Saturday, September 6, 2025

တိုင်းပြည်အေးချမ်းသာယာဝပြောရေး ဂရုမ္မမြတ်သီလ အားလုံးစောင့်ထိန်း


 

ဘုရားအလောင်း ဓနဉ္စယမင်းကြီးသည် မင်းနှင့်တကွ ပြည်သူအားလုံး ဂရုဓမ္မသီလကို စောင့်ထိန်းကြရန် ဆုံးမလမ်းညွှန်လေ့ရှိသည်။ ဘုရားအလောင်း လမ်းညွှန်ပြသည့်အတိုင်း ဂရုဓမ္မသီလတော်ကို မင်းနှင့်တကွ ပြည်သူအားလုံး စောင့်ထိန်းကြသောအခါ ကလိင်္ဂတိုင်းအတွင်း မိုးလေဝသမှန်ကန်၍ စားရေရိက္ခာပြည့်စုံလာပြီး နိုင်ငံအတွင်း အေးချမ်းသာယာဝပြောလာသည်။ ဓနဉ္စယမင်းကြီး တိုက်တွန်းချိန်မှာ မိုးတွင်းကာလဖြစ်သဖြင့် ယင်းကိုအကြောင်းပြု၍ မိုးကာလ ဝါတွင်းသုံးလအပါအဝင် တော်သလင်းလအတွက် ဂရုဓမ္မအခါတော်နေ့ကို အစဉ်အလာမပျက် သတ်မှတ်ကျင်းပလေ့ရှိသည်။

ဂရုဓမ္မသီလဆိုသည်မှာ ငါးပါးသီလပင်ဖြစ်သည်။ သူတော်ကောင်းတို့ အရေးတယူဂရုတစိုက်ကျင့်သုံးကြသော သီလဖြစ်၍ ဂရုဓမ္မသီလဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရားရှင် ပါရမီဖြည့်စဉ်ဘဝဟောင်းက ကုရုတိုင်းသားတို့ လိုက်နာစောင့်ထိန်းကြသောကြောင့် ကုရုဓမ္မသီလမှ ဂရုဓမ္မသီလဟု ခေါ်တွင်လာခြင်းဖြစ်သည်။ ကုရုတိုင်းသည် မင်းနှင့်တကွ ပြည်သူပြည်သားများအားလုံး ဂရုဓမ္မသီလကို စောင့်ထိန်းကြသဖြင့် စားမှု၊ နေမှုသာယာဝပြော၍ အေးချမ်းလျက်ရှိစဉ် ကလိင်္ဂတိုင်း၌ မိုးခေါင်ပြီး ပြည်သူများ စားဝတ်နေရေးကျပ်တည်းကာ ဒုက္ခရောက်ကြသောကြောင့် ဘုရားအလောင်းဓနဉ္စယမင်းကြီး၏ လမ်းညွှန်မှာကြားမှုကို လိုက်နာဆောင်ရွက်ကြသည့်အတွက် ပြန်လည်အေးချမ်းသာယာဝပြောလာခဲ့သည်။

