ရန်ကုန် ဇွန် ၁၉
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုရန်အတွက် ပျူခေတ် ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်ကြီးများ၊ အကြံ ပေးပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ပညာရှင်များ၊ ပျူခေတ်သုတေသနတူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင်
ဒုတိယဝန်ကြီးက ဌာနမှ မျိုးဆက်သစ်ဝန်ထမ်းများနှင့် ပြင်ပပညာရှင်များက သုတေသနပြုလေ့လာတွေ့ရှိချက်များကို
တင်ပြဆွေးနွေးမည်ဖြစ်သည့်အတွက် ကြွရောက်လာသူ များက ဖြည့်စွက်ဆွေးနွေးပြင်ဆင်ပေးနိုင်ကြောင်း၊
ယခုတင်ပြမည့်အကြောင်းအရာများသည် ကွင်းဆင်းတူးဖော်မှု၊ အထောက်အထားလေ့လာမှု၊ ကမ္ပည်းကျောက်စာ
လေ့လာမှုများစသည် ဖြင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များက နယ်ပယ်အလိုက် သေချာစွာ သုတေသနပြုလေ့လာထား
သော အကြောင်းအရာများဖြစ်သည့်အတွက် ယခုရေးသားပြုစုနေသည့် တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်အတွက်
များစွာ အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက
ပျူအက္ခရာနှင့် အသံထွက်၊ ပျူခေတ် ရေအသုံးချ မှုနှင့် ရေစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အထားများ၊
ပုဂံဒေသရှိ ပျူအထောက်အထားများနှင့် ပတ်သက်၍ သုတေသနပြုတွေ့ရှိချက်များ၊ ဗိဿနိုးပျူမြို့ဟောင်းအတွင်းရှိ
သုတေသနပြုမှုဆိုင်ရာ နှောင်းတွေ့ အထောက်အထားများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများရှိ
တူးဖော်မှု ကုန်းများမှ အုတ်နမူနာများ၏ မီးဖုတ်သည့်အပူချိန်ကို နှိုင်းယှဉ်သုတေသနပြုတွေ့ရှိချက်များ၊
သရေခေတ္တရာ ပျူမြို့ဟောင်း နန်းတော်ရာအတွင်းမှ အမိုးအုတ်ကြွပ်ပြားများနှင့်ပတ်သက်၍
သုတေသနပြု တွေ့ရှိချက်များ၊ သရေခေတ္တရာ မြို့ဟောင်းအတွင်း၊ အပြင်ရှိ တူးဖော်ပြီးသော
ကုန်းခုနစ် ကုန်းမှ တွေ့ရှိရသော ရွှေထည်နှင့် ငွေထည် ယဉ်ကျေးမှုအနုလက်ရာ များ၊ ပျူအက္ခရာနှင့်
အသံထွက်စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြရာ ပညာရှင်ကြီးများနှင့် တက်ရောက်လာသူများက
သိရှိလိုသည်များနှင့် ထပ်မံ ဖြည့်စွက်လိုသည်များကို ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက
ပညာရှင်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ
ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment