နေပြည်တော် ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသို့
သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊ ငလျင်ဒဏ်ကြောင့်
ထိခိုက်ခဲ့သည့် ကျောင်းဆောင်၊ စာသင်ဆောင်များကို အဆင့်အလိုက် ဆက်လက် ဆောင်ရွက်ထားမှုအခြေအနေများ၊
ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို
ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊
အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့
သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုများကို
ကြည့်ရှုအားပေးကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
ချမ်းအေးသာစံမြို့နယ် UNITY ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍
ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍
တာဝန်ရှိသူများအား မိမိတို့တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ စီမံဆိုင်ရာ၊
သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ရန်တို့ကိုမှာကြားကာ
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့်
စာမေးပွဲတွင် စစ်ကိုင်းဒေသကြီးရှိ ၉ ခရိုင်၊ ၁၃ မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း ၂၅
ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၂၀၅ ဦး စာရင်းပေးသွင်းကြပြီး ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို
၈၀၄၀ ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၉၉ ရာခိုင်နှုန်းရှိပြီး မန္တလေးတိုင်းဒေသကြီးရှိ
၁၀ ခရိုင်၊ ၂၅ မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း ၁၀၁ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း
၃၄၂၄၁ ဦး စာရင်းပေးသွင်းကြပြီး ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ၃၃၇၆၁ ဦး ၀င်ရောက်ဖြေဆိုကြရာ
ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၀ ရာခိုင်နှုန်း ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲ
စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာန စုစုပေါင်း ၁၉၅ ခုတို့၌
စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၇၈၉ ဦး ဝင်ရောက်ဖြေဆိုကြရာ
ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment