နေပြည်တော် ဇွန် ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့ ဦးဆောင် သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးအချုပ်ထောင်ကို ဇွန် ၁၈ ရက်တွင်လည်းကောင်း၊ ညောင်ရွှေအကျဉ်းထောင်၊ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၊ ကလောမြို့နယ်ရှိ အောင်ပန်းနယ်မြေရဲစခန်းအချုပ်ခန်းနှင့် ကလောမြို့မရဲစခန်းအချုပ်ခန်းတို့ကို ဇွန် ၁၉ ရက်တွင်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
တောင်ကြီးအချုပ်ထောင်၊ ညောင်ရွှေအကျဉ်းထောင်နှင့် တောင် လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့်
အသက်မွေးမှုအတတ်သင်စခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို
အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော
နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်လိုအပ်သော
အကျဉ်းသား၊ အကျဉ်းသူလူနာများအား ပြည်သူ့ဆေးရုံကြီးများသို့ ပို့ဆောင်ကုသပေးမှု၊ သန့်ရှင်းသော
သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာ
ပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊
ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက် ပေးမှု၊ စာကြည့်တိုက်စီစဉ်ထားရှိမှု၊
အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးနေမှု၊ စာရိတ္တပြုပြင် ပြောင်းလဲပေးမှု၊ လုပ်ငန်းခွင်တွင်
ဘေးအန္တရာယ်ကင်းရှင်းရန် ဆောင်ရွက်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် အကျဉ်းသား
အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းက
လည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ ခွဲခြားဆက်ဆံမှုရှိ၊ မရှိ၊ ယုံကြည်ကိုးကွယ်သည့်ဘာသာ
အလိုက် ဝတ်ပြုကိုးကွယ်နိုင်မှု ရှိ၊ မရှိတို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာတွေ့ဆုံခွင့်တောင်းခံသူ
အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကိုလည်း တွေ့ဆုံမေးမြန်းမှတ်တမ်းတင်သည်။
ထို့နောက် အကျဉ်းသား
အကျဉ်းသူ၊ အချုပ် သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်းများ၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊
စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်များ၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်း၊ အပြင်
မိလ္လာများစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသော
အကျဉ်းသား အကျဉ်းသူများကို သွားရောက်တွေ့ဆုံကာ ဆေးဝါးကုသပေးနေမှုအခြေအနေကို ကြည့်ရှု၍
အားပေး စကားပြောကြားသည်။
အကျဉ်းထောင်၊
အချုပ်ထောင်၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအသီးသီးရှိ အကျဉ်းသားများ
ဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ၊ ရသ၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများကို
လှူဒါန်းခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
အောင်ပန်းနယ်မြေရဲစခန်းအချုပ်ခန်းနှင့် ကလောမြို့မရဲစခန်း အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ်
ရီမန်ကာလ အခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုရှိ၊
မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ တရားရုံး ရုံးထုတ်ချိန်အတွင်း စားသောက်ရေးစီစဉ်ပေးမှု၊
အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုရှိ၊ မရှိ၊
အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများနှင့်
တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံ ပြုပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ
သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment