နေပြည်တော် စက်တင်ဘာ ၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့တွင် ကျင်းပပြုလုပ်သည့် The 2nd Sustainable Maritime Industry Conference (SMIC)-2025 အခမ်းအနားသို့ တက်ရောက်သည်။
ပြောကြား
အခမ်းအနားတွင် ဆော်ဒီအာရေဗျနိုင်ငံမှ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် The International Organization for Marine Aids to Navigation (IALA)၏ အတွင်းရေးမှူးချုပ် H.E Mr. Francis Zachariae တို့က ရေကြောင်းဘက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေး၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရေကြောင်းမှ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှတစ်ဆင့်ရေကြောင်း ဘက်ဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးပါဝင်၍ အတူတကွပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရေကြောင်းဘက်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့သည် ဟန်ချက်ညီစွာရှိရန် လိုအပ်ကြောင်းပြောကြားပြီး International Maritime Orga-nization(IMO)မှ အတွင်းရေးမှူး ချုပ်က ယခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့၏ Theme ဖြစ် သည့် “Our Ocean, Our Obliga-tion, Our Opportunity” ဆောင်ပုဒ်အား Video မှတစ်ဆင့် အကျယ်တဝင့် ပြောကြားသည်။
အခမ်းအနားတွင် ရေယာဉ်များအား စွမ်းအင်အနည်းဆုံးဖြင့် ထိရောက်စွာ အသုံးချခုတ်မောင်း နိုင်ရေး၊ ပင်လယ်ရေကြောင်းဘက်ဆိုင်ရာ အာမခံနှင့်ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ရေကြောင်းပို့ဆောင် ရေးကဏ္ဍတွင် ကာဗွန်လျှော့ချရေးဗျူဟာများ အကောင်အထည်ဖော်ခြင်း၊ အသေးစားနှင့် အလတ်စားရေကြောင်း လုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးလမ်းပြမြေပုံ ရေးဆွဲခြင်း၊ ရေကြောင်းဘက်ဆိုင်ရာ စွမ်းဆောင်ရည်များ၊ ဘေးကင်းလုံခြုံမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတို့ကို မြှင့်တင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာများ၏ အခန်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ခေတ် ရေကြောင်းဘက်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေး၊ ရေကြောင်းကဏ္ဍအသွင် ကူးပြောင်းရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု စသည့်ခေါင်းစဉ် များကို ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဆော်ဒီအာရေဗျနိုင်ငံ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ကြီးဌာနမှဝန်ကြီးနှင့် တွေ့ဆုံ၍ ရေကြောင်းပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး IMO ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးကွန်ဗင်းရှင်း (MARPOL)အားလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍ၌ တစ်နိုင်ငံတည်း လျှောက်လှမ်းလျက်ရှိသည့် နိုင်ငံမဟုတ်ဘဲ အာဆီယံရေကြောင်း ဘက်ဆိုင်ရာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များ၊ BIMSTEC နှင့် Mekong-Ganga ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် တရုတ်၊ အိန္ဒိယ နိုင်ငံများနှင့် ဆိပ်ကမ်းဘက် ဆိုင်ရာ ကိစ္စရပ်များတွင် မိတ်ဖက်ဆောင်ရွက်ခြင်းနှင့် ကိုရီးယား၊ စင်ကာပူနိုင်ငံများနှင့်လည်း နည်းပညာဖွံ့ဖြိုးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် လည်း ချမှတ်ထားသည့် ၂၀၃၀ မျှော်မှန်းချက် ပန်းတိုင်အောက်တွင် သန့်ရှင်းသော စွမ်းအင်၊ တည်ငြိမ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးများကို ဦးစားပေးထားသည်ကို တွေ့ရှိရပါသဖြင့် မျှော်မှန်းချက်၊ အရင်းအမြစ်များ နှင့် ရည်ရွယ်ချက်များ တူညီသည့် အဆွေတော်တို့နိုင်ငံနှင့် လက်တွဲ၍ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့၏ လုပ်ငန်းစဉ်များ၌ အတူ တကွ ပူးပေါင်းဆောင်ရွက်လိုပါ ကြောင်း ပြောကြားသည်။
ယင်းအခမ်းအနားကို “Sailing Towards a Sustainable Future” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၉၀ မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံမှ ရေကြောင်းဘက် ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment