နေပြည်တော် စက်တင်ဘာ ၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဦးတင်ကိုကိုတို့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်ရှိ မြို့မ ရဲစခန်းအချုပ်ခန်း၊ မြို့နယ် တရားရုံးအချုပ်ခန်းနှင့် ကျောက်တန်း ဘိုးဘွားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျောက်တန်းမြို့ မြို့မရဲစခန်းအချုပ်ခန်းနှင့် မြို့နယ်တရားရုံး အချုပ်ခန်းအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု အခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်း များအတွင်း သန့်ရှင်းမှုနှင့် မိလ္လာသုံးစွဲမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုး ဆောင်ရှေ့နေများနှင့်တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့ကို အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံ မေးမြန်းပြီး အချုပ်ခန်းများအတွင်း ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျောက်တန်းဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများနှင့် သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများအနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ စိတ်အပန်းဖြေမှုရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ဘိုးဘွားများအား အခါအားလျော်စွာ နှစ်သိမ့်ဆွေးနွေးမှုများအား ပြုလုပ်ပေးခြင်း ရှိ၊ မရှိ၊ ပင်စင်ရ အဘိုး၊ အဘွားများအနေဖြင့် ပင်စင်လစာ ထုတ်ယူမှုအဆင်ပြေခြင်း ရှိ၊ မရှိနှင့် အသက် (၈၅)နှစ်ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုး၊ အဘွားများအား နွေးထွေးပျူငှာစွာ အားပေးစကား ပြောကြားသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်းစစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment