Friday, September 5, 2025

အလေးထားစောင့်ထိန်းကြရမည့် ဂရုဓမ္မသီလငါးဖြာ

 

မြန်မာ ၁၂ လ၏ လပြည့်နေ့တိုင်းသည် အခါတော်နေ့များဖြစ်ရာ တော်သလင်းလပြည့်နေ့သည်“ဂရုဓမ္မအခါတော်နေ့” ဖြစ်သည်။ ဂရုဓမ္မဟူသော ပါဠိဝေါဟာရသည် ကုရုဓမ္မမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု အဆိုရှိပြီး အနက်အဓိပ္ပာယ်အားဖြင့် ဂရုဓမ္မဆိုသည်မှာ အလေးအနက်ထား၍ လိုက်နာကျင့်ကြံအပ်သောတရား ဟူ၍လည်းကောင်း၊ ကုရုဓမ္မဆိုသည်မှာ ကုရုတိုင်းသားတို့ လိုက်နာကျင့်ကြံကြသော တရားဟူ၍လည်းကောင်း ဖွင့်ဆိုနိုင်သည်။

စင်စစ်အားဖြင့် ဂရုဓမ္မဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့က အခြေခံလူ့ကျင့်ဝတ်များအဖြစ် သတ်မှတ်ထားသော ငါးပါးသီလပင်ဖြစ်သည်။ သူ့အသက်ကို သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ သူ့ပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးသားမယားကို ကျူးလွန်စော်ကားခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးအကျိုးယုတ်အောင် လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကောင်းမှုပြုရန် မေ့လျော့စေတတ်ပြီး မကောင်းမှုပြုရန် နှိုးဆော်တတ်သည့် မူးယစ်သောက်စားမှုမှ ရှောင်ကြဉ်ခြင်းတို့ကို လူတိုင်းကျင့်သုံးအပ်သည့် လူ့ကျင့်ဝတ်များအဖြစ် သတ်မှတ်ကာ ရှေးနှစ်‌ထောင်ပေါင်းများစွာ ဗုဒ္ဓမတိုင်မီခေတ်များကပင် အချို့သောလူ့အဖွဲ့အစည်းများ၌ ကျင့်သုံးခဲ့ကြသည်။

ငါးပါးသီလသည် ရှောင်ကြဉ်အပ်သော ကျင့်ဝတ်များဖြစ်ပြီး သူတစ်ပါးက မိမိအပေါ် ကျူးလွန်လာပါကလည်း မည်သူမျှ မခံလိုကြသည့် အပြုအမူများပင်ဖြစ်သည်။ မိမိကို ပြုကျင့်ပါက မခံနိုင်သည့်အပြုအမူကို ကိုယ်ချင်းစာစိတ်ထားရှိ၍ သူတစ်ပါးအပေါ်၌လည်း မပြုမူဘဲ ရှောင်ကြဉ်ကြခြင်းဖြစ်သည်။ ငါးပါးသီလကို အလေးဂရုပြုကာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်မြဲမြံစွာ စောင့်ထိန်းကြခြင်းအားဖြင့် လူ့အဖွဲ့အစည်းတို့မှာ တည်ငြိမ်သည်။ အေးချမ်းသည်။ အပြန်အလှန်လေးစားသည်။ ညှာတာ ထောက်ထားသည်။ ကောင်းမှုထွန်းကားသည်။ ထိုကဲ့သို့သော လူ့အဖွဲ့အစည်းမျိုးကို သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များကပင် ကြည်ညိုလေးစား၍ မိုးလေတို့မှန်ကန်သည်။ ကောက်ပဲသီးနှံတို့ ကောင်းစွာဖွံ့ဖြိုးအထွက်တိုးကာ စားရေရိက္ခာပေါများသည်။ တိုင်းကားပြည်ရွာစည်ပင်သည်။ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်စသော ကပ်ဘေးတို့မှ လွတ်ကင်းသည်။

လူတို့ စောင့်ထိန်းကျင့်သုံးအပ်သော ကျင့်ဝတ်များကို သီလဟုခေါ်ဆိုရာတွင် မလုပ်သင့်သည်ကို မလုပ်ခြင်း=ဝါရိတ္တသီလနှင့် လုပ်သင့်သည်ကိုလုပ်ခြင်း = စာရိတ္တသီလဟူ၍ နှစ်မျိုးရှိသည်။ ငါးပါးသီလသည် ဝါရိတ္တသီလဖြစ်ပြီး လူတစ်ဦးဖြစ်လာသည်နှင့် လူပီသစေရန် စောင့်ထိန်းကြရခြင်းဖြစ်သည်။ သာမန်လူတို့ထက် ပို၍တော်သူ၊ ကောင်းသူ ဖြစ်လာစေရန်အတွက်ဆိုလျှင် စာရိတ္တသီလကိုလည်း ဆောက်တည်ကြရန်လိုမည်ဖြစ်သည်။ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်စသည့်ကျင့်ဝတ်များရှိရာ လူတစ်ဦးသည် တစ်ချိန်တည်းမှာပင် မိဘအဖြစ် ဆောင်ရွက် ရမည့်ကျင့်ဝတ်များ၊ သားသမီးအဖြစ် ဆောင်ရွက်ရမည့် ကျင့်ဝတ်များ၊ ဆရာတစ်ဦးနေရာမှ ဆောင်ရွက်ရမည့်ကျင့်ဝတ်များ၊ တပည့်တစ်ဦးနေရာမှ ဆောင်ရွက်ရမည့်ကျင့်ဝတ်များ စသည်တို့ရှိနေသည်ကို သတိပြုကြဖို့လိုသည်။

ငါးပါးသီလသည် ကိုယ်ချင်းစာတရားပေါ်တွင် အခြေခံတည်ဆောက်ထားသည့် ကျင့်ဝတ်များဖြစ်သည့်အလျောက် လူတိုင်းနှင့်သက်ဆိုင်ပြီး လူတိုင်းကျင့်သုံးအပ်သော တရားများပင် ဖြစ်သည်။ လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက်လည်း အခြေခံအကျဆုံးသော ကိုယ်ကျင့် တရားများပင်ဖြစ်သည့်အလျောက် အလေးဂရုပြုကာ လိုက်နာစောင့်ထိန်းကြရေး အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment