအားကိုးခဲ့ပုံရတယ်။ ဘာလုပ်လုပ်အများဆန္ဒကို လက်ကိုင်ထားခဲ့တယ်။ အများဆန္ဒဆိုတာတော့ အကြမ်းဖျင်းမှန်ပါတယ်။ ဒါပေမယ့် ပြဿနာနောက်ဆက်တွဲများစွာနဲ့ ထွက်လာတဲ့ရလဒ်မျိုးက လိုချင်တဲ့အမှန်ဖြစ်နိုင်ပါ့မလား။ အများထက်အမှန်ဖြစ်ဖို့ စဉ်းစားခဲ့သင့်တယ်။ HR လုပ်ငန်းစဉ်မှာ Performance Management ကို စဉ်းစားသလိုပေါ့။ ရလဒ်အပြင် ဒီရလဒ်ရအောင် ဘယ်လိုဆောင်ရွက် ခဲ့ကြသလဲဆိုတာကိုပါ စဉ်းစားရမှာ၊ Result ချည်းပဲမကြည့်ဘဲ Behaviour ကိုပါ စဉ်းစားမှ အဖြေမှန်ထွက်မယ့်သဘော၊ ရလာတဲ့ အကျိုးချည်းမယူဘဲ ဆောင်ရွက်ခဲ့တဲ့ပုံစံနဲ့ နည်းလမ်းကိုပါမြင်မှ အားလုံးကို ကိုယ်စားပြုတယ်ဆိုတဲ့သဘော သက်ရောက်တယ်၊ ဒီအချက်က ဒီမိုကရေစီရဲ့သဘောပဲ။ ကျွန်တော်တို့နိုင်ငံလို ဒီမိုကရေစီ သက်တမ်းနုနယ်သေးတဲ့အချိန်မှာ ဒီအချက်က ပိုအရေးကြီးပါတယ်။

ဒါကြောင့် အများရလဒ်၊ အများဆန္ဒချည်းပဲမပြောပါနဲ့။ အနည်းစုကိုပါ ကိုယ်စားပြုရမယ်လို့ ဆိုလိုတာပါ။ ဒီ Concept ပျောက်သွားရင် ကိုယ်သွားနေတဲ့လမ်းကြောင်းကနေ လမ်းပျောက်သွားတတ်တယ်။ အထူးသဖြင့် ဒီမိုကရေစီကျင့်စဉ်မှာ အယူအဆတစ်ခုလွဲရင် အားလုံး လိုက်လွဲကုန်မှာ၊ မှတ်မိမယ်ထင်တယ်၊ ရွေးကောက်ပွဲအကြိုကာလ တစ်နိုင်ငံလုံး ရာနှုန်းပြည့်အနိုင်လိုချင်လို့ ဘယ်လိုနည်းနဲ့ပဲနိုင်နိုင်၊ အနိုင်ရရမယ်ဆိုတဲ့ မူဝါဒဆန်ဆန်လိုလားချက်မျိုး၊ ဒီလိုအယူအဆက အလွန်အန္တရာယ်များတယ်။ ဒီလိုအယူမရှိခဲ့ရင်ကောင်းမယ်။ ဒီတိုက်တွန်းချက်ကပဲ လမ်းမှားကို ရွေးချယ်မိသလိုဖြစ်စေခဲ့တာ။ မသမာမှုတွေဖြစ်စေခဲ့တယ်လို့ ယူဆမိတယ်။ မှန်ပါတယ်၊ ကျွန်တော် တို့ မဲမသမာမှုဖြစ်ခဲ့ကြတယ်၊ လမ်းမှားကို တွန်းပို့ခြင်းခံခဲ့ရတယ်။ ထိပ်တိုက်တွေ့ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်။ အကြောင်းရင်းတွေကို ထပ်ဆင့်ထပ်ဆင့် ဆက်စပ်ကြည့်ရင် မကောင်းတဲ့ ဒီလမ်းစဉ်ဘက်ကိုပဲ တမင်တွန်းပို့ လိုက်သလား အောက်မေ့ရတယ်။ ဒီလမ်းဆိုးလမ်းမှားတစ်လျှောက်ပဲ ကျွန်တော်တို့ဆီကလူငယ်တွေ ပျော်ပျော်ကြီးလိုက်ခဲ့ကြတယ်။ ဝမ်းနည်းစွာနဲ့ နိုင်ငံရေးသားကောင်တွေဖြစ်ခဲ့ကြရတယ်။

ပြောရရင် ယခုလိုအချိန်၊ ယခုလိုခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုမှာ နောက်ထပ်နောက်ထပ်အမှားတွေ ထပ်မဖြစ်စေချင်တဲ့စေတနာကို တွေ့နေရတယ်။ လွှတ်တော်ထဲမှာ ပါတီကိုယ်စားလှယ် အသွေးအရောင်စုံပါဝင်နိုင်အောင် အခင်းအကျင်းသစ်နဲ့ တတ်နိုင်သမျှ ဖန်တီးပေးထားတယ်။ ပွင့်လင်းမြင်သာမှုရှိပြီး ပိုမိုမြန်ဆန်တဲ့ IT အခြေခံ MEVM စနစ်ကို ကျင့်သုံးမယ်။ နောင်အမေရိကန်ရွေးကောက်ပွဲမှာတောင် တရားမျှတဖို့အတွက် စက္ကူမဲအစား စက်ကိုအသုံးပြုဖို့၊ လူဦးရေစစ်တမ်းကောက်ဖို့တွေကို စီစဉ်နေပြီလို့သိရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ယခုကတည်းက ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်နေကြတာကို တွေ့နေရတယ်။ ရွေးကောက်ပွဲပြီးလည်း ထပ်ဖျက်ဦးမယ့်သဘော။ အဖျက်အင်အားစုတွေက တောက်လျှောက်ရှိနေတယ်။ သူတို့လိုချင်တာ ဒီမိုကရေစီလည်းမဟုတ်၊ တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးလည်းမဟုတ်၊ တိုင်းပြည်ကြီးအလုံးစုံပျက်သုဉ်းရေးပဲ ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် ရွေးကောက်ပွဲအမှားကို စောင့်နေမယ့်သူတို့ရဲ့အကြံကို ပြည်သူတွေ သတိရှိနေဖို့လိုပါတယ်။

အဓိကအချက်က ရိုးသားမှုနဲ့တရားမျှတမှုပါပဲ။ ပြန်ပြီးသုံးသပ်ရရင် ကျွန်တော်တို့နိုင်ငံရဲ့ ပဋိပက္ခသံသရာကြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကိုဆွဲဆန့်ဖို့ ရွေးကောက်ပွဲကို အကြောင်းပြကြမှာ ပြည်သူတစ်ယောက်အနေနဲ့ စိုးရိမ်မိတာပဲ။ နိုင်ငံတော်က တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကရည်မှန်းချက်ထားပြီး ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားဆောင်ရွက်နေပေမယ့် ဆန့်ကျင်ဘက်တွေရဲ့ မရိုးသားမှုကိုတော့ သံသယဖြစ်မိတာ အမှန်ပဲ။ ရွေးကောက်ပွဲကနေ ဖက်ဒရယ်နဲ့ ဒီမိုကရေစီသွားနေတာဆိုတော့ ဆန့်ကျင်ဘက်တွေဆီက ဖက်ဒရယ်အကြောင်း ပြစရာလည်းမရှိနိုင်၊ ဒီမိုကရေစီအကြောင်းပြချက်လည်းရှိတော့မှာ မဟုတ်ဘူး။ ရွေးကောက်ခံပြည်သူ့အစိုးရတစ်ရပ်ပေါ်ထွက်လာရင် အာဏာရှင်အကြောင်းပြစရာလည်း ရှိတော့မှာမဟုတ်ဘူး။

အဓိကအကြောင်းရင်းက လက်နက်ကိုင်တွေအနေနဲ့က လက်နက်ကို တစ်သက်လုံး ဆက်ကိုင်ထားချင်တာ၊ စစ်ဘုရင်ဝါဒကို ဆက်ထူထောင်ချင်နေတာပဲ။ လက်နက်ဖြုတ်သိမ်းပြီး နိုင်ငံရေးလမ်းကြောင်းပြောင်းဝင်ဖို့ လွှတ်တော်တွင်း တောင်းဆိုချက်တွေ ဖြစ်လာမှာ လက်နက်ကိုင်တွေ အလွန်ကြောက်ကြတယ်။ လိုရင်းကတော့ မြန်မာနိုင်ငံက လက်နက်ကိုင်တွေဆိုတာဟာ ငြိမ်းချမ်းရေးကို မလိုလားကြဘူးဆိုတဲ့အဖြေပဲ ထွက်လာနေတယ်။ တတ်နိုင်သမျှတော့ နိုင်ငံတော် အစိုးရကော၊ တပ်မတော်ကော၊ ပြည်သူကပါ အဆုံးစွန် အထိ သည်းခံမှာပဲ။ အမုန်းသံသရာမရှည်အောင် ကြိုးစားမှာပဲ။ နိုင်ငံအကျိုးစီးပွား အမျိုးသားရေးအလေးထားပြီး ပူးပေါင်းဆောင်ရွက်ကြမှာပဲ။ ဘာကြောင့်လဲဆို အကြောင်းအကျိုးဖြစ်စဉ်တွေကို သိထားတဲ့အတွက်၊ ဒါကြောင့် အများဆန္ဒချည်း လည်းမဟုတ်၊ အနည်းစုလိုလား ချက်ပါအလေးထားပြီး ရေရှည်အကျိုးစီးပွားအတွက် မှန်တာဟာလည်း အဓိကဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ။

No comments:

Post a Comment