ဂရုဓမ္မသီလအခါတော်နေ့ကို သီပေါမင်းလက်ထက်အထိ အစဉ်အလာမပျက် ကျင်းပလာခဲ့ပြီး မြတ်ဗုဒ္ဓဟောကြားသည့် ရာဇအပရိဟာနိယတရား ခုနစ်ပါးနှင့်အညီ ကျင့်ကြံခဲ့ကြသည်။ ရာဇအပရိဟာနိယတရား တတိယတရားတော်၌ “ပညာတ္တိန သမုစ္ဆိန္ဒိဿန္တိ” ဟုဆိုထားသည်။ အဓိပ္ပာယ်မှာ ရှေးမင်းတို့အစဉ်အဆက် လိုက်နာ ကျင့်သုံးအပ်သော ထုံးတမ်းစဉ်လာများကို မပယ်ဖျက်ရ၊ လိုက်နာကျင့်သုံးရမည့်တာဝန်ရှိသည်ဟု ဆိုထားသည်။ ကောင်းသောအစဉ်အလာများကို မြန်မာ့ထုံးတမ်းစဉ်လာ နှင့်အညီ လိုက်နာကျင့်သုံးအပ်သည်။ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနှင့် ထေရဝါဒဗုဒ္ဓ ဘာသာသည် ပြည်ထောင်ဖက်ဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာနှင့် ဘာသာရေး အခြေခံယဉ်ကျေးမှုသည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ အသိဉာဏ်လည်းဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာကိုအခြေခံ၍ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို တည်ဆောက်ထားသည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ ကျေးဇူးကြောင့် စာပေနှင့် ယဉ်ကျေးမှုတိုးတက်မြင့်မားလာပြီး မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံသားများသည် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နေနိုင်ခဲ့သည်။ မြန်မာလူမျိုးတို့၏ အသိဉာဏ်ဖွံ့ဖြိုး ပညာတိုးစေသည့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ဘာသာရေးအခြေခံ ယဉ်ကျေးမှုများ၊ အစဉ်အလာများ ပျောက်ကွယ်သွားသည်ရှိသော် မြန်မာလူမျိုးတို့၏ အသိဉာဏ်နိမ့်ကျကာ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စာပေကိုပင် တတ်မြောက်နားလည်မှုမရှိဖြစ်လာပါလိမ့်မည်။ ဘာသာ၊ သာသနာ၊ အသိပညာပြိုကွဲ၍ အသိဉာဏ်နည်းပါးသောအခါ တိုင်းတစ်ပါး၏ အခြယ်အလှယ်ခံဘဝသို့ ရောက်ပါလိမ့်မည်။

ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများပြိုကွဲကာ နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်အမျိုးမျိုးကို ကာကွယ်နိုင်ဖို့ဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အသက်ဖြစ်သည့် ထေရဝါဒဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ရေးနှင့် ဘာသာရေးအခြေခံယဉ်ကျေးမှုများ အားကောင်းနေအောင် အားလုံးကြိုးပမ်းနေကြရပါမည်။ အထူးသဖြင့် မည်သည့်ဘာသာဝင်မဆို လက်ခံနားလည်ကြသည့် ဂရုဓမ္မသီလ သို့မဟုတ် ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင်လိုက်နာစောင့်ထိန်းသင့်ပါသည်။ မျက်မှောက်ကာလသည် ဆုတ်ကပ်ကာလဖြစ်၍ ကိုယ်ကျင့်တရားများ ယိုယွင်းပျက်စီးခြင်းရှိလာသည်မှန်သော်လည်း မင်းနှင့်တကွ နိုင်ငံသားအများစုက ဂရုဓမ္မသီလကို လိုက်နာစောင့်ထိန်းကြခြင်းဖြင့် ကြုံတွေ့လာနိုင်သော ဘေးအန္တရာယ်အသွယ်သွယ်မှ ကျော်လွှားလွတ်မြောက်နိုင်မည်မှာ သေချာပါသည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများ ရှိပြီးနိုင်ငံဖြစ်သည်။ ဆန်ရေစပါး၊ ကောက်ပဲသီးနှံများလည်း ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ဘာသာတရား အဆုံးအမများနှင့် ဘာသာတရားအခြေခံ ယဉ်ကျေးမှုအစဉ်အလာများကိုလည်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော နိုင်ငံဖြစ်သည်။ ဂရုဓမ္မသီလကိုလည်း အစဉ်အလာမပျက် လိုက်နာစောင့်ထိန်းခဲ့သောနိုင်ငံဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များကလည်း ဂရုဓမ္မသီလနှင့်အညီ နိုင်ငံကောင်းကျိုးများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော အချိန်အခါဖြစ်သည်။ တိုင်းသူပြည်သားအများစုကလည်း ဂရုဓမ္မသီလကို အတတ်နိုင်ဆုံးလိုက်နာစောင့်ထိန်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြမည်ဆိုလျှင် စားရေရိက္ခာဖူလုံပေါများကြွယ်ဝပြီး အေးချမ်းသာယာဝပြော၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာမည်မှာ ဧကန်အမှန်ဖြစ်ပါကြောင်း။

No comments:

Post a Comment