တောင်ငူ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်အမှိုက်ကင်းစင်ရေးနှင့်
စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ် တတ်သည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရေးအတွက် အမှိုက်ခွဲခြား
စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားအား သွားရောက်၍ ကျောင်းသား/သူများ
အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား
ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ
ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်
တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်ငူမြို့၌ ဖွင့်လှစ်ပေးထားသည့် MSMEs ဒေသထွက်ကုန်
အရောင်းစင်တာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မူရင်းဈေးနှုန်းအတိုင်း အမယ်စုံရောင်းချသွားရန်နှင့်
MSMEs အမယ်သစ်များ ဖော်ထုတ်၍ ဈေးကွက်ရရှိ စေရေးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများသည် ကံရိုးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကျော်စိုး၏ နို့စားကျွဲကောင်ရေ
(၃၀)၊ နို့စားနွား(၁၀)ကောင်နှင့် ဒေသနွား(၁၀)ကောင် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး
ဒေသထွက်စွန့်ပစ်ပစ္စည်းများဖြင့် တိရစ္ဆာန်မွေးမြူရေးအစားအစာထုတ်လုပ်သွားရန်၊ ထွက်ရှိလာသည့်
နို့များအား ကုန်ကြမ်းအဖြစ် မရောင်းချဘဲ၊ မလိုင်ခဲ၊ ဒိန်ချဉ်၊ နို့စိမ်း၊ နို့ဆီ အစရှိသည့်
ကုန်ချောနို့ထွက်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချရန်နှင့် ဇီဝလုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်
လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုရှိ ဦးစန်းဦး၏ မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း
ပြည့်မီကျော်လွန်စေရေး ပေါင်းလိုက်ခြင်း၊ သမန်းနှိုးခြင်း၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာရောစပ်ကြဲပတ်ခြင်း
သရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးထပ်စွမ်းအားတိုးတက်စေရေးအတွက်
ကြိုတင်ပျိုးထောင် စိုက်ပျိုးနည်းစနစ်ကို မဖြစ်မနေအသုံးပြုသွားရန် အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး
ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ပန်းခြံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး
Landscaping Design အတိုင်း အပိုင်းလိုက် စနစ်တကျဆောင်ရွက်ရန်၊ အများပြည်သူကျန်းမာရေးအတွက်
လမ်းလျှောက်နိုင်သည့် လျှောက်လမ်းများ၊ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ရန် ပစ္စည်းများနှင့်
ကလေးကစားကွင်းများ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment