Saturday, September 6, 2025

လေထုအရည်အသွေးကောင်းမွန်ဖို့အရှိန်မြှင့်တင်ဆောင်ရွက်စို့


 

လေထုညစ်ညမ်းမှုကို အသံတိတ်လူသတ်သမားဟု တင်စားကြ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လေထု ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင်လူဦးရေ ၆ ဒသမ ၇ သန်းခန့် သေဆုံးနေရကြောင်းနှင့် လူဦးရေ ၂၄ သန်းခန့်မှာ အိမ်တွင်း လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟုသိရသည်။ သို့ဖြစ်ရာ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံး၏ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။

လူသားတို့ နေ့စဉ်အသက်ရှင်ကျန်းမာရေးအတွက် အချိန်နှင့်အမျှ ရှူရှိုက်နေကြရသည့် လေထုမှာသန့်ရှင်းသောလေထု ဖြစ်ရန်လိုသည်။ လေထဲတွင် အမှုန်အမွှားများ၊ ဖုန်မှုန့်များ၊ မီးခိုး၊ မြူခိုးများ၊ ဓာတ်ငွေ့များ၊ အနံ့ဆိုးများ၊ ရေခိုးရေငွေ့များ စသည်တို့ရှိသင့်သည့် ပမာဏထက်ပိုမိုများပြားစွာရှိနေပြီး လေထုအရည်အသွေးကျဆင်းနေသည့် အခြေအနေသည် လေထု ညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။ ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ အိုဇုန်းနှင့် PM 2.5၊ PM 10 အမှုန်အမွှားများ‌ ရောနှောပါဝင်နေသည့် လေထုမှာ လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

လေထုထဲတွင်ပါဝင်နေသည့် အမှုန်များ (Particulate Matter)၏ အရွယ်အစားကို မိုက်ခရွန်မီတာနှင့်ဖော်ပြပြီး လူ့ဆံပင်၏အချင်းထက် များစွာသေးငယ်သည်။ PM 10 အမှုန်များ သည် အချင်း 10 မိုက်ခရွန်မီတာရှိသော အမှုန်အမွှားများ၊ မီးခိုး၊ ဖုန်မှုန့်များဖြစ်ကာ အဆုတ်၏အစိတ်အပိုင်း လေပြွန်နှင့်လေပြွန်ငယ်များထဲသို့ဝင်နိုင်ပြီး အသက်ရှူလမ်းကြောင်းရောဂါနှင့် အဆုတ်ရောဂါများဖြစ်ပေါ်စေနိုင်သည်။ PM 2.5 အမှုန်များ မှာမူ အချင်း ၂ ဒသမ ၅ မိုက်ခရွန်မီတာရှိသော လောင်ကျွမ်းမှု တစ်ခုခုမှထွက်ပေါ်လာသော အမှုန်များ၊ ကာဗွန်ဒြပ်ပေါင်းများ၊ သတ္တုများဖြစ်သည်။ PM 2.5 အမှုန်များသည် အဆုတ်အတွင်းပိုင်းနှင့် သွေးထဲအထိဝင်ရောက်နိုင်ပြီး လူ၏အဓိကအင်္ဂါများကို ထိခိုက်စေနိုင်သည်။ အမှုန်များ၏ အရွယ်အစားသေးငယ်လေလေ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အတွင်းထဲသို့ ပိုမိုရောက်ရှိ နိုင်လေလေဖြစ်ကာ ကျန်းမာရေးအတွက် ပို၍အန္တရာယ်ကြီးမားလာစေသည်။

သာမန်အားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် ၁၄ ကီလိုဂရမ် ရှိသောလေကို ရှူ၊ ၂ ကီလိုဂရမ်ရှိသောရေကို သောက်၍၊ ၁ ဒသမ ၅ ကီလိုဂရမ်ရှိ အစားအစာများကို စားသုံးရှင်သန် နေကြရခြင်းဖြစ်ရာ ရှူသမျှ၊ သောက်သမျှ၊ စားသမျှသော လေ၊ ရေနှင့် အစားအစာတို့ သန့်ရှင်းလတ်ဆတ်နေရန် လွန်စွာအရေးကြီးသည်။ သို့ရာတွင် လူ ၁၀၀ လျှင် ၉၀ မျှမကသောလူတို့မှာ သန့်ရှင်းသောလေကိုမရရှိဘဲ ခန္ဓာကိုယ်ရှင်သန်ရေးအတွက်လိုအပ်သော အောက်ဆီဂျင်ဓာတ်သာမက အန္တရာယ်ဖြစ်ပေါ်စေသည့် ဓာတ်ငွေ့များနှင့် အမှုန်အမွှားများ ပါဝင်နေသည့်လေကို ရှူနေကြရသည်။ သို့အတွက်ကြောင့်လည်း ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေပြီး လူတစ်ဦးချင်း၏ ပျမ်းမျှသက်တမ်းကို ရှစ်လ အထိ လျော့ကျသွားစေသည်ဟုသိရသည်။

လာမည့်စက်တင်ဘာ ၇ ရက်နေ့သည် ၂၀၂၀ ပြည့်နှစ်က စတင်ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ဖြစ်ပြီး ယခုနှစ်၏ဆောင်ပုဒ်ကို “လေထုအရည်အသွေး ကောင်းမွန်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်စို့ (Racing for Air) ဟု သတ်မှတ်ထားသည်။ လူသားအားလုံး သန့်ရှင်းသောလေကို ရရှိရေးအတွက် အဖြေရှာမှုများနှင့် စုပေါင်းလုပ်ဆောင်မှုများကို အရှိန်မြှင့်တင်ရန် တိုက်တွန်းဆော်ဩထားခြင်းဖြစ်သည်။

လေထုညစ်ညမ်းမှုသည် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် နှစ်စဉ် လူ ၈ ဒသမ ၁ သန်းတို့ အချိန်မတိုင်မီသေဆုံးနေကြရခြင်းနှင့် ဆက်နွှယ်နေပြီး ဒုတိယမြောက်အများဆုံးသော လူသေဆုံးမှုတို့၏ အကြောင်းရင်းခံဖြစ်သည်ဟုလည်းဆိုသည်။ လေထုညစ်ညမ်းမှုသည် သဘာဝအလျောက်ဖြစ်ပေါ်သကဲ့သို့ လူတို့ကြောင့်လည်း ဖြစ်ပေါ်ရခြင်းဖြစ်ရာ လေထုညစ်ညမ်းမှုလျှော့ချရေး၊ သန့်ရှင်းသောလေထုဖြစ်ပေါ်ရေးတို့တွင် လူတိုင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